Home
မြန်မာသတင်း
စင်ကာပူတွင်ဆေးသွားကုခဲ့သည့် ယာယီသမ္မတဦးမြင့်ဆွေ မသက်သာသဖြင့် ဆေးခွင့်ယူထားဟု စစ်ကောင်စီ ထုတ်ပြန်
DVB
·
July 19, 2024
Photo-MOI

ယာယီသမ္မတ ဦးမြင့်ဆွေဟာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေတာကြောင့် ဆေးခွင့်နဲ့  နေအိမ်မှာ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေရတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇူလိုင် ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေဟာ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ လှုပ်ရှားရာမှာ တုန့်နှေးတာ အစားအသောက်နည်းတာ စတင်ခံစားခဲ့ရလို့ အထူးကုပါရဂူကြီးတွေ ပါဝင်တဲ့ ဆေးကုသမှုအဖွဲ့နဲ့  ပုံမှန်ဆေးကုသမှု ခံယူခဲ့ရတာလို့ဆိုပါတယ်။ 

ကျန်းမာရေး စစ်ဆေးစမ်းသပ်ချက်တွေအရ အာရုံကြောတွေ နှေးကွေးတုန့်ဆိုင်းတဲ့ရောဂါနဲ့ ဆက်စပ်တဲ့ အာရုံကြောအားနည်းရောဂါတွေ ခံစားနေရလို့ အခုနှစ် ဧပြီ ၁၅ ရက်မှ ၁၉ ရက်အထိ  စင်ကာပူနိုင်ငံ၊ Mount Elizabeth Medical Centre  မှာတက်ရောက်ဆေးကုသမှု ခံယူခဲ့ရသလို မေ ၂၇ ရက်ကနေ ဇွန် ၁၈ ရက်အထိ အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) မှာ ဆေးကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။

ဒီကာလအတွင်း ယာယီသမ္မတ ဦးမြင့်ဆွေရဲ့  မျက်စိ အတွင်းတိမ် ခွဲစိတ်ကုသခဲ့ရာမှာ အမြင်အာရုံ ပြန်လည်ကောင်းမွန်လာခဲ့ပေမဲ့ အာရုံကြော အားနည်းရောဂါကို ဆက်လက်ခံစားနေရလို့ ဇွန် ၁၈ ရက်မှ ဇူလိုင် ၃၀ ရက်အထိ  ဆေးခွင့်ယူပြီး နေအိမ်မှာ အထူးဆေးကုသမှုအဖွဲ့ရဲ့ အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

လက်ရှိအခြေအနေအရ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန် လာခြင်းမရှိသေးဘဲ အစားအသောက်စားတာအပါအဝင် နေ့စဉ် ပုံမှန်သွားလာလှုပ်ရှားမှုကို လုပ်ဆောင်နိုင်မှု မရှိသေးလို့ အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေး‌နေ ရတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နေပြည်တော်စစ်ဆေးရုံနဲ့ နီးစပ်သူတဦးက "၂၀၂၃ နှစ်ကုန်ပိုင်းမှာ နေပြည်တော်စစ်ဆေးရုံးမှာ တက်တယ် မသက်သာဘူး။ ၂၀၂၄ ဧပြီလမှာ စင်ကာပူမှာသွားကုတယ်။ လေးရက်ကြာတယ်၊ အဲ့ကပြန်လာပြီး မကြာဘူး စစ်ဆေးရုံမှာထပ်ကုတယ်။ အဲ့ကနေပြန်ဆင်းသွားပြီး အိမ်မှာကုတယ်။ အခုအာရုံကြောရော မျက်စိတိမ်စွဲတာရော ဖြစ်နေတယ်။ တပ်ကအခုမှ ထုတ်ပြန်တာ" လို့ DVB ကိုပြောပါတယ်။

ဇူလိုင်လကုန်ရင် စစ်တပ်အာဏာသိမ်းသက်တမ်း ထပ်ကုန်မှာဖြစ်တဲ့အတွက် ယာယီသမ္မတဦးမြင့်ဆွေ ကျန်းမာရေးမကောင်းဖြစ်နေချိန် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို စစ်ကောင်စီက ဘယ်လိုခေါ်မလဲဆိုတာ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက စိတ်ဝင်စားနေကြပါတယ်။

အာဏာသိမ်း စစ်ကောင်စီနဲ့ပူးပေါင်းခဲ့တဲ့ ဒုသမ္မတ ၂ ဦးထဲမှာ ဦးမြင့်ဆွေက ကျန်းမာရေးမကောင်းသလို ဦးဟင်နရီဗန်ထီးယူကိုလည်း ဧပြီလ ၂၂ ရက်က ကျန်းမာရေးအကြောင်းပြချက်နဲ့ စစ်ခေါင်းဆောင်က အနားပေးခဲ့ပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေဟာ စစ်ကောင်စီအာဏာသိမ်းသက်တမ်းတိုးချိန် ကာလုံအစည်းအဝေးမှာ ပါဝင်တက်ရောက်တာက လွဲလို့ ကျန်တဲ့ အချိန်တွေ လူမြင်ကွင်းမှာ မြင်တွေ့ရလေ့ မရှိသလို စစ်ကောင်စီက ဘာတာဝန်တွေပေးထားပြီး ဘာတာဝန်တွေ ထမ်းဆောင်နေတာမှန်းလည်း ပြည်သူလူထု သိခွင့်မရှိပါဘူး။

စစ်ခေါင်းဆောင်တွေဟာ ကျန်းမာရေးမကောင်းတဲ့အခါ စင်ကာပူနိုင်ငံရှိ နာမည်ကြီး  Mount Elizabeth  ဆေးရုံမှာသွားရောက်ဆေးကုသမှုခံယူလေ့ရှိတာဖြစ်ပြီး စစ်ခေါင်းဆောင်တွေရဲ့   ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး အခုလို ထုတ်ပြန်မှုဟာလည်း ရှားရှားပါးပါး ဖြစ်ပါတယ်။ 

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေဟာ  ယခင်စစ်အစိုးရလက်ထက်က ရန်ကုန်တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး  ၂၀၁၀ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန် အစိုးရလက်ထက်မှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ ဦးတင်အောင်မြင့်ဦး ဒုတိယသမ္မတအဖြစ်မှ နုတ်ထွက်ခဲ့ရာ ဒုတိယသမ္မတအဖြစ် ဦးမြင့်ဆွေကို အဆိုပြုခဲ့ပေမဲ့ သားဖြစ်သူက ဩစတြေးလျနိုင်ငံသား ခံယူထားလို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ  သမ္မတအရည်အချင်းနဲ့ မပြည့်မီလို့ အရွေးမခံခဲ့ရပါဘူး။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး ၂၀၁၆ ခုနှစ် မတ်လမှာတော့ ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေက ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြု တင်မြှောက်ခဲ့လို့ ဒုတိယသမ္မတ (၁) ဖြစ်လာခဲ့ပါတယ်။

၂၀၁၈ ခုနှစ် မတ်လမှာ  အန်အယ်လ်ဒီ သမ္မတ ဦးထင်ကျော်က နုတ်ထွက်သွားလို့ သမ္မတ ဦးဝင်းမြင့်ကို မခန့်အပ်ရသေးတဲ့ အချိန်ကာလ မတ် ၂၁ ရက်မှ မတ်လ ၃၀ ရက်အထိ  ဦးမြင့်ဆွေက ယာယီသမ္မတတာဝန်ယူခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီး သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အစိုးရတဖွဲ့လုံး ဖမ်းဆီးခံရချိန်မှာ  ဦးမြင့်ဆွေဟာ လွှတ်တော်ကလည်း မခန့်အပ်သလို ဘယ်သူကမှ အတည်ပြု မခန့်အပ်ပဲ ယာယီသမ္မတ အဖြစ်ဆောင် ရွက်နေတာ ဖြစ်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013