Home
ဆောင်းပါး
အမေရိကန်ဥခွံထဲ ပြန်ဝင်မယ့် ထရမ့်ပ်-ဗန့်စ်
DVB
·
July 21, 2024

ဒီမနက်သတင်းတပုဒ်အရ သမ္မတဂျိုးဘိုင်ဒင်မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတယ်လို့ သိရတယ်။ ရွေးကောက်ပွဲ စည်းရုံးရေးအတွက် လာ့စ်ဗီးဂတ်စ်ကို အသွားမှာ တုပ်ကွေးရောဂါပိုး ကူးစက်ခံထားရတာ တွေ့ရှိရလို့ ခရီးစဉ် ပြန်လှည့်လိုက်ရတယ်။ အသက် ၈၁ နှစ် ရှိပြီဖြစ်တဲ့ ဘိုင်ဒင်ရဲ့ ကျန်းမာရေးအခြေအနေက သိပ်မကောင်းပါဘူး။ ဇွန်လ ၂၇ ရက် စကားစစ်ထိုးပွဲမှာ အလဲလဲအပြိုပြို ဖြစ်ပြီးကတည်းက သူ့ရဲ့ကျန်းမာရေးနဲ့ပတ်သက်လို့ ဒီမိုကရက် ထောက်ခံသူတွေအကြား သံသယ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပြီး ရွေးကောက်ပွဲက နုတ်ထွက်ပေးဖို့အထိ တောင်းဆိုမှုတွေ ရှိလာခဲ့တယ်။

ခုလို ဘိုင်ဒင်တယောက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လို့ အနားယူနေရချိန်မှာ ရီပတ်ဘလစ်ကန်တွေက အကြီးအကျယ် ပွဲတော်ကြီးတရပ် ဆင်နွှဲနေကြတယ်။ ဇူလိုင်လ ၁၅ ရက်ကနေ ၁၈ ရက်အထိ လေးရက်ကြာ ကျင်းပမယ့် ရီပတ်ဘလစ်ကန်ပါတီ ညီလာခံက ဒေါ်နယ်ထရမ့်ပ်ကို သမ္မတလောင်းအဖြစ် အတည်ပြုမှာဖြစ်သလို ဇူလိုင် ၁၅ ရက်မှာ ဂျေဒီ ဗန့်စ်ကို ဒု-သမ္မတလောင်းအဖြစ် အတည်ပြုခဲ့ပြီး ဖြစ်တယ်။ မီဝေါ့လ်ကီးမှာ ကျင်းပနေတဲ့ RNC ညီလာခံမှာ ထရမ့်ပ်ရဲ့ အရင်ပြိုင်ဘက်ဟောင်းတွေဖြစ်တဲ့ နစ်ကီ ဟာလေနဲ့ ဖလော်ရီဒါ အုပ်ချုပ်ရေးမှူး ရွန် ဒီဆန်းတစ်တို့ကလည်း ထရမ့်ပ်ဘက်က ထောက်ခံအားပေးစကားတွေ ပြောကြားသွားခဲ့ကြတယ်။

ပြီးခဲ့တဲ့ စနေနေ့က ပင်ဆယ်လ်ဗေးနီးယားမှာ သေနတ်သမားတဦးရဲ့ ပစ်ခတ်လုပ်ကြံခံရပြီးချိန်က စလို့ ထရမ့်ပ်အပေါ် ရီပတ်ဘလစ်ကန် ပါတီဝင်တွေရဲ့ ထောက်ခံမှုက အားကောင်းလာခဲ့တယ်။ ဒီလုပ်ကြံခံရမှုဖြစ်စဉ်ဟာ ဒေါ်နယ်ထရမ့်ပ်အတွက် လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ တွန်းအားတခု ဖြစ်သွားခဲ့တယ်။ လုံခြုံတဲ့ အမေရိကကို ပြန်ရဖို့၊ အမေရိကန်ပြည်သူတွေရဲ့ လုံခြုံရေး၊ Make America Great Again ကြွေးကြော်သံတွေဟာ တဖန် လှုပ်နိုးလာတယ်။

ဒီကြားထဲ ထရမ့်ပ်ရဲ့ ဒု-သမ္မတလောင်း ယှဉ်ပြိုင်ဘက်အဖြစ် အထက်လွှတ်တော်အမတ် ဂျေဒီဗန့်စ်ကို ရွေးချယ်လိုက်တဲ့အခါ ထရမ့်ပ်ရဲ့ ကမ္ဘာ့အရေးက နောက်ဆုတ်ရေးမူဝါဒဟာ ပိုအားကောင်းလာခဲ့တယ်။ ဂျေဒီဗန့်စ်က အိုဟိုင်းယိုးပြည်နယ်က ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ်ပါ။ အသက် ၃၉ နှစ်သာ ရှိပါသေးတယ်။ ၁၉၈၄ ခုနှစ်မှာ မွေးသူဖြစ်လို့ ထရမ့်ပ်ထက် အသက်ထက်ဝက်ငယ်တယ်လို့ ဆိုရမယ်။ ထူးခြားတာ သူက ထရမ့်ပ်ကို ဆန့်ကျင်ခဲ့သူတဦးပါ။ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတုန်းက ထရမ့်ပ်ဟာ သမ္မတ မဖြစ်ထိုက်သူ၊ အမေရိကန် ဟစ်တလာလို့ လူသိရှင်ကြား ဝေဖန်ခဲ့သူပါ။ ခုတော့ သူက ထရမ့်ပ်ရဲ့ ပေါ်လစီကို အသေအလဲ ထောက်ခံသူ၊ ထရမ့်ပ်ရဲ့ မူဝါဒကို ရီပတ်ဘလစ်ကန်တွေရဲ့ မူဝါဒအဖြစ် သတ်မှတ်ဖို့အထိ ထရမ့်ပ်အပေါ် ယုံကြည်နေသူဖြစ်တယ်။ လတ်တလော လူသိရှင်ကြား ထုတ်ပြောလိုက်တဲ့ သူ့ရဲ့စကားတခွန်းကတော့ “ယူကရိန်းကို လက်နက်ထောက်ပံ့နေတဲ့ ကိစ္စကို ဆန့်ကျင်တယ်” လို့ ဆိုလိုက်တာပါ။

ထရမ့်ပ်လိုပဲ ဗန့်စ်ရဲ့ သဘောထားက ကမ္ဘာ့အရေးကိစ္စတွေမှာ အမေရိကန်က ဝင်မပါရေး၊ အမေရိကန် အရေးကိုသာ ဦးစားပေးရေး ဖြစ်တယ်။ ထရမ့်ပ်က ထိုင်ဝမ်ကို အမေရိကန်က ကာကွယ်ပေးနေရတဲ့အတွက် ကုန်ကျစရိတ်တွေကို ထိုင်ဝမ်က ကျခံရမယ်လို့ ပြောလိုက်တဲ့အတွက် လှုပ်ခတ်မှုတွေ အတော်ဖြစ်သွားတယ်။

ဗန့်စ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး ထရမ့်ပ်ဘက်က ထောက်ခံခဲ့တယ်။ ရွေးကောက်ပွဲရလဒ် ပြောင်းလဲအောင် ကြိုးစားမှုနဲ့ပတ်သက်တဲ့ ထရမ့်ပ်အပေါ် စွပ်စွဲချက်တွေကို ဆန့်ကျင်သူလည်း ဖြစ်တယ်။

ရီပတ်ဘလစ်ကန် ဒု-သမ္မတလောင်း ဂျေဒီ ဗန့်စ်က ထရမ့်ပ်ရဲ့ခြေရာကို နင်းမယ့်သူလို့ ဇူလိုင် ၁၆ ရက် ညီလာခံမိန့်ခွန်းအပြီးမှာ အားလုံးက မှတ်ချက်ချကြတယ်။ ဗန့်စ်က ငယ်ငယ်ရွယ်ရွယ်နဲ့ အထက်လွှတ်တော်အမတ် ဖြစ်ခဲ့သူပါ။ သူက အီရတ်စစ်မြေပြင် သတင်းထောက်အဖြစ် ၂၀၀၃ ကနေ ၂၀၀၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အိုဟိုင်းယိုးတက္ကသိုလ်က ၂၀၀၉ မှာ ကျောင်းပြီးကာ ယေးလ် ဥပဒေကျောင်းက ဘွဲ့ရခဲ့သူပါ။ ဂျေဒီ ဗန့်စ်ရဲ့ အောင်မြင်မှုအစက သူရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်တအုပ်ကြောင့်ပါ။ Hillbilly Elegy လို့ အမည်ရတဲ့ ဒီစာအုပ်ဟာ ၂၀၁၆ ခုနှစ် နယူးယော့ခ်တိုင်းမ် ဘက်ဆဲလားစာရင်းဝင် ဖြစ်ခဲ့တယ်။ ဒီစာအုပ်ဟာ ဂျေဒီဗန့်စ်ရဲ့ မိသားစုဘဝ ဖြတ်သန်းခဲ့ပုံနဲ့ သူငယ်စဉ်က အိုဟိုင်းယိုးမှာ ကြုံတွေခဲ့ရတဲ့ အကြောင်းအရာတွေကို မှတ်တမ်းတင်ထားတာပါ။ ဒီစာအုပ်ကို အခြေခံပြီး ၂၀၂၀ မှာ မှတ်တမ်းရုပ်ရှင် ထွက်ပေါ်ခဲ့သေးတယ်။

ရီပတ်ဘလစ်ကန် ဆီးနိတ်လွှတ်တော်အမတ်တဦးအနေနဲ့ ဗန့်စ်ဟာ အမျိုးသားရေး ကွန်ဆာဗေးတစ်၊ neoreactionary၊ လက်ယာစွန်း ပေါ်ပြူလစ်အဖြစ် လူသိထင်ရှားတယ်။ ကွန်ဆာဗေးတစ်မူဝါဒတွေကို ထောက်ခံအားပေးသူဖြစ်ပြီး ပဋိသန္ဓေဖျက်ချမှု၊ လိင်တူလက်ထပ်မှုတွေကို ဆန့်ကျင်သူဖြစ်တယ်။

မီဝေါလ်ကီးမှာ လက်ရှိကျင်းပနေတဲ့ ရီပတ်ဘလစ်ကန် အမျိုးသားညီခံလာခံ (RNC) ကနေပြီး ဒေါ်နယ်ထရမ့်ပ်ကို ၂၀၂၄၊ နိုဝင်ဘာ ၅၊ အမေရိကန်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် သမ္မတလောင်းအဖြစ် အတည်ပြုပြီးရင် ထရမ့်ပ်က မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။

ထရမ့်ပ်ရဲ့ လက်ရှိအနေအထားကတော့ လုပ်ကြံခံရပြီးမှ ယုံကြည်မှုတွေ ပိုများလာသလို မြင်တွေ့ရတယ်။ နားရွက်မှာ သေနတ်ဒဏ်ရာကို ပတ်တီးစည်းထားတဲ့ ဒေါ်နယ်ထရမ့်ပ် RNC မှာ ဘာတွေပြောမလဲ စိတ်ဝင်စားစရာ ကောင်းပါတယ်။

ထရမ့်ပ်သာ နောက်တကြိမ် သမ္မတဖြစ်လာခဲ့ရင် ကမ္ဘာကြီးရဲ့ အခင်းအကျင်းက ဘယ်လိုဖြစ်လာမလဲ။ အမေရိကန်ဟာ ကမ္ဘာ့အရေးတွေမှာ ဝင်မပါတော့ဘဲ ခေါင်းပြန်လျှိုဝင်ပြီး ကိုယ်ကျိုးစီးပွားကာကွယ်မှုတွေကိုပဲ ဦးစားပေးတော့မှာဖြစ်လို့ ကမ္ဘာ့အခင်းအကျင်းက ဘယ်လိုပုံစံဖြစ်လာမလဲ၊ စိတ်ဝင်စားဖို့ ကောင်းလှတယ်။ ခုပဲ ဒု-သမ္မတလောင်း ဗန့်စ်က ယူကရိန်းကို လက်နက်မထောက်ပံ့တော့ဘူးလို့ ပြောနေသလို ထိုင်ဝမ်ကို အကာအကွယ်ပေးနေရတဲ့ စရိတ်တွေအတွက် ထိုင်ဝမ်က ကျခံရမယ်လို့ ထရမ့်ပ်က ပြောနေပြီ။

အမေရိကန်သမ္မတရွေးကောက်ပွဲက အချိန်ကာလအားဖြင့် လေးလ ကျန်ပါသေးတယ်။ ပြီးခဲ့တဲ့ တနှစ်တာအတွင်း နာမည်ပျက်အမျိုးမျိုး၊ ရာဇဝတ်မှုအမျိုးမျိုးနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ သမ္မတဟောင်း ထရမ့်ပ်ရဲ့ ကံကြမ္မာအလှည့်အပြောင်းက ထူးခြားတယ်လို့ ဆိုရမယ်။ ဒီမိုကရက် နဲ့ ရီပတ်ဘလစ်ကန် သမ္မတလောင်းနှစ်ဦးရဲ့ စကားစစ်ထိုးပွဲ (debate) ကစလို့ အရေးမလှတော့တဲ့ သမ္မတဘိုင်ဒင်တယောက် ခုချိန်ထိ ကျန်းမာရေးအရ နာလံမထူ ဖြစ်နေချိန်မှာ ထရမ့်ပ်ကတော့ ရွေးကောက်ပွဲ မဲဆွယ်ပွဲမှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့ အဖြစ်ဆိုးက လွတ်မြောက်ပြီး ရီပတ်ဘလစ်ကန် ညီလာခံမှာ အောင်ပွဲခံနေတာ မြင်တွေ့နေရတယ်။ နိုင်ငံရေးမှာ အလှည့်အပြောင်းဆိုတာ ရှိတတ်ပါတယ်။

CWM

( ရီပတ်ဘလစ်ကန်ပါတီ ညီလာခံမပြီးစီးခင် ယခုဆောင်းပါးကို ရေးသားထားခြင်းဖြစ်သည်။ )

Ref: CNA 

-If Trump-Vance prevail in November, expect even more American isolationism

-Rising Republican star JD Vance to take spotlight ahead of Trump

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024