Home
ဆောင်းပါး
စစ်ကောင်စီအတွက် ဝင်ငွေရလမ်းဖြစ်နေဆဲ အောင်ဘာလေထီ
DVB
·
July 18, 2024
Design-DVB

စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ပြည်သူတွေရဲ့ အစောဆုံး ဆန့်ကျင်သပိတ်မှောက် ခံရတာဟာ စစ်ကောင်စီ ဝင်ငွေရလမ်းတခုဖြစ်တဲ့ အောင်ဘာလေထီ ဖြစ်ပါတယ်။

စစ်ကောင်စီအတွက် ဝင်ငွေ ရပေါက်ရလမ်းတွေကို တားဆီးသပိတ်မှောက်မှု များစွာရှိခဲ့ပေမဲ့ အာဏာသိမ်းစကနေ အခုအထိ ပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ထားနိုင်တဲ့ Boycott တခုလို့ ဆိုရင်လည်း မမှားပါဘူး။

အာဏာမသိမ်းခင်အချိန်အထိ အောက်ဘာလေထီမှာ ပြည်သူတွေရဲ့ မျှော်လင့်ချက်ထားရာ တခုအဖြစ်နဲ့ အောင်ပန်းဆင်နေခဲ့တာပါ။

တလ တလ ထီမထိုးဘူးသူဆိုတာ ရှားတောင့်ရှားပါးဖြစ်ပြီး ထီလက်မှတ်ကိုကိုင်ပြီး စိတ်ကူးတွေ များစွာယဥ်ခဲ့ကြဖူးပါတယ်။

အဲဒါကြောင့် အာဏာမသိမ်းခင်ကဆို အက္ခရာတလုံးကို ထီစောင်ရေ ၉ သိန်းနီးပါးရှိတဲ့ တလကို အောင်ဘာလေထီအက္ခရာ အလုံး ၄၀ ကျော်အထိ ရိုက်ထုတ်ရောင်းချနိုင်တဲ့အထိ အားပေးကြမ်းခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်မှာ ပြည်သူတွေရဲ့ အမုန်းတရားနဲ့ သပိတ်မှောက်ခဲ့ရာမှာတော့ အောင်ဘာလေထီဈေးကွက် ဇောက်ထိုးကျဆင်းသွားခဲ့ရပါတယ်။

၂၀၂၁ အတွင်းမှာ အောင်ဘာလေထီအနေနဲ့ တလကို အက္ခရာ ၃ လုံးလောက်ပဲ ရောင်းကုန်တော့တဲ့ အခြေအနေအထိ ဆိုးဆိုးရွားရွား ကြုံခဲ့ရတာပါ။

ထီဆိုင်အများစု အရောင်းရပ်လိုက်ရပြီး ဆိုင်တချို့ကတော့ ပြည်သူနဲ့ပူးပေါင်းတဲ့အနေနဲ့ လုပ်ငန်းဆက်မလုပ်ဆောင်ဘဲ ပါဝင်သပိတ်မှောက်ခဲ့ကြပါတယ်။

အဲဒီလို ထီရောင်းအား ထိုးကျသွားတာကြောင့် စစ်ကောင်စီအနေနဲ့ ထီဆုကြေးတွေကိုလည်း အရင်လို မပေးနိုင်တော့လို့ အမြင့်ဆုံး ကျပ်သိန်း ၁၅,၀၀၀ ကို ကျပ်သိန်း ၅,၀၀၀ အထိ လျှော့ချလိုက်ရသလို တခြားဆုတွေပါ လျှော့လိုက်ရတဲ့အထိ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပါတယ်။

“အာဏာသိမ်းတဲ့ ပထမနှစ်မှာကို အောင်ဘာလေထီက ဆက်ထုတ်မရလောက်တဲ့ အခြေအနေ နီးပါးအထိကို ဖြစ်သွားခဲ့တာ။ ထီလောကသမိုင်းမှာ အဆိုးဆုံး အနေအထားကို ဖြစ်သွားတယ်” လို့ ထီကိုယ်စားလှယ်ဟောင်းတဦးက ပြောပါတယ်။

အဲဒီလို အောင်ဘာလေထီစျေးကွက် ထိုးကျသွားတာကို စစ်ကောင်စီအနေနဲ့ ကုစားဖို့အတွက် အမြန်လုပ်ဆောင်ခဲ့ပါတယ်။

အဲဒါက ထီကိုယ်စားလှယ်တွေကို စာရင်းပေးထားတဲ့အတိုင်း မဖြစ်မနေ ထုတ်ယူရောင်းချဖို့နဲ့ စစ်သားမိသားစုတွေ၊ Non CDM တွေကို လစဥ်ထီထိုးဖို့ ဖိအားပေး စေခိုင်းခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အွန်လိုင်းထီဆိုပြီး စနစ်သစ်တခုကို ပူးတွဲအကောင်အထည်ဖော်ကာ အရောင်းမြှင့်တင်နိုင်ရေး ဆွဲဆောင်မှုတရပ် လုပ်ခဲ့ပါသေးတယ်။

စစ်ကောင်စီရဲ့ အဲဒီလို ကုစားဖြေရှင်းမှုက အောင်ဘာလေထီလုပ်ငန်း ပျက်သုန်းမယ့် အခြေအနေကနေ ရှောင်လွှဲနိုင်ခဲ့ပါတယ်။

“အချိန်မီ သူတို့ ထိန်းလိုက်တာ၊ အရင်စျေးကွက်အခြေအနေ ပြန်မရောက်တောင် အနေအထားတခုကို သူတို့(စကစ) ဆက်ရထားတယ်” လို့ ထီလောကသားတဦးက မှတ်ချက်ပြုပါတယ်။

လက်ရှိမှာ စစ်ကောင်စီအနေနဲ့ တလကို ထီအက္ခရာ ၉ လုံး ရောင်းရတဲ့ အခြေအနေရှိနေပြီး အဲဒီရောင်းချရမှုကနေ လစဥ် ကျပ်သန်း ၁,၇၀၀ လောက် ဝင်ငွေဆက်လက်ရရှိနေပါတယ်။

ဇွန်လအတွင်း အောင်ဘာလေထီ ရောင်းချခဲ့တဲ့ စာရင်းမှာ အက္ခရာ ၉ လုံး ရောင်းရာကနေ ရောင်းရငွေ ကျပ်သန်း ၅,၅၂၂ ကျော်ရှိပြီး ဆုငွေ ကျပ်သန်း ၃,၈၆၅ ကျော် ထုတ်ပေးခဲ့တာကြောင့် ကျန်ငွေက စစ်ကောင်စီလက်ထဲ ရောက်ရှိသွားတာပါ။

အာဏာသိမ်းပြီးနောက်မှာ အက္ခရာ ၃ လုံးလောက်သာ ရောင်းချနိုင်ခဲ့တဲ့ အခြေအနေကနေ အခု သုံးနှစ်ကျော်ကာလမှာ အက္ခရာ ၉ လုံးအထိ ပြန်ရောက်လာတာ ပြည်သူတွေအတွက် ကောင်းတဲ့လက္ခဏာတော့ ဟုတ်မနေပါဘူး။

ပြည်သူအများစုက ​စစ်ကောင်စီ ဝင်ငွေရလမ်းကို ဆက်လက် သပိတ်မှောက်ထားပေမဲ့ နှစ်ကာလကြာလာချိန်မှာ ထီပြန်ထိုးလာသူ အနည်းငယ် ပြန်ရှိလာတဲ့ အခြေအနေ တွေ့ရှိရတယ်လို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းက ဆို​ပါတယ်။

“တခါတလေပါ‌လေဆိုပြီး ထိုးတဲ့သူ၊ ငါတယောက်ထိုးလို့ မသိသာပါဘူး ဆိုတဲ့သူတွေ ပေါ်လာတာ တွေ့ရတယ်။ ဒါကတော့ ကဏ္ဍတိုင်းမှာရှိတယ်။ ကိုယ်ထိုးလိုက်တဲ့ ထီလက်မှတ်ဖိုးငွေက စစ်ကောင်စီအိတ်ကပ်ထဲ တန်းရောက်သွားတာကို သတိချပ်သင့်တယ်” လို့ ထီအရောင်းဆိုင် ဖွင့်လှစ်ခဲ့ဖူးသူတဦးက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ အောင်ဘာလေထီဟာ ဆက်ပြီး ရပ်တည်ထားနိုင်ပေမဲ့ အရောင်းစျေးကွက်ကတော့ ကျဥ်းသွားတယ်လို့လည်း ထီလောကအသိုင်းအဝိုင်းက ဆိုပါတယ်။

အောင်ဘာလေထီ အရောင်းစျေးကွက်ကို အရင်က ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေက ဦးဆောင်ခဲ့ပေမဲ့ လက်ရှိမှာ နေပြည်တော်စျေးကွက်တခုပဲ လောက်လောက်လားလားရှိပြီး မဖြစ်မနေ ဖိအားနဲ့ ထိုးရတဲ့သူတွေပြီးရင် အရပ်သားထီထိုးသူတွေက အသက်ကြီးပိုင်း ပုဂ္ဂိုလ်တွေပဲ ဖြစ်တယ်လို့ သူတို့ကပြောပါတယ်။

“လူငယ်တွေရဲ့ အားပေးမှုက ပျက်သွားပြီ။ အဲဒါကြောင့်လည်း အွန်လိုင်းထီက အလုပ်မဖြစ်တာ၊ အွန်လိုင်းသုံး ကျွမ်းကျင်တာက လူငယ်တွေဖြစ်နေတာလေ” လို့ ထီလောကသားတဦးက ပြောပါတယ်။

စစ်ကောင်စီက အောင်ဘာလေထီကို ထိန်းချုပ်ရောင်းချပြီး ဝင်ငွေရှာနေသလို တဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နွေဦးထီဆိုပြီး အွန်းလိုင်းစနစ်နဲ့ ရောင်းချ ဖွင့်လှစ်နေတာ ရှိပါတယ်။

NUG ရဲ့ အွန်လိုင်းထီဟာ အောင်ဘာလေအွန်လိုင်းထီထက် များစွာအချိန်စောပြီး ဖွင့်လှစ်ခဲ့တာပါ။

အွန်လိုင်းစနစ် နွေဦးထီကို ၂၀၂၁ သြဂုတ်လမှာ စတင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ထီလည်း ဖြစ်ပါတယ်။

နွေဦးထီရဲ့ ရောင်းချရမှု အခြေအနေကို ကြည့်ရင် နောက်ဆုံးစာရင်းဖြစ်တဲ့ ဇွန်လက ထီလက်မှတ်စောင်ရေ ၁၃၀,၀၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။

ထီလက်မှတ်တစောင်ကို ကျပ် ၂,၀၀၀ နဲ့ ရောင်းတာဖြစ်လို့ ရောင်းရငွေမှာ ကျပ်သိန်း ၂,၆၀၀ နီးပါး ရှိပါတယ်။

စစ်ကောင်စီက ကျားကန်ရောင်းချနေရတဲ့ အောင်ဘာလေထီရဲ့ တလရောင်းအား ကျပ် ၅,၅၂၂ သန်းကျော်နဲ့ယှဥ်ရင် ကွာဟချက်များစွာနဲ့ နည်းပါးနေတာ တွေ့ရပါတယ်။

ဒါ့အပြင် ထီရောင်းရငွေထဲက ဆုငွေပြန်ခွဲပေးရတာ ရှိသေး​ပေမဲ့ နွေဦးထီဆုပေါက်သူ အများစုက NUG ကို ပြန်လှူတာဖြစ်လို့ ထီလက်မှတ်ရောင်းရငွေ အားလုံးရသည့်တိုင် အောင်ဘာလေထီထက် နည်းပါးနေပါတယ်။

နွေဦးထီရဲ့ အားသာချက်က အွန်လိုင်းကနေ ရောင်းတာဖြစ်လို့ နိုင်ငံစုံကနေ ဝယ်ယူလို့ရနေပေမဲ့ ဝယ်ယူတဲ့စာရင်းမှာ ပြည်တွင်းက အများဆုံး ဖြစ်နေတာလည်း တွေ့ရပါတယ်။

ပုံနှိပ်ထီကိုပဲ အားထားရောင်းချနေရတဲ့ အောင်ဘာလေထီ အနေနဲ့က တချိန်ကလို အက္ခရာအလုံးရေ ၄၀ ရောင်းရတဲ့ အခြေအနေ မဟုတ်တောင် တလကို ကျပ်သန်း ၁,၇၀၀ လောက် ပိုင်ဆိုင်ခွင့် ရရှိနေပါတယ်။

ဒီလိုအခြေအနေအရ စစ်ကောင်စီရဲ့ အောင်ဘာလေထီကို ဝင်ငွေပြတ်တောက်ဖို့ ထပ်ပြီး စည်းရုံးဖို့လိုသလို တော်လှန်ရေးအတွက် ပိုအားစိုက်တဲ့အနေနဲ့ နွေဦးထီကို ဝန်းရံအားပေးတဲ့ အရှိန်မြှင့်ဖို့ ​လိုနေတာကို မီးမောင်းထိုးပြနေပါတယ်။

“ကိုယ်တိုင်ကတော့ နွေဦးထီကို ပုံမှန်ထိုးဖြစ်တယ်။ အသိ မိတ်ဆွေတွေထဲမှာတော့ သိပ်မတွေ့ရဘူး။ စိတ်တစား ပါဝင်လာအောင် လှုံ့ဆော်တာတွေ ပိုလုပ်သင့်တယ်လို့ မြင်တယ်” လို့ ရန်ကုန်မြို့မှ စစ်အာဏာရှင်တော်လှန်ရေးအတွက် ထောက်ပံ့ပါဝင်နေသူတဦးက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီအနေနဲ့ အာဏာဆက်လက်ဆုပ်ကိုင်ထားနိုင်ဖို့ ဘဏ္ဍာရေးပြဿနာ ရှိနေပြီး နည်းမျိုးစုံနဲ့ ဝင်ငွေရရှိဖို့ ကြိုးစားနေရပါတယ်။

အဲဒီလို စစ်ကောင်စီ ဝင်ငွေပုံမှန်ရရှိရေးမှာ အောင်ဘာလေထီဟာလည်း ဒေါက်တိုင်တခုအနေနဲ့ ဆက်ရှိနေသေးတာကြောင့် ဆက်လက်ဆန့်ကျင်မှုတွေ လုပ်သွားဖို့ လိုနေပါတယ်။

မင်းမခ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024