Home
မြန်မာသတင်း
မြန်မာ့စီးပွားရေးဘဏ်နှင့် MOGE တို့ကို ပိတ်ဆို့ဒဏ်ခတ်ရန် NGO အဖွဲ့  ၂၄၀ တောင်းဆို
DVB
·
July 17, 2024
Photo-MOI

မြန်မာ့စီးပွားရေးဘဏ် (MEB)၊  အပါအဝင် စစ်အုပ်စုအတွက် ဘဏ္ဍာငွေအရင်းအမြစ် ရှာဖွေပေးနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ မြန်မာနဲ့ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၄၀ က ပူးတွဲ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြတဲ့ အဖွဲ့အစည်းတွေထဲမှာတော့ Burma Campaign နဲ့ Progressive Voice (PV) အဖွဲ့တွေ ပါဝင်ပြီး အာဏာသိမ်းဖို့ ကြိုးစားချိန်ကတည်းက စစ်အုပ်စုဟာ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေ၊ အထူးသဖြင့် နိုင်ငံပိုင်ဘဏ်တွေ၊ မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတွေက ဝင်ငွေတွေကို အသုံးပြုပြီး လက်နက်တွေ၊ လေယာဉ်ဆီ ဝယ်ယူနိုင်တာတွေ စတဲ့ နိုင်ငံတကာက ဘဏ္ဍာရေးစနစ်တွေကို အသုံးပြုခွင့် ရရှိနေတာက စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ငွေကြေးအရ ထောက်ပံ့နေတာပဲဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်ကတည်းက အရပ်သား ပြည်သူ ၅,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ဒီကာလတွေအတွင်း စစ်ရေးပဋိပက္ခတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ပြည်သူ ၃ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဗော်လ်ကာတာ့ခ်က လူ့အခွင့်အရေးကောင်စီမှာ ပြီးခဲ့တဲ့လကတင်သွင်းတဲ့ အစီရင်ခံစာထဲမှာ “စစ်အုပ်စုရဲ့ ခေါင်းဖြတ်သတ်တာလို ညဉ့်နက်သန်းခေါင် ဒရုန်းနဲ့ တိုက်ခိုက်တာတွေလို ကြောက်မက်ဖွယ်ရာ စစ်ပွဲနည်းဗျူဟာတွေကို ကြားနေရတဲ့အကြောင်း” ထည့်သွင်းပြောကြားခဲ့ပြီး အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တိုးမြှင့် လုပ်ဆောင်လာနေတယ်လို့လည်း ဖော်ပြပါတယ်။

ဥရောပသမဂ္ဂ (EU) အနေနဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဖေဖော်ဝါရီ ၂၁ ရက်က ပိတ်ဆို့အရေးယူခဲ့ကာ အနည်းဆုံး ကန်ဒေါ်လာ သန်း ၅၀၀ ဖိုးလောက် ဖြတ်တောက်ခဲ့ပေမဲ့ တရုတ်နိုင်ငံကို ဓာတ်ငွေ့တင်ပို့မှုကတော့ မရပ်တန့်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

အမေရိကန်အစိုးရကလည်း MOGE နဲ့ PTT Group ကို တစိတ်တပိုင်း ပိတ်ဆို့အရေးယူထားပေမဲ့ ထိုင်းအစိုးရပိုင် ရုပ်ကြွင်းလောင်စာလုပ်ငန်းစုဟာ မြန်မာစစ်အုပ်စု ထိန်းချုပ်ထားတဲ့ MOGE အကောင့်တွေထဲ လစဉ် သဘာဝဓာတ်ငွေ့ ၀င်ငွေ သန်းဆယ်ချီကို ဆက်လက်ပေးဆောင်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ဇွန် ၂၁ ရက်မှာ အမေရိကန်နိုင်ငံက နိုင်ငံပိုင် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူဖို့ မြန်မာအရပ်ဘက် အဖွဲ့အစည်းတွေဆီက တောင်းဆိုချက်တွေကို သတိပြုမိလာခဲ့သလို အဆိုပါဘဏ်တွေကို အရေးယူ ပိတ်ဆို့မှုတွေက ရှေ့ဆက်တိုးနိုင်မယ့် ခြေလှမ်းတရပ်ဖြစ်ပေမဲ့ စစ်အုပ်စုက မြန်မာ့စီးပွားရေးဘဏ် (MEB) နဲ့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (MADB) တွေကို ပြောင်းလဲ အသုံးပြုသွားနိုင်ခြေ ရှိလာနိုင်တယ်လို့လည်း ဖော်ပြပါတယ်။ 

ဇွန် ၂၆ ရက်က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာတော့ နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်ချက်တွေက စစ်အုပ်စုရဲ့ ထောက်ပံ့ရေးကွင်းဆက်တွေကို ထိထိရောက်ရောက် နှောင့်ယှက်နိုင်သလို စစ်အုပ်စုရဲ့ ဘဏ္ဍာရေးနှစ် ၂၀၂၂ ကနေ ၂၀၂၃ ခုနှစ်အထိ စစ်ဘက်ဆိုင်ရာ ဝယ်ယူမှုမှာ ၃၃ ရာခိုင်နှုန်း ကျဆင်းသွားပြီး စင်ကာပူနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေနဲ့ စင်ကာပူ ဘဏ်တွေဘက်က ပံ့ပိုးပေးတဲ့ စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှု ပမာဏဟာလည်း သိသိသာသာ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်အုပ်စုက ပိတ်ဆို့အရေးယူမှုတွေကြားက ယိုပေါက်တွေကို အသုံးပြုကာ သူတို့လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့အတွက် လမ်းဖွင့်ထားတဲ့ နိုင်ငံတွေဆီ ပြောင်းရွှေ့ဝယ်ယူနေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စင်ကာပူဘဏ်တွေ အနေနဲ့ စစ်အုပ်စုနဲ့ ပတ်သက်မှုကို ဖြတ်တောက်တာနဲ့ တပြိုင်နက် ထိုင်းဘဏ်တွေက အဆိုပါကွက်လပ်ကို အစားထိုးဖြည့်ဆည်းလာခဲ့ပြီး အထူးသဖြင့် SCB ဘဏ်က ၂၀၂၂ ဘဏ္ဍာနှစ်မှာ မြန်မာစစ်တပ်ရဲ့ ဝယ်ယူမှုတွေနဲ့ ပတ်သက်တဲ့ ငွေလွှဲပြောင်းမှုကို အမေရိကန်ဒေါ်လာ ၅ သန်းကျော်သာ လုပ်ဆောင်ခဲ့ပေမဲ့ ၂၀၂၃ ဘဏ္ဍာနှစ်မှာတော့ သန်း ၁၀၀ ကျော်အထိ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လတ်တလောမှာတော့ မြန်မာစီးပွားရေးဘဏ် (MEB) က စစ်လက်နက်တွေ ဝယ်ယူရေးမှာ နိုင်ငံတကာ ငွေကြေးဝန်ဆောင်မှုတွေ အသုံးပြုနိုင်ဖို့အတွက် စစ်အုပ်စုအတွက် အဓိကဆောင်ရွက်ပေးတဲ့ လမ်းကြောင်းဖြစ်လာတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။

ကုလလုံခြုံရေး ကောင်စီ၊ ယူကေနဲ့  ဥရောပသမဂ္ဂတို့အပါအဝင် အဖွဲ့ဝင်နိုင်ငံ တနိုင်ငံ ချင်းအနေနဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)၊ မြန်မာ့စီးပွားရေးဘဏ် (MEB) နဲ့ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB)တွေကို အရေးယူ ပိတ်ဆို့မှုပြုလုပ်ခြင်းနဲ့ ဥရောပသမဂ္ဂရဲ့ MOGE အရေးယူပိတ်ဆို့မှု ဦးဆောင်မှုနောက်ကို လိုက်ပါလုပ်ဆောင်စေလိုတယ်လို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် PTT အုပ်စုနဲ့ ထိုင်းဘဏ်တွေရဲ့ မြန်မာစစ်အုပ်စုကို ကျောထောက်နောက်ခံ ပြုထားပေးမှုကို ခွင့်ပြုထားတဲ့ ထိုင်းအစိုးရ မူဝါဒကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ကိုင်တွယ်ဖြေရှင်းဖို့လည်း ပြောလိုက်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013