Home
ဆောင်းပါး
အမြစ်ကျွတ်အဆိပ်ပင် - စစ်ပလ္လင်ကို ကျားထောက်ကန်သူတိုင်းအား ဆန့်ကျင်ကြ
DVB
·
July 22, 2024
ArticleMinKaungChitt_22072024

တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို မစွက်ဖက်ဘူးလို့ အသံကောင်းဟစ်လေ့ရှိတဲ့ တရုတ်အာဏာရှင် ရှီကျင့်ဖျင်နဲ့ ပေါ်လစ်ဗျူရိုအဖွဲ့က မြန်မာပြည်သူတွေကို ကိုယ်စားမပြုတဲ့မပြင် လူထုကလက်မခံ၊ မကြိုက်နှစ်သက်ကြဘူးဆိုတာ သိပါလျက်နဲ့ စစ်အာဏာရှင် အိုနာကျိုးကန်းအဖွဲ့ထဲက ပျော့ပျော့နဲ့ အလွန်နံတဲ့ ကြောင်ချေးသိန်းစိန်ကို တရုတ်ပြည်ကို လာရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။

ဒါကြောင့် နာဂစ်စစ်ကျွန် အခြေခံဥပဒေကို ရေးသားပြီး ဇွတ်အတည်ပြုလို့ အရှက်မရှိဘဲ ပြိုင်ဘက်မရှိတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရတာမို့ စစ်ဘောင်းဘီချွတ် ချိတ်ပုဆိုးကောက်စွပ်ပြီး ပြည်သူမတင်တဲ့ သမ္မတတက်လုပ်ခဲ့သူ သိန်းစိန်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့တုန်းက တရုတ်ပြည်ကို သွားရောက်ခဲ့ပါတယ်။ “အာဏာဟာ သေနတ်‌ပြောင်းဝမှာတည်တယ်” လို့ဆိုတဲ့ တရုတ်ကွန်မြူနစ် အာဏာရှင် အစေအပါး နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပေကျင်းမြို့ရှိ ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာမှာ သိန်းစိန်နဲ့တွေ့ဆုံလို့ ပေါက်ဖော်မြန်မာ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုခေါင်းစဥ်‌ အကြောင်းပြလို့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးအပေါ် ဝင်ရောက်စွက်ဖက်ခဲ့ပြန်ပါတယ်။

နောက်တခါ ၁၀၂၇ ဒုတိယလှိုင်းအဖြစ် ရှမ်း-မန်းစစ်ဆင်ရေး အရှိန်ပြင်းထန်လာချိန်နဲ့အကိုက် ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့မှာ အာဏာလုစစ်ဓားပြဂိုဏ်း ဒုတိယခေါင်းဆောင် စိုးဝင်းဟာ တရုတ်ပြည်ကို ရောက်ရှိနေပြန်ပါတယ်။ ရှန်းတုန်းပြည်နယ် ချင်းတောင်မြို့မှာ ဇူလိုင် ၈ ရက်နဲ့ ၉ ရက် နှစ်ရက်ကြာကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ရဲ့ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်ကို တက်ရောက်ဖို့ သွားတယ်လို့ အကြောင်းပြတာဟာ ဘယ်နိုင်ငံကမှ လူရာမသွင်းတဲ့ သွေးစွန်းစစ်ဓားပြဂိုဏ်းကို ဖိတ်ကြားတဲ့ တရုတ်အာဏာပိုင်တွေရဲ့ မျိုးတူအာဏာရှင် အချင်းချင်း ရိုင်းပင်းတဲ့ ဗီဇစရိုက်ကို ဖော်ကျူးနေတာပဲ ဖြစ်ပါတယ်။

ပြီးတော့ မြန်မာနိုင်ငံရှိ တရုတ်သံရုံးကတဆင့် ပြည်သူ့သွေးစွန်းလက်တွေနဲ့ လက်ချင်းချိတ် စစ်ဓားပြတပ်လုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် စားဖားလက်ဝေခံ နိုင်ငံရေးပါတီ ၄ ခု ဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP)၊ ရခိုင်ဦးဆောင်ပါတီ (AFP)၊ ပြည်သူ့ပါတီ (PP) နိုင်ငံရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SEDP - ကျားဖြူပါတီ) စတဲ့ပါတီတွေက ကိုယ်စားလှယ်တွေကို ဇူလိုင် ၂၀ ရက်မှ ၂၇ ရက်နေ့အထိ တရုတ်နိုင်ငံခရီးစဥ်အဖြစ် ဖိတ်ကြားခဲ့ပါတယ်။

မြန်မာပြည်သူအများစု အဖက်မလုပ်၊ လူရာမသွင်းတဲ့အပြင် မြန်မာ့နိုင်ငံရေးမှာ အဆုံးအဖြတ် မပေးနိုင်တဲ့ နိုင်ငံရေးပါတီတွေကို ကွက်ပြီး တရုတ်အာဏာပိုင်တွေဟာ သူတို့အကျိုးစီးပွား ပဓာနထားပြီး ယူနန်နဲ့ ချင်ဟိုင်းပြည်နယ် လေ့လာရေး၊ တရုတ်ကျေးလက်ဒေသ ဖွံ့ဖြိုးမှုနဲ့ ခါးပတ်လမ်း စီမံကိန်းအကြောင်းတွေပြသလို့ တရုတ်အာဏာရှင် ရှီကျင့်ဖျင်ရဲ့ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (Belt and Road Initiative–BRI) ထော့ကျိုးဇာတ်သွင်းဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

ဘယ်တုန်းကမှ မြန်မာပြည်သူလူထုအပေါ် စာနာထောက်ထားစိတ်မရှိဘဲ သူတို့အကျိုးစီးပွားအတွက် စစ်အာဏာရှင် လူသတ်ဂိုဏ်း သက်ဆိုးရှည်အောင် ခေတ်အဆက်ဆက်မှာ ပံ့ပိုးကူညီပေးခဲ့ကြတာ ကွန်မြူနစ်အာဏာရှင် ရှီကျင့်ဖျင်နဲ့ တရုတ်အာဏာပိုင်တွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းက ရေနံ၊ သဘာဝဓာတ်ငွေ့၊ သစ်တောထွက်ပစ္စည်းတွေ၊ ကြေးနီ၊ မြေရှားသတ္တု စတဲ့ မြေအောက်သယံဇာတတွေကို ပေါချောင်ကောင်းဈေး၊ သူခိုးဈေးနဲ့ စစ်ဓားပြတွေကတဆင့် ဝယ်ယူကြပြီး မြန်မာပြည်သူတွေကို သတ်ဖြတ်ဖို့ ကုန်ချော လက်နက်ခဲယမ်းမီးကျောက်တွေ၊ အရည်အသွေးနိမ့် လူသုံးကုန်တွေကို ပြန်လည်ရောင်းစားပြီး ထပ်ဆင့် အမြတ်ထုတ်ကြပါတယ်။

အဲဒီလို သိက္ခာမဲ့တဲ့ တရုတ်အာဏာပိုင်တွေအနေနဲ့ မသာအိမ် ဖဲလိမ်ရိုက်သလို စိတ်တိုင်းကျ အမြတ်ဆက်ထုတ်နိုင်ဖို့ဆိုတာ မြန်မာနိုင်ငံမှာ ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းရုံမက အတွေးအခေါ်နဲ့ ဉာဏ်ရည်နိမ့်ကျတဲ့ စစ်အခွင့်ထူးခံ မကောင်းဆိုးဝါးတွေ အာဏာမြဲနေဖို့ လိုအပ်တာလို့ ပေါက်ဖော်အာဏာပိုင်တွေက ယူဆကြပုံရပါတယ်။ ဒါကြောင့်မို့လို့လည်း မြန်မာပြည်သူလူထုက ချုပ်ငြိမ်းစေလိုတဲ့ စစ်အာဏာရှင်စနစ်ဆိုး ပြိုပျက်မသွားအောင် နည်းလမ်းအမျိုးမျိုးနဲ့ ကျားကန်ပေးနေတာ ဖြစ်ပါတယ်။

တရုတ်ပြည်သူတွေအပေါ်မှာကို လူ့အခွင့်အရေး ချိုးဖောက်အုပ်ချုပ်နေတဲ့ တရုတ်အာဏာပိုင်တွေဟာ သူတို့ အမြတ်ထုတ်ခွင့်ရအောင်နဲ့ အမြင်ကျဉ်းမြောင်းတဲ့ လုံခြုံရေးရှုထောင့်နဲ့ စဥ်းစားဟန်တူပါတယ်။ သူတို့ အမြဲတမ်းကျင့်သုံးတဲ့ ရပ်တည်ချက်တွေက မြန်မာနိုင်ငံနဲ့ တိုင်းရင်းသား ပြည်သူတွေအပေါ် အောက်ပါသဘောထားတွေ ရှိတယ်ဆိုတာ ညွှန်ပြနေပါတယ်။

၁။ အရည်အချင်းမရှိတဲ့ ခပ်ညံ့ညံ့ သူခိုး ဓားပြ အစိုးရမျိုးကိုသာ အာဏာရစေချင်တယ်၊

၂။ မြန်မာပြည်သူတွေရဲ့ မတရားမှုကို တော်လှန်တဲ့ရဲတဲ့ စိတ်ဓာတ်ကို အညွန့်ချိုးလိုတယ်၊ တရုတ်ပြည်သူတွေထံ ကူးစက်သွားမှာ စိုးရွံ့တယ်၊

၃။ အမေရိကန်ဩဇာခံ မဖြစ်စေလိုဘဲ သူတို့ထံ ဩဇာခံတဲ့နိုင်ငံပဲ ဖြစ်စေလိုတယ်၊

၄။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်း မြင့်မားတဲ့နိုင်ငံ မဖြစ်စေလိုဘူး၊

၅။ မြန်မာ့သယံဇာတတွေ ရသလောက် အမြတ်ထုတ်ပြီး စီးပွားရေးကိုလိုနီ ပြုချင်တယ်၊

၆။ မြန်မာတိုင်းရင်းသားလူမျိုးအားလုံး မညီညွတ်စေလိုဘူး၊ တိုင်းပြည်ကို ငြိမ်းချမ်းရေး မရ‌စေလိုဘူး။ နိုင်ငံရဲ့ ပြည်တွင်းစစ်ကို ဆက်မီးမွှေးထားပြီး လက်နက်ခဲယမ်းတွေ ရောင်းချ အမြတ်ထုတ်လိုတယ်၊

၇။ ပြည်ထောင်စုစိတ်ဓာတ် အားနည်းတဲ့ တိုင်းရင်းသားနယ်မြေတွေကို သူတို့ရဲ့ ဩဇာခံအဖြစ် သိမ်းသွင်းပြီး မြန်မာနိုင်ငံပိုင်နက်ကို ခွဲထုတ်နိုင်သမျှ ခွဲလိုတယ်၊

၈။ စစ်အကြမ်းဖက်ဂိုဏ်း တရားဝင်ဖြစ်အောင် သူတို့စိုးမိုးနိုင်သေးတဲ့ ပြည်မအချို့ ပြည်နယ်တိုင်းအချို့မှာ ရွေးကောက်ပွဲ ဇွတ်လုပ်ရာမှာ ကူပေးချင်တယ်၊

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် တိုင်းပြည်အာဏာကို လက်နက်အားကိုးနဲ့ လုယူခဲ့တာမို့ ပြည်သူလူထုက တခဲနက် ရရာလက်နက်ဆွဲကိုင်ပြီး ဇွဲနပဲကြီးစွာ တော်လှန်ခဲ့ကြတာမို့  လက်ရှိ စစ်ဓားပြဂိုဏ်းဟာ အဘက်ဘက်မှာ အရေးနိမ့်လို့ အမြစ်ကျွတ် အဆိပ်ပင်တပင်လို ဖြစ်လာခဲ့ချိန် ဖြစ်ပါတယ်။ တနည်းအားဖြင့် တင်စားရရင် နိုင်ငံကို နှစ်ပေါင်း ၇၀ ကျော် မင်းမူသောင်းကျန်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ဆိုးရဲ့ စစ်ပလ္လင်ဟာ အခြေမခိုင် ယိမ်းယိုင်ပြိုလဲလုနီးပြီ ဖြစ်ပါတယ်။

အဲဒီ အမြစ်ကျွတ်အဆိပ်ပင်- စစ်ပလ္လင်ကို ဝိုင်းရံကျားထောက်ကန်ဖို့ ကြိုးစားလာကြတဲ့ ဘမျိုးဘိုးတူ စစ်အာဏာရှင်လိုလား အင်အားစုတွေဖြစ်တဲ့ တရုတ်အာဏာပိုင်တွေ၊ မြန်မာစစ်အာဏာရှင် အိုနာကျိုးကန်းအုပ်စုတွေ၊ လူထုက အဖက်မလုပ်၊ လူရာမသွင်းတဲ့ ပြည်သူ့ချဉ်ဖတ် လုပ်စားနိုင်ငံရေးပါတီတွေဟာ ပြည်တွင်းစစ် ငရဲတွင်းထဲက မြန်မာပြည်သူလူထု ခံစားနေကြရတဲ့ ဆင်းရဲဒုက္ခတွေကို မသိကျိုးကျွံပြုပြီး နယ်မြေမအေးချမ်းဘဲ အများလက်မခံတဲ့ ရွေးကောက်ပွဲကို သူတို့အာဏာရမ္မက်အတွက် အဖြစ်လုပ်ဖို့ စိုင်းပြင်းနေကြတယ်ဆိုတာ အလွန်ယုတ်မာ အောက်တန်းကျလွန်းလှတာမို့ မြန်မာနိုင်ငံသားတိုင်း၊ ပြည်ထောင်စုဝင် တိုင်းရင်းသားတိုင်းက အဲဒီ မကောင်းဆိုးဝါးစစ်ဝါဒ အသက်ဆက်ရေး အဓမ္မရည်မှန်းချက်ဆိုးတွေ၊ မိစ္ဆာအကြံနဲ့ အားထုတ်မှုတွေကို အပြင်းထန်ဆုံး ဆန့်ကျင်တွန်းလှန်ကြဖို့ လိုပါကြောင်း လေးနက်စွာ သတိပေး တိုက်တွန်းလိုက်ရပါတယ်။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024