Home
ဆောင်းပါး
တရုတ် ဖိအားကြောင့် မြန်မာ့နိုင်ငံရေးပုံစံ အပြောင်းအလဲ ဖြစ်လာနိုင်သလား 
DVB
·
August 1, 2024
Design-DVB

အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တကြိမ် တခါမျှ ဖိတ်ကြားခြင်းမရှိခဲ့သည့် တရုတ်သည် ဇွန်လနောက်ဆုံးအပတ်အတွင်း သမ္မတဟောင်း ဦးသိန်းစိန်ကို လာရောက်ရန် ဖိတ်ကြားခဲ့သည်။ ဦးသိန်းစိန်၏ တရုတ်ခရီးစဉ်အတွင်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့နှင့်ပါ တွေ့ဆုံမှုရှိခဲ့သည်။

အဆိုပါခရီးစဉ်အတွင်း ဦးသိန်းစိန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ‘မင်းအောင်လှိုင်ကို အာဏာလွှဲပြောင်းပေးဖို့ စည်းရုံးရန် ပြောကြားခဲ့သည်’ ဟု စင်ကာပူအခြေစိုက် Channel News Asia (CNA) သတင်းဌာနက ဖော်ပြထားသည်။

တရုတ်၏ စစ်ကောင်စီအပေါ် သဘောထား

ဦးသိန်းစိန်၏ တရုတ်ခရီးစဉ်မှာ တရုတ်၊ အိန္ဒိယ၊ မြန်မာ သုံးနိုင်ငံ ပူးပေါင်းချမှတ်ထားသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက် ချမှတ်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် ပြုလုပ်သည့် အခမ်းအနား တက်ရောက်ခြင်း ဖြစ်သော်လည်း ထိုထက်ပိုသည့် နောက်ကွယ်အကြောင်းအရင်းများ ရှိနိုင်ကြောင်း ခန့်မှန်းမှုများ ရှိခဲ့သည်။

သမ္မတဟောင်း၏ တရုတ်ခရီးစဉ်အကြောင်း နိုင်ငံပိုင်သတင်းဌာနဖြစ်သည့် MRTV နှင့် စစ်တပ်ပိုင် မြဝတီသတင်းဌာနက ဝေဝေဆာဆာ ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက “သူ(စစ်ကောင်စီ) က ဗမာပြည်သူတွေကို ပြချင်လို့ပေါ့၊ သံခင်းတမန်ခင်းအရ နိုင်ငံကြီးတွေက ကောင်းကောင်းမွန်မွန် ဆက်ဆံနေပါတယ်။ သူတို့ အထီးကျန်နေတာ မဟုတ်ပါဘူးဆိုတာ ပြချင်လို့ပါ” ဟု သုံးသပ်ပြောဆိုသည်။

အလားတူ ဇူလိုင် ၆ ရက်က စစ်ကောင်စီ၏ ဒုတိယခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ ဖိုရမ်ကို တက်ရောက်ခဲ့သည်။ အဆိုပါခရီးစဉ်အတွင်း တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်၏ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စ ရှန်ယွဲ့ယွဲ့ (Ms.Shen Yueyue) နှင့် တွေ့ဆုံခဲ့ခြင်းရှိသည်။ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် စစ်ကောင်စီအာဏာသိမ်းမှုအပြီး နောက်ပိုင်း စစ်အုပ်စု၏ ခေါင်းဆောင်ပိုင်းများအနက် တရုတ်နိုင်ငံသို့ သံတမန်ရေးအရ သွားရောက်နိုင်ခဲ့သည့် ရာထူးအကြီးဆုံးပုဂ္ဂိုလ် ဖြစ်သည်။

ထို့ပြင် ဇူလိုင်လ ၂၂ ရက်နေ့တွင်လည်း စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန ဒု-ဝန်ကြီး စွန်းဟိုင်ယန်နှင့် တွေ့ဆုံခဲ့သည်။

စစ်ကောင်စီ ဒုတိယခေါင်းဆောင်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့၏ တရုတ်ခရီးစဉ်ကာလများသည် တရုတ်အကျိုးစီးပွားများရှိသည့် တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း (ရှမ်း-မန်းစစ်ဆင်ရေး) အနေဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၊ မန္တလေး PDF တို့အကြား တိုက်ပွဲပြင်းထန်နေချိန် ဖြစ်သည်။

တရုတ်၏ EAOs များအပေါ် ဖိအား

တရုတ်သည် စစ်ကောင်စီသာမက တိုင်းရင်းသားလက်နက်ကိုင်များအပေါ် ဖိအားပေးမှုများ ရှိသည်။

သမိုင်းတလျှောက် စစ်ကောင်စီ၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် အပါအဝင် ရာချီသည့် တပ်ရင်း၊ တပ်စခန်းများကို ဆုံးရှုံးစေခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင် တရုတ်၏ ဖိအားပေးမှုကို သိသာထင်ရှားစွာ တွေ့နိုင်ကြောင်း အမေရိကန်စစ်တပ် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ဒေါ်မီမီဝင်းဘတ်က ပြောသည်။

၁၀၂၇ စစ်ဆင်ရေး ဆိုသည်မှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် တရုတ်-မြန်မာ နယ်စပ် ရှမ်းပြည်မြောက်ပိုင်းတွင် စတင်ခဲ့သည့် အာရက္ခတပ်တော် (AA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) စသည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ပူးပေါင်းထိုးစစ်ကို ခေါ်ဆိုခြင်းဖြစ်သည်။

စစ်ဆင်ရေးကာလ ၇၇ ရက် ကြာပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီအကြား ၁၀၂၇ စစ်ဆင်ရေး ယာယီအပစ်ရပ်ကြောင်း သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။ တရုတ်၏ ဖိအားပေးမှုကြောင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ ဟိုက်ဂင်ဟိုတယ်တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား သုံးကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပြီးမှ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သဖြင့် ဟိုက်ဂင်သဘောတူညီချက်ဟု ခေါ်ဆိုသည်။ သို့သော်လည်း အပစ်ရပ်ထားသည့် ကာလအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှစ၍ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ပြန်လည်စတင်ခဲ့သည်။

စစ်ဆင်ရေး ဒုတိယလှိုင်းတွင်လည်း တရုတ်၏ ဖိအားပေးမှုများက ရှိနေဆဲဖြစ်သည်ကို EAOs များ၏ ထုတ်ပြန်ချက်များနှင့် ထုတ်ဖော်ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့တွင် TNLA နှင့် MNDAA တို့က စစ်ဆင်ရေး လေးရက်တာ အပစ်ရပ်ကြောင်း ထုတ်ပြန်ခဲ့သည်။ အလားတူ MNDAA ကလည်း တရုတ်၏ တောင်းဆိုမှုကြောင့် ဇူလိုင်လ ၁၉ ရက်မှ ၃၁ ရက်နေ့အထိ ယာယီအပစ်ရပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

တရုတ်၏ ဖိအားပေး အပစ်ရပ်စေမှုအပေါ် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်က “ဘရိတ် ခဏယူရအောင် ဘောလုံးကန်နေတာလည်း မဟုတ်… ခဏခဏရပ်ရအောင်လည်း လက်ဝှေ့ထိုးတာမဟုတ်…” ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

အမေရိကန်စစ်တပ် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ဒေါ်မီမီဝင်းဘတ်က“တရုတ်က ဖိအားပေးလို့ ဟိုက်ဂင်ကို လက်မှတ်ထိုးပြီး အပစ်အခတ် ရပ်စဲလိုက်ရတယ်။ ဒါပေမဲ့ အခွင့်အရေးရတာနဲ့ သူတို့ (မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့) ပြန်တိုက်ကြတယ်” ဟု ပြောသည်။

အလားတူ ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ရန်  အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်အကြား တရုတ်က ကြားဝင်၍ ဖိအားပေး စေ့စပ်မှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း ရခိုင်တွင် လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။

ဇူလိုင် ၂၀ မှ ၂၇ ရက်အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်သူ့ပါတီ (PP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP) နှင့် ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) တို့မှ ကိုယ်စားလှယ် ၁၇ ဦးကို တရုတ်ကွန်မြူနစ်ပါတီက တရုတ်နိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားထားသည်။ ၇ ရက်တာအတွင်း ယူနန်နှင့် ရှန်ဟိုင်းတို့တွင် တရုတ်နိုင်ငံ၏ ကျေးလက်ဖွံ့ဖြိုးရေးနှင့် BRI ဆိုင်ရာ တရုတ်ပညာရှင်များနှင့် အမြင်ချင်း ဖလှယ်ဆွေးနွေးရန် ဖြစ်သည်ဟု သိရသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ စစ်ပွဲများအားလုံး ရပ်တန့်ပြီး စစ်ကောင်စီ အပါအဝင် လက်ရှိဖြစ်စဉ်အတွင်း ပါဝင်သည့် အဖွဲ့အစည်းများအားလုံး နိုင်ငံရေးစားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးရန် လိုလားနေသည်ဟု မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက ပြောသည်။

“သူတို့ (တရုတ်) ရဲ့ စဉ်းစားနည်းကိုက စစ်ကောင်စီလည်း ဆက်ဆံမယ်၊ ကျန်တဲ့အဖွဲ့တွေ အားလုံးလည်း ဆက်ဆံမယ်၊ ပြီးတော့ မြောက်ပိုင်းသုံးဖွဲ့ကို အပစ်အခတ်ရပ်စဲပြီးတဲ့အခါမှာ နောက်တဆင့်အနေနဲ့ ဗမာပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံး နိုင်ငံရေးဆွေးနွေးပွဲပေါ် ရောက်ပြီး အပြန်အလှန် ဆွေးနွေးကြပါ။ အလယ်အလတ်မှာ ဆုံကြပါလို့ ပြောနေတာဖြစ်တယ်။”

ဒေါက်တာလှကျော်ဇောက “စစ်တိုက်တာနဲ့ ဆွေးနွေးပွဲဆိုတာ တလှည့်စီဖြစ်နေတာပဲလေ၊ စစ်တိုက်တာ မောလာရင် ဆွေးနွေးပွဲဖြစ်၊ ဆွေးနွေးပွဲက ကိုယ်လိုချင်တာမရတော့ စစ်ပြန်တိုက်”လို့  ပြောပါတယ်။

တရုတ်သည် မည်သို့ပင် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ဆက်သွယ်မှု ရှိစေကာမူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်မူ ပြောဆိုဆက်ဆံမှု မရှိကြောင်း မြန်မာ့အရေး လေ့လာသုံးသပ်သူများက ပြောသည်။ NUG သည် အမေရိကန်ဦးဆောင်သည့် ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းမည့် အင်အားစုဖြစ်သည်။ ထိုအင်အားစုမျိုး ၎င်း၏ အိမ်နီးချင်း မြန်မာပြည်တွင် အင်အားကြီးလာမည်ကို တရုတ်အနေဖြင့် မလိုလားသောကြောင့် ဖြစ်သည်ဟု ပြောကြသည်။

အမေရိကန်စစ်တပ် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ဒေါ်မီမီဝင်းဘတ်က “NUG က ဒီမိုကရေစီကို ပြန်ထူထောင်ဖို့ လုပ်နေတဲ့ အဖွဲ့အစည်းဖြစ်တာမို့ တရုတ်က NUG ကို အလာ့ဂျစ်ဖြစ်တယ်” ဟု ပြောသည်။

ဦးသန်းစိုးနိုင်ကလည်း “တရုတ်က NUG နဲ့ အဆက်အဆံ မရှိပါဘူး၊ NUG ကတော့ တရုတ်ကြိုက်အောင် သဝဏ်လွှာတွေ ပေးတာတွေ အကြိမ်ကြိမ်ရှိပါပြီ၊ ဒါပေမဲ့ အသိအမှတ်ပြုတာ တစုံတရာ မရှိပါဘူး” ဟု သုံးသပ်သည်။

“ဒါပေမဲ့ အိမ်နီးချင်းပဲဆိုတော့ တယောက်နဲ့တယောက် မဆက်ဆံလို့ မရဘူး။ တနေ့ NUG ကို သူတို့ ဆက်ဆံရမှာပဲ” ဟု ဒေါ်မီမီဝင်းဘတ်က ဆက်ပြောသည်။

မြန်မာ့အရေးအပေါ် တရုတ်ပါဝင်နေရခြင်း၏ အကြောင်းအရင်း

မြန်မာသည် တရုတ်၏အကျိုးစီးပွားအတွက် အထူးအရေးပါသည့် အိမ်နီးချင်းနိုင်ငံတခု ဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် ကြေညာခဲ့သည့် ခါးပတ်တကွင်း လမ်းတစင်း (BRI) စီမံကိန်းသည် မြန်မာ၏ အခန်းကဏ္ဍတွင် ပါဝင်နေသည်။ ယင်းစီမံကိန်းမှာ တရုတ်နိုင်ငံမှ ဥရောပတိုက်၊ အာရှအလယ်ပိုင်း၊ အာရှ အရှေ့အလယ်ပိုင်းဒေသနှင့် ရရှား စသဖြင့် နိုင်ငံပေါင်း ၇၀ နီးပါးကို ဖြတ်သန်းပြီး ကုန်သွယ်ရေးလုပ်မည့် စီမံကိန်းကြီးတခုဖြစ်ကြောင်း သိရသည်။ အဆိုပါစီမံကိန်းအတွင်း ရထားလမ်းများ၊ ကားလမ်းများ၊ အထူးစီးပွားရေးဇုန်များ၊ ဆိပ်ကမ်းများ၊ မြို့သစ်စီမံကိန်းများ ပါဝင်သည်။ ပင်လယ်ထွက်ပေါက်မရှိသည့် တရုတ်အနေဖြင့် ကုန်သွယ်ရေးလုပ်ငန်းများတွင် ၎င်း၏ ပင်လယ်ထွက်ပေါက်အဖြစ် အိမ်နီးချင်းဖြစ်သည့် မြန်မာကို အသုံးချရန် ရည်ရွယ်ထားသည်။

အလားတူ နာမည်ကြီး မြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အပါအဝင် မြန်မာနိုင်ငံအတွင်း စီမံကိန်း အများအပြားကိုလည်း တရုတ်က မြန်မာနိုင်ငံအတွင်း၌ အကောင်အထည်ဖော်ရန် ရှိနေကြောင်း ISP Myanmar ၏ အစီရင်ခံစာအရ သိရသည်။

လက်ရှိတွင် တရုတ်၏ အကျိုးစီးပွားများတည်ရှိရာ တရုတ်-မြန်မာ ကုန်သွယ်လမ်းမကြီး ဖြစ်သည့် လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမကြီးတလျှောက်ရှိ မြို့ကြီးများ၊ မန္တလေး-မိုးကုတ်-မြစ်ကြီးနား လမ်းမပေါ်ရှိ မြို့ကြီးများနှင့် ရခိုင်ပြည်နယ် စသည့်ဒေသများတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများ ပြင်းထန်နေခြင်းက တရုတ်၏ အကျိုးစီးပွားကို များစွာ ထိခိုက်စေသည်ဟု မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပြောဆိုသည်။

“AA ရဲ့တိုက်ပွဲတွေက ကျောက်ဖြူနားထိ ရောက်လာတဲ့ခါကျတော့ သူ့အကျိုးစီးပွားတွေနဲ့ ပတ်သက်တဲ့ကိစ္စမှာ AA ရဲ့ အခန်းကိုလည်း သူက စွန့်လို့မရဘူး၊ နောက်တဖက်က မင်းအောင်လှိုင်ကလည်း တနိုင်ငံလုံးကို အာဏာသုံးရပ်ကိုင်ထားတဲ့သူဆိုတော့ သူက (တရုတ်က) ငါးရံ့နှစ်ကောင်ဖမ်းဖို့ ကြိုးစားနေတာပေါ့လေ” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

တရုတ်ဖိအားက စစ်ကောင်စီအပေါ် သက်ရောက်မှုမရှိ

တရုတ်အနေဖြင့် ၂၀၂၅ ခုနှစ်၊ စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်ခင် ကာလအတွင်း မြန်မာစစ်တပ်ကို အားနည်းသည့် ဗဟိုစစ်တပ်အဖြစ် ထားရှိရေး တွန်းအားပေးလာလိမ့်မည်ဟု နိုင်ငံတကာနှင့် မြန်မာ့ရေးရာ ကျွမ်းကျင်သူ မစ္စတာ အီဂေါဘလာဇီဗစ်က ဆိုသည်။

မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသုံးရပ်ကို ကိုင်တွယ်ထားတဲ့အတွက် ဦးသိန်းစိန်ကတဆင့် ဗမာပြည်မှာ အခု အစိုးရအဖွဲ့ ဝန်ကြီးချုပ် အပြောင်းအလဲ ဖြစ်စေချင်တယ်ဆိုတဲ့ တရုတ်ရဲ့ဆန္ဒက အကောင်အထည်ပေါ်မှာ မဟုတ်ဘူး” ဟု သုံးသပ်ပြောဆိုသည်။

“မင်းအောင်လှိုင်ကို တွန်းဖယ်ချ၊ ဖိအားတွေအမျိုးမျိုး ပေးပြီး ကျန်တဲ့တယောက်အစားထိုးဖို့ဆိုတာ တရုတ်က လုပ်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ ဗမာပြည်က အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်နေတာကိုး။ အဲ့ဒီတော့ သူ့ဘေးနားမှာရှိတဲ့ အရေးကြီးတဲ့သူတွေ၊ သူပြောလို့ ရမယ့်သူတွေကို ပြောပြီးတော့ ဖြောင်းဖြပေးဖို့ တိုက်တွန်းနေတာပါ။ ဒီလိုမှ မဟုတ်ရင် တရုတ်စစ်တပ်နဲ့ ဝင်တိုက်ရုံပဲ ရှိတော့တယ်”လို့  ဦးသန်းစိုးနိုင်က ပြောပါတယ်။

ဇူလိုင် ၁၄ ရက်က လောက်ကိုင်မြို့ကို လေကြောင်းမှ ဗုံးကြဲမှုသည် တရုတ်၏ ဖိအားပေးမှုများကို စစ်ကောင်စီက စော်ကားသည့်သဖွယ် ပြုလုပ်ခြင်းဖြစ်ကြောင်း ဒေါ်မီမီဝင်းဘတ်က ပြောသည်။

“လောက်ကိုင်လို Ceasefire (အပစ်အခတ်ရပ်စဲရေး) လုပ်ထားတဲ့နေရာကို တရုတ် ပြောတာ နားမထောင်ဘဲ ဗုံးသွားကြဲတာက တရုတ်ကို သူဖြစ်တဲ့နည်းနဲ့ စော်ကားလိုက်တာပေါ့” ဟု ပြောသည်။

ထို့ပြင် စစ်ကောင်စီခန့် ယာယီသမ္မတ ဦးမြင့်ဆွေ ဆေးခွင့်ယူထား၍ ယာယီသမ္မတ တာဝန်များကို စစ်ခေါင်းဆောင်က လက်လွှဲယူကြောင်း ဇူလိုင်လ ၂၂ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်လာခဲ့သည်။ မင်းအောင်လှိုင်၏ အဆိုပါလုပ်ရပ်သည် တရုတ်၏ အဘက်ဘက်မှ ဖိအားပေးမှုများ အရာမထင်ကြောင်း သက်သေပြလျက်ရှိသည်။

ထို့ပြင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း လာမည့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲတရပ် ကျင်းပမည့်အကြောင်း ဇွန်လ ၁၅ ရက်နေ့တွင် ထုတ်ပြန် ပြောဆိုထားသည်။ ရွေးကောက်ပွဲအပြင် စစ်ကောင်စီသည် တော်လှန်ရေးအဖွဲ့အစည်းများ အကြား အချင်းချင်း အကွဲကွဲအပြဲပြဲဖြစ်၍ ပဋိပက္ခများဖြစ်စေရန် ဝါဒဖြန့်နည်းလမ်းများကို အသုံးပြုသွားဖွယ်ရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများ၏ သုံးသပ်ချက်များအရ သိရသည်။

သို့ဖြစ်၍ တရုတ်၏ အဘက်ဘက်မှ ဖိအားပေးမှုများသည် မြန်မာ့နိုင်ငံရေးပုံစံ ပြောင်းလဲရေးအတွက် ကြီးကြီးမားမား ထိရောက်မှု မရှိကြောင်းနှင့် မြန်မာ့နိုင်ငံရေးသည် မြန်မာပြည်သူလူထု၏ လက်ထဲတွင်သာရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများ၏ သုံးသပ်ချက်များအရ သိရသည်။

“​မြန်မာနိုင်ငံရဲ့ နိုင်ငံရေးက ပြည်သူလူထုရဲ့ လက်ထဲမှာ။ ပြည်သူလူထုကပဲ ဆုံးဖြတ်မှာ​။ ဒါကြောင့်မို့ ဘယ်သူမှ လာပြီး ဆုံးဖြတ်လို့မရဘူး။ ပြည်သူလူထုက ပိုပြီး စည်းလုံးပြီး ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် တခြားလူ လာစွက်ဖက်ဖို့ မလွယ်ဘူး” ဟု အမေရိကန်စစ်တပ် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ဒေါ်မီမီဝင်းဘတ်က ပြောသည်။

နွေဦး၊ ခိုင်ဝဿန်၊ ခယ်မေရှင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024