Home
နိုင်ငံတကာ
အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီ ညွှန်ကြားရေးမှူး  နုတ်ထွက်
DVB
·
July 24, 2024
Photo - Kevin Mohatt/Reuters

မဲဆွယ်စည်းရုံးမှုအတွင်း သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ပ်ကို ဒဏ်ရာရရှိစေတဲ့ လုပ်ကြံသတ်ဖြတ်မှုကို တားဆီးဖို့ ပျက်ကွက်ခဲ့မှုအတွက် အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေး အေဂျင်စီက ပြင်းပြင်းထန်ထန် စိစစ်ခံရပြီးနောက် ဇူလိုင် ၂၃ ရက်မှာ လျှို့ဝှက်ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး ကင်မ်ဘာလေ ချီတဲလ် ရာထူးကနေ နုတ်ထွက်သွားပြီလို့ မီဒီယာတွေက ထုတ်ပြန်ပါတယ်။

လျှို့ဝှက်ထောက်လှမ်းရေးဌာနဟာ လက်ရှိ အမေရိကန်သမ္မတနဲ့ အရင် အမေရိကန် သမ္မတဟောင်းတွေကို ကာကွယ်ရေးအတွက် တာဝန်ရှိတာဖြစ်ပြီး ဇူလိုင် ၁၃ ရက်က သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုဟာ ဆယ်စုနှစ်များစွာအတွင်း လျှို့ဝှက်ထောက်လှမ်းရေး အေဂျင်စီရဲ့ အထူးခြားဆုံး စစ်ဆင်ရေး ပျက်ကွက်မှု ဖြစ်တယ်လို့ အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေး အေဂျင်စီ ညွှန်ကြားရေးမှူး ကင်မ်ဘာလေ ချီတဲလ်က အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီရှေ့မှောက်မှာ ပြောကြားခဲ့ပါတယ်။

ဇူလိုင် ၁၃ ရက်က ပန်ဆယ်လ်ဗေးနီးယားပြည်နယ် ဘတ်တလာမြို့မှာ ပြင်ပလူထုစုဝေးပွဲကို အပေါ်စီးကမြင်ရတဲ့ ခေါင်မိုးကနေ သေနတ်သမားတဦးက ထရမ့်ပ်ကို ပစ်ခတ်နိုင်ခဲ့တာ ဖြစ်ပြီး ကံကောင်းထောက်မစွာ ထရမ့်ပ်ဟာ အသက်ဘေးက လွတ်မြောက်ပြီး ဒဏ်ရာအသေးစားပဲ ရရှိခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ လျှို့ဝှက်ထောက်လှမ်းရေး အေဂျင်စီဟာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး အေဂျင်စီညွှန်ကြားရေးမှူး ကင်မ်ဘာလေ ချီတဲလ်ဟာ အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီ ရှေ့မှောက်မှာ ပါတီ ၂ ဖက်စလုံးက ရှုတ်ချမှုကို ရင်ဆိုင်ခဲ့ရပါတယ်။

ဆန္ဒပြပွဲအတွက် လုံခြုံရေးအစီအစဉ်နဲ့ သေနတ်သမားရဲ့ သံသယဖြစ်ဖွယ် အပြုအမူအပေါ် ဥပဒေစိုးမိုးရေးက တုံ့ပြန်ပုံနဲ့ပတ်သက်ပြီး စိတ်ပျက်နေတဲ့ လွှတ်တော်အမတ်တွေရဲ့ မေးခွန်းတွေကို ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။

ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ် လွှတ်တော်အမတ် အများအပြားက ချီတဲလ်ကို နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

၂၀၂၂ ခုနှစ်ကတည်းက အေဂျင်စီကို ဦးဆောင်ခဲ့တဲ့ ချီတဲလ်ဟာ အဲဒီပစ်ခတ်မှုအတွက် သူ တာဝန်ယူကြောင်း လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ သမ္မတ ရော်နယ်လ်ရေဂင် ၁၉၈၁ ခုနှစ်မှာ ပစ်ခတ်ခံရပြီးနောက်ပိုင်း လျှို့ဝှက်ထောက်လှမ်းရေးဌာနရဲ့ အကြီးမားဆုံး ကျရှုံးမှုလို့ ခေါ်ဆိုခဲ့ပါတယ်။

ရိုက်တာက မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို အေဂျင်စီက ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024