လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခံရပေမဲ့ လွတ်မြောက်ခဲ့ပြီးတဲ့နောက် ရီပတ်ဘလစ်ကန် သမ္မတလောင်းနဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်အတွက် အထူးဆုတောင်းပွဲတွေကို လက်ယာယိမ်း အိန္ဒိယ လူမှုရေးအဖွဲ့တဖွဲ့က အိန္ဒိယမြို့တော် နယူးဒေလီမှာ ကျင်းပပေးခဲ့ပါတယ်။
လက်ယာယိမ်း ဟိန္ဒူအမျိုးသားရေးဝါဒီ အဖွဲ့အစည်းဖြစ်တဲ့ “ဟိန္ဒူဆီနာ” က ဝတ်ပြုသူတွေဟာ ထရမ့်ပ်ရဲ့ ပိုစတာတွေကို ကိုင်ရင်း ယဇ်ပုရောဟိတ်တွေက မွန်မြတ်တဲ့ ဗာမီလိုင်းယန်း တီလက်ခ် အမှတ်အသားကို သုံးရင်း ဟိန္ဒူထုံးတမ်းစဉ်လာ ဂါထာမန္တရားတွေကို ရွတ်ဆို ဆုတောင်းခဲ့ကြပါတယ်။
အဖွဲ့ဝင်တွေဟာ တန်ခိုးဩဇာနဲ့ အကာအကွယ်တွေကိုပေးတဲ့ ဟိန္ဒူနတ်ဘုရား မား ဘာဂလာမူခီရဲ့ အလှဆင်ထားတဲ့ ရုပ်တုရှေ့မှာ ထရမ့်ပ် အသက်ရှည်ပါစေလို့ ကြွေးကြော်ခဲ့ကြပါတယ်။
လက်ယာယိမ်းအဖွဲ့ဟာ “အစွန်းရောက်အစ္စလာမ်” ကမ္ဘာကို လွတ်မြောက်စေရေး သူတို့ရဲ့ အတွေးအခေါ်ကို တွန်းအားပေးရင်း ထရမ့်ပ် အသက်ရှည်ဖို့ ဆုတောင်းရင်း ထရမ့်ပ်နဲ့ စည်းလုံးညီညွတ်မှုကို ဖော်ပြခဲ့ပါတယ်။
ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ ဇူလိုင် ၁၃ ရက်က လူထုစုဝေးပွဲမှာ ထရမ့်ပ် ပစ်ခတ်ခံရပြီး ထောက်ခံသူတဦး သေဆုံးခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ထရမ့်ပ်နဲ့ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်တို့ကြား နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမတိုင်မီ အမေရိကန်နိုင်ငံအတွင်း နက်နက်ရှိုင်းရှိုင်း ပြိုကွဲနေတဲ့ နိုင်ငံရေးအခင်းအကျင်းကို မီးမောင်းထိုးပြခဲ့ပါတယ်။
Source-Reuters