Home
မြန်မာသတင်း
နိုင်ငံခြားငွေကစား၊ ဟွန်ဒီလုပ်ငန်း လုပ်ကိုင်မှုဖြင့် လူပုဂ္ဂိုလ်  ၉၃ ဦးကို စစ်ကောင်စီ အရေးယူ
DVB
·
August 2, 2024

တရားမဝင် ဒီဂျစ်တယ်ငွေကြေး အရောင်းအဝယ်လုပ်တာ၊ နိုင်ငံငွေကြေးကစားတာနဲ့ ဟွန်ဒီလုပ်ငန်းလုပ်ကိုင်တာတွေဆောင်ရွက်ခဲ့ခဲ့  လူပုဂ္ဂိုလ် ၉၃ ဦးကို အရေးယူလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဩဂုတ် ၁ ရက်မှာ ထုတ်ပြန် ပါတယ်။

ဘယ်ပုဒ်မနဲ့ အရေးယူထားတယ်ဆိုတာ အသေးစိတ်ထည့်သွင်း ဖော်ပြခြင်းမရှိပေမဲ့ သူအနေနဲ့ တရားမဝင်လုပ်ငန်းတွေဆက်လက် လုပ်ကိုင်နိုင်ခြင်းမရှိအောင် ဘဏ်အကောင့်တွေနဲ့ တခြားငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေမှာ ဖွင့်လှစ်ထားတဲ့ အကောင့်တွေကို ပိတ်သိမ်းခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်တုန်းကလည်း နိုင်ငံခြားငွေကစားတဲ့၊ ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်ပေါင်း ၃၉ ဦးကိုလည်း အရေးယူခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီလို အရေးယူမှုတွေအပြင် စည်းမျဉ်းစည်းကမ်း မလိုက်နာတဲ့ Money Changer ပေါင်း ၁၉၄ ခုကိုလည်း အရေးယူထားတယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။

ဒေါ်လာဈေး မြင့်တက်ရတာတွေဟာ စည်းမျဉ်း စည်းကမ်းမလိုက်နာတဲ့ Money Changer တွေနဲ့ နိုင်ငံခြားငွေကစားသူတွေကြောင့် ဖြစ်ရတယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ယူဆထားပြီး Money Changer တွေကို အရေးယူနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ပြည်ပနေ အလုပ်သမားတွေဆီကနေ ပြည်တွင်းကို နိုင်ငံခြားငွေ စီးဆင်းနေတာကိုလည်း တရားဝင် ဘဏ်တွေကနေ တစ်ဆင့် လွှဲပို့စီးဆင်းစေချင်နေပါတယ်။

ဒါပေမဲ့ ဘဏ်တွေရဲ့ ငွေလဲနှုန်းဟာ ပြင်ပဈေးနှုန်းအောက် အများကြီးနိမ့်တဲ့ ဗဟိုဘဏ်သတ်မှတ်ဈေးဖြစ်နေတာကြောင့် အလုပ်သမားတွေဟာ ဟွန်ဒီလုပ်ငန်းတွေကနေ တစ်ဆင့်သာ လွှဲပို့နေကြတာဖြစ်ပါတယ်။

အဲဒါကြောင့် ပြည်ပကို အလုပ်သမားပို့တဲ့ အေဂျင်စီတွေအနေနဲ့ ပို့မယ့် အလုပ်သမားတွေကို လစာရဲ့  ၂၄ ရာခိုင်နှုန်း  ဘဏ်တွေက တဆင့် တရားဝင်လွှဲပို့ပေးဖို့ ဖိအားပေးစေခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024