Home
နိုင်ငံတကာ
ဘန်ကောက်တွင် မြန်မာအမျိုးသား ၁ ဦး ဓားထိုးခံရပြီးသေဆုံး 
DVB
·
July 22, 2024
Photo - pptv

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊  ဘန်ကပီနယ်မြေထဲမှာ ဇူလိုင်  ၂၁ ရက် ညနေက မြန်မာအမျိုးသား ၁ ဦး ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ ချနယ်လ် ၈ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။ 

ဘန်ကပီနယ်မြေ ခလောင်းကျန်ရပ်ကွက်ရှိ ဟက်ပီးလဲန်းကုန်တိုက် ယာဉ်ရပ်နားရာနေရာမှာ မနေ့ ညနေ ၅ နာရီခွဲလောက်က လူတဦး ဓားထိုးခံရပြီး ဒဏ်ရာအပြင်းအထန်ရထားကြောင်း အကြောင်းကြားချက်ရတဲ့အတွက် လူနာတင်ယာဉ်နဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ လတ်ဖရောဝ့်နယ်မြေရဲတပ်ဖွဲ့ စခန်းမှူးက သတင်းထောက်တွေကို ပြောပါတယ်။ 

တာဝန်ရှိသူတွေ ရောက်သွားချိန် ဓားထိုးခံရသူမှာ သွေးထွက်လွန်ပြီး သေဆုံးသွားပြီဖြစ်တယ်။ အဲဒီနေရာမှာ ကြိုရောက်နေတဲ့ ဆယမ်လုမ့်ကျိုင် ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးရဲ့ ပြောပြချက်အရ သူတို့ ကယ်ဆယ်ရေးကားဟာ အဆိုပါနေရာအနီး ကားရပ်ထားစဉ် ဒဏ်ရာရလူနာကို အသက်ကယ်ပေးဖို့ လာရောက်အကူအညီတောင်းတာကြောင့် အမြန်သွားပြီး CPR ရှေးဦးသူနာပြု အသက်ကယ်လုပ်ပေးခဲ့တယ်၊ မိနစ် ၄၀ ကြာအောင် CPR  လုပ်ခဲ့ပေမဲ့လည်း သတိပြန်မလည်ဘဲ သေဆုံးသွားခဲ့တယ်လို့ ပြောပါတယ်။ 

သေဆုံးသူမှာ အသက် ၃၄ နှစ်ရွယ်ရှိ Khun Shin Mon ဆိုသူ မြန်မာအမျိုးသားတဦးဖြစ်ကြောင်း၊  သူနဲ့ သူ့သူငယ်ချင်းဟာ ကုန်တိုက်ထဲက ထွက်အလာ ရှပ်အင်္ကျီမီးခိုးရောင်ဝတ်ထားသူ အသက် ၃၀ ကျော်လူတယောက်က ပြေးဝင်လာပြီး သူ့ဆိုင်ကယ်ရှေ့ကနေ ဖြတ်သွားလို့ဆိုကာ ဓား နဲ့လာထိုးတယ်၊  Khun Shin Mon မှာ ဘယ်ဘက်လည်ပင်းနဲ့ ဘယ်ဘက် ရင်ဘတ်မှာ ဓားထိုးရာ ၂ ချက်ရပြီး အစပိုင်းတော့ ဓားထိုးတဲ့လူနောက်ကို ပြေးလိုက်ပြီး ပြန်ထိုးမလို့လုပ်ပေမဲ့ ဒဏ်ရာနဲ့ လဲကျသတိမေ့သွားတယ်လို့  အဖော်ဖြစ်သူက ပြောပါတယ်။ 

ဓားနဲ့လာထိုးသူကို သူ့အနေနဲ့ အရင်က တခါမှမတွေ့ဖူးကြောင်း၊ ဓားထိုးခံရတဲ့ သူ့သူငယ် ချင်းတော့ သိမသိ သူလည်းမသိဘူးလို့ အဖော်ဖြစ်သူက ပြောပါတယ်။ 

Khun Shin Mon ရဲ့ မိန်းမ နဲ့ အမဖြစ်သူလည်း အခင်းဖြစ်တဲ့နေရာကိုလိုက်လာပြီး ဒီမတိုင်ခင်ရှေ့က ရမ်ခမ်းဟိုင်ရှိသူ့သူငယ်ချင်းဆီသွားမယ်ဆိုပြီး ထွက်သွားတယ်၊ သူ့မှာ ဘယ်သူနဲ့မှ ရန်ငြိုးရန်စမရှိခဲ့ဖူးဘူးလို့ ပြောပါတယ်။

ရဲတပ်ဖွဲ့ကလည်း စီစီကင်မရာတွေကနေတဆင့် ဓားထိုးတရားခံကို လိုက်လံရှာဖွေနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

Source: Thai Ch8/ PPTV

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013