အာတိတ်ဒေသအတွင်း တရုတ်ပြည်မကြီးအစိုးရရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေအပေါ် အမေရိကန်က တာဝန်မဲ့ မှတ်ချက်ချတယ်လို့ ပြောရင်း တရုတ်က အမေရိကန်ကို ဇူလိုင် ၂၃ ရက်မှာ ရှုတ်ချခဲ့ပါတယ်။
အာတိတ်ဒေသမှာ ရုရှားနဲ့ တရုတ်တို့ ပိုပြီး ပူးပေါင်းဆောင်ရွက်နေလို့ ဒေသတွင်း တည်ငြိမ်ရေးအပေါ် သက်ရောက်လာနိုင်တယ်လို့ အမေရိကန်စစ်တပ်က ပြောကြားပြီး တရက်အကြာမှာ ခုလို တုံ့ပြန်လိုက်တာပါ။
ဇူလိုင် ၂၂ ရက်မှာ အမေရိကန်ရဲ့ ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ ရုရှားနဲ့ တရုတ်တို့ ပိုနီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေလို့ ဒေသတွင်းညီညွတ်ရေးက စိုးရိမ်စရာ ဖြစ်လာတယ်လို့ ပြောထားပါတယ်။
အမေရိကန်ဟာ တရုတ်နိုင်ငံရဲ့ အာတိတ်မူဝါဒကို လွဲလွဲမှားမှား အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပြီး နိုင်ငံတကာဥပဒေနဲ့အညီ လှုပ်ရှားမှုတွေအပေါ် တာဝန်မဲ့တဲ့မှတ်ချက် ချခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က အင်္ဂါနေ့မှာလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တရုတ်နိုင်ငံက အာတိတ်အရေးမှာ အရေးပါတဲ့ အစုအဖွဲ့တခု ဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကြားမှာ ရုရှားနိုင်ငံဟာ တရုတ်ဆီ ရေနံနဲ့ ဓာတ်ငွေ့ ပိုပြီးပေးပို့နိုင်ဖို့ ကြိုးစားနေတာပါ။
မလက္ကာရေလက်ကြားအပေါ် မှီခိုနေရတာကို လျှော့ချဖို့ ရွေးချယ်စရာ တခြားသင်္ဘောလမ်းကြောင်းကို တရုတ်က ရှာဖွေနေချိန်မှာ တရုတ်နဲ့ ရုရှားတို့ဟာ အာတိတ်သင်္ဘောလမ်းကြောင်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ အတူတကွ ပူးပေါင်းဆောင်ရွက်နေပါတယ်။
Source-Reuters