Home
မြန်မာသတင်း
လူ့အခွင့်အရေး လေးစားလိုက်နာရန်နှင့် အကြမ်းဖက်မှုများ ရပ်တန့်ရန် စစ်ကောင်စီကို ၃၇ နိုင်ငံ တောင်းဆို 
DVB
·
July 16, 2024
Photo- EU

မြန်မာစစ်ကောင်စီအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေနဲ့ လူ့အခွင့်အရေး ဥပဒေတွေကို လေးစားလိုက်နာပြီး အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ သက်ဆိုင်ရာအဖွဲ့တွေအားလုံး အကြမ်းဖက်မှုတွေ လျော့ဖို့  ဥရောပသမဂ္ဂ (EU) အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၃၇ နိုင်ငံက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ  ဥရောပသမဂ္ဂကိုယ်စားလှယ်ရုံးက ဇူလိုင် ၁၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။   

အဖွဲ့ဝင်နိုင်ငံပေါင်း ၂၇ နိုင်ငံနဲ့ တခြားမိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ယူကေ၊ အယ်လ်ဘေးနီးယား၊ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ တူရကီနဲ့  ယူကရိန်းတို့ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေက အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ဇူလိုင် ၁၅ ရက်က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပြီး ပူးတွဲထုတ်ပြန် တောင်းဆိုလိုက်တာပါ။

ပူးတွဲထုတ်ပြန်ချက်ထဲမှာတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ပိုမိုနက်ရှိုင်းလာနေတဲ့ မြန်မာနိုင်ငံတဝန်း အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ ဥပဒေနဲ့ လူ့အခွင့်အရေးဥပဒေတွေကို ချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေ အရှိန်မြင့်တက်လာမှုအပေါ် နက်ရှိုင်းစွာ စိုးရိမ်ပူပန်မိကြောင်း ဖော်ပြထားပါတယ်။ 

ဒါ့အပြင် မြန်မာစစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာအများစုပါဝင်တဲ့ ဒေသတွင်း နေရပ်စွန့်ခွာထွက်ပြေးသူတွေရှိတဲ့ IDP စခန်းမှာ နေထိုင်သူတွေကို လူသားတံတိုင်းအဖြစ် အသုံးချနိုင်ဖို့ ရည်ရွည်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြောင်း၊ ဒီလို IDP စခန်းတွေကို စစ်အခြေစိုက်စခန်းတွေအဖြစ် အသုံးပြုနိုင်ရေး လုပ်ဆောင်ချက်တွေနဲ့ IDP စခန်းတွေဝန်းကျင်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတဲ့သတင်းတွေနဲ့ ပတ်သက်ပြီးလည်း စိုးရိမ်မိကြောင်း ဖော်ပြထားပါတယ်။

ဒါတင်မက ကလေးငယ်တွေအပါအဝင် အရွယ်ရောက်ပြီးသူတွေကို မြန်မာစစ်ကောင်စီရဲ့ အတင်းအဓမ္မ လူသစ်စုဆောင်းမှုနဲ့ ပတ်သက်ပြီးလည်း ယုံကြည်စိတ်ချရတဲ့ အစီရင်ခံစာတွေ ရရှိထားကြောင်းနဲ့ စစ်ကောင်စီရဲ့ အခုလို လုပ်ရပ်ကြောင့် လူမျိုးစု တိုင်းရင်းသားတွေအကြား တင်းမာမှုတွေ ပိုမိုမြင့်တက်စေနိုင်သလို လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေကိုလည်း ပိုမိုဆိုးဝါးသွားစေတယ်လို့ ဆိုပါတယ်။

အရပ်သားပြည်သူတွေနဲ့ အရပ်သားပြည်သူတွေရှိရာ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လူမှုကူညီရေး အလုပ်သမားတွေနဲ့ အဆောက်အအုံတွေကို တိုက်ခိုက်တာ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရရှိရေးအပေါ် ကန့်သတ်တာတွေ အပါအဝင် မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်တွေနဲ့ တခြားချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေ တသီတတန်းကြီး ထွက်ပေါ်လာပြီးတဲ့ နောက်မှာ အခုလို ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

တိုင်းရင်းသား လူနည်းစုတွေ၊ ကလေးငယ်တွေ၊ အမျိုးသမီးတွေအပါအဝင် လိုအပ်နေသူအားလုံး လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ အပြည့်အဝ အချိန်မီ လျှင်မြန်စွာ ရရှိ‌အောင် လုပ်ဆောင်သွားဖို့ကိုလည်း ကမ္ဘာ့နိုင်ငံတွေက ထပ်လောင်းတောင်းဆိုထား ပါတယ်။

နောက်ပြီး မြန်မာ့အရေး ဖြေရှင်းရေးမှာ အာဆီယံဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေမှုနဲ့ ဂျူလီဘစ်ရှော့ပ်ကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်မှုအပေါ် အပြည့်အဝ ထောက်ခံကြောင်းနဲ့ ၂၀၂၂ ခုနှစ်မှာချမှတ်ခဲ့တဲ့  ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို  အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်သွားရေးနဲ့ မြန်မာအရေးကို  ငြိမ်းချမ်းစွာ အဖြေရှာနိုင်ဖို့အတွက် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးတွေ ပြုလုပ်သွားရေး စတဲ့အချက်တွေကိုလည်း  ပူးတွဲထုတ်ပြန်ချက်မှာ ထည့်သွင်း တောင်းဆိုထား ပါတယ်။

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အကြမ်းဖက် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူလူထုအပေါ် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအကူလိုအပ်သူ အရေအတွက်ဟာ ၁ သန်းကနေ  ၁၈ ဒသမ ၆ သန်းအထိ မြင့်တက်ခဲ့ပြီး နောက်ထပ် လူပေါင်း  ၂ ဒသမ ၉ သန်းကျော် နေရပ်စွန့်ခွာခဲ့ရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ ဘက်မလိုက်ရေးအခြေခံမူတွေကို လိုက်နာဆောင်ရွက်ဖို့  စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁၅ ရက်မှာ ထုတ်ပြန် တောင်းဆိုထားပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013