Home
ဆောင်းပါး
အာဆီယံ လေသံမာလာပေမဲ့
DVB
·
August 1, 2024
Design-DVB

အာဆီယံမူ ၅ ရပ် အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန် ပြန်သုံးသပ်မယ်လို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ဆုံးဖြတ်လိုက်တဲ့ ဇူလိုင် ၂၇ ရက်မှာ မြန်မာပြည်သူ ၅,၅၀၀ ဝန်းကျင်ဟာ အကြမ်းဖက်စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ပြီပဲ ဖြစ်တယ်။

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ကျင်းပတဲ့ ၅၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ဇူလိုင် ၂၇ ရက်နေ့ ကြေညာချက်မှာ မူ ၅ ရပ် ဖော်ဆောင်ရေးကို ပြန်လည်သုံးသပ်ပြီးနောက် ရရှိလာတဲ့ အကြံပြုချက်တွေကို လာမယ့် အောက်တိုဘာ ၈ ရက်ကနေ ၁၁ ရက်အထိ ကျင်းပမယ့် ၄၄ ကြိမ်နဲ့ ၄၅ ကြိမ်မြောက် အာဆီယံခေါင်းဆောင်များ အစည်းအဝေးတွေမှာ တင်ပြမယ်လို့ သိရတယ်။

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်မှာ စတင်အတည်ပြုခဲ့တာဆိုတော့ ၃ နှစ်ကျော်ကာလရောက်မှ ပြန်လည်သုံးသပ် အကြံပြုခြင်း အဆင့်ဆီသို့ ရောက်ရှိမယ့်အဖြစ်။ အာဆီယံရဲ့ မြန်မာ့အရေး ကိုင်တွယ်မှုဟာ အဲဒီလို နှေးကွေးလေးလံလွန်းတာကြောင့် သုံးသပ်အကြံပြုပြီး နောက်တဆင့်၊ မူ ၅ ရပ်ကို ဘယ်လိုဆက် ဖော်ဆောင်မလဲဆိုတာ ဆုံးဖြတ်ချက်ချဖို့နဲ့ အဲဒီဆုံးဖြတ်ချက်ကို လက်တွေ့ဖော်ဆောင်ဖို့ဆိုတာ နောက်ထပ် ၃ နှစ်မက ဆက်ကြာသွားနိုင်မယ်လို့ ကြိုတွေးထားရင် မမှားဘူးထင်တယ်။ ဒါပေမဲ့ အရင့်အရင် အာဆီယံရဲ့ မြန်မာ့အရေး ဆောင်ရွက်ချက် အတွေ့အကြုံတွေအရ မဖြစ်မနေ ထပ်တွေးထားရမှာက အထက်ကပြောခဲ့တဲ့ ဇူလိုင် ၂၇ ရက် ဆုံးဖြတ်ချက်ဟာ သူတို့ ဘာမှမဆုံးဖြတ်ခဲ့သလို ဟိုလိုလို ဒီလိုလိုနဲ့လည်း ပွဲပြီးသွားနိုင်တယ် ဆိုတာပါပဲ။

ဘာလို့လဲဆိုတော့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ အာဆီယံ ထိပ်သီးအစည်းအဝေးကနေ “မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များရဲ့ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက် ၁၅ ချက် ထွက်ပေါ်ခဲ့ဖူးတယ်။ အဲဒီ ၁၅ ချက်ထဲမှာ အာဆီယံမူ ၅ ရပ်ကို အချိန်အကန့်အသတ် ပြဋ္ဌာန်း ဖော်ဆောင်မယ်။ အချိန်ကန့်သတ်မှုဆိုင်ရာ အသေးစိတ်ကိစ္စတွေကို ၂၀၂၃ ခုနှစ်ကျရင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ရေးဆွဲ အတည်ပြုကြမယ်” လို့ ဆိုတယ်။

၂၀၂၃ ခုနှစ်၊ အာဆီယံ အလှည့်ကျဥက္ကဋ္ဌက မြန်မာ့အရေးမှာ တက်ကြွတဲ့ ဒေသတွင်း ဒီမိုကရေစီနိုင်ငံကြီး အင်ဒိုနီးရှားမို့ နိုင်ငံရေးအကဲခတ်တွေက အာဆီယံအပေါ် မျှော်လင့်ချက် ကြီးခဲ့ဖူးတယ်။ ဒါပေမဲ့ မူ ၅ ရပ်ကို အချိန်ကန့်သတ် ဖော်ဆောင်ရေးနဲ့ ပတ်သက်ပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကိုယ်တိုင် ဒီနေ့ထိတိုင် အသံတသံမှ မထွက်တော့ဘဲ အတိတ်မေ့သွားတာ အားလုံးမျက်မြင်ပါပဲ။ ဒါ့ကြောင့် အာဆီယံအစည်းအဝေးတွေရဲ့ ဆုံးဖြတ်ချက်ဆိုတာ အမှန်တကယ်လုပ်မယ့်အရာတွေလို့ အပြတ်မပြောနိုင်တာ အသေအချာပါပဲ။

ဇူလိုင် ၂၇ ရက် ထုတ်ပြန်ချက်ထဲမှာ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်ကိုင်စွဲသွားမယ်လို့ ဆိုခြင်းကြောင့် မူ ၅ ရပ်ကို ပြန်လည်သုံးသပ်မှာမဟုတ်ဘဲ မူ ၅ ရပ် ဖော်ဆောင်ရေးကိုသာ ပြန်လည်သုံးသပ်မှာ ဖြစ်တယ်။

တကယ်တော့ အာဆီယံမူ ၅ ရပ် ဖော်ဆောင်ရေး လမ်းကြောင်းတွေကို ပြန်သုံးသပ်ရအောင်ကလည်း ဘာမှ မယ်မယ်ရရ မရှိပါဘူး။ မူ ၅ ရပ်ကို စတင်အတည်ပြုပြီးတဲ့ အချိန်ကစလို့ အင်ဒိုနီးရှားကလွဲလို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ နိုင်ငံတွေက မြန်မာ့အရေး အာဆီယံ အထူးကိုယ်စားလှယ်တွေ ခန့်အပ်တယ်။ အထူးကိုယ်စားလှယ်တွေက မင်းအောင်လှိုင် မီးစိမ်းပြတဲ့အချိန် နေပြည်တော်လာပြီး စစ်ကောင်စီအပြင် မင်းအောင်လှိုင် တွေ့ခိုင်းတဲ့ လူတွေနဲ့ တွေ့ပြီး ပြန်တယ်။ ပြီးတော့ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေ၊ မြန်မာ့အရေးနဲ့ သက်ဆိုင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ တွေ့တယ်။ NUG အစိုးရ အပါအဝင် မြန်မာ့တော်လှန်ရေး အင်အားစုတွေနဲ့လည်း တွေ့ဆုံမှုရှိပေမဲ့ စစ်ကောင်စီငြိုငြင်မှာ စိုးတာကြောင့် တရားဝင်တွေ့ဆုံမှုမျိုး မရှိတာ ဒီနေ့ထိပါပဲ။ ဆိုတော့ စစ်ကောင်စီ မငြိုငြင်ရေး အထိုင်ကနေ မင်းအောင်လှိုင် စိတ်ကောင်းဝင်လာမယ့်နေ့ကို ထိုင်စောင့်နေခြင်းဟာ အာဆီယံရဲ့ မူ ၅ ရပ် ဖော်ဆောင်ရေးလမ်းကြောင်းလို့ ဆိုနိုင်ပါတယ်။

အဲဒီလမ်းကြောင်းဟာ အခု ၃ နှစ်ကျော်ကြာတဲ့အထိ အလုပ်မဖြစ်တာ အားလုံးမျက်မြင်ပဲ ဖြစ်တယ်။ ပြောရရင် ဘုံသဘောတူညီချက် ၅ ရပ်ကို မဖော်ဆောင်ရင် ဘာလုပ်မယ်ဆိုတဲ့ နောက်ဆက်တွဲ အရေးယူမယ့် ဆုံးဖြတ်ချက်မျိုး အာဆီယံက မချမှတ်နိုင်တာကြောင့် စစ်ကောင်စီက လိုက်နာဖော်ဆောင်ခြင်း မရှိဘူးဆိုတာ မြန်မာ့အရေးကို စိတ်ဝင်စားသူတိုင်း သိကြပေမဲ့ အာဆီယံက မသိချင်ယောင်ဆောင်နေတာ ဒီနေ့ထိပါပဲ။ ထပ်ပြောရရင် ဇူလိုင် ၂၇ ရက် ဆုံးဖြတ်ချက်၊ မူ ၅ ရပ် ဖော်ဆောင်မှုနဲ့ ပတ်သက်ပြီး ပြန်သုံးသပ်မယ်ဆိုတာဟာ မသိချင်ယောင်ဆောင်မှုရဲ့ နောက်ဆက်တွဲ မသိချင်ယောင်ဆောင်မှုလို့လည်း ဆိုနိုင်တယ်။

ဘာလို့ မသိချင်ယောင်ဆောင်ရတာလဲ ဆိုတော့ အာဆီယံဟာ မြန်မာ့အရေးကို ကိုင်တွယ်နိုင်စွမ်းတဲ့ ညီညွတ်မှုမရှိဘူးဆိုတာကို ဝန်မခံရဲတာကြောင့်ပါပဲ။ နိုင်ငံတကာက ပစ်တင်ပေးလိုက်တဲ့ မြန်မာ့အရှုပ်ကို အာဆီယံက ဟန်ပါပါ ကောက်ကိုင်လိုက်ပေမဲ့ နိုင်ငံရေးဂုဏ်သိက္ခာ တပြားမှမရှိတဲ့ မင်းအောင်လှိုင်လို အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ မိုက်ကမ်းမှုနဲ့ ရင်ဆိုင်ရတဲ့အခါ အာဆီယံဟာ ရှော့ခ်ရသွားတော့တယ်။ မြန်မာ့အရေးကို ကိုယ့်နိုင်ငံရှုထောင့်နဲ့ ကိုယ့်အကျိုးစီးပွား အထိုင်ကနေ အာဆီယံနိုင်ငံတွေက ချဉ်းကပ်ကြတာကြောင့် အာဆီယံရဲ့ မြန်မာ့အရေး စားပွဲဝိုင်းမှာ ပွတ်တိုက်မှုတွေနဲ့ ရှေ့ဆက်မတိုးနိုင်ဘဲ ငုတ်တုတ်မေ့နေကြခြင်း ဖြစ်တယ်။

ဒါပေမဲ့ အာဆီယံရဲ့ တခုတည်းသော အရေးယူမှုဖြစ်တဲ့ စစ်ကောင်စီခေါင်းဆောင်တွေ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲ တက်ခွင့်မပြုတာ ပြန်လျှောကျသွားခြင်း မရှိသလို မကြာခင်က ကျင်းပခဲ့တဲ့ ၅၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး တချို့က စစ်ကောင်စီအပေါ် ဝေဖန်သံတွေ ပိုပြင်းလာတာကြောင့် စစ်ကောင်စီ ဖြစ်စေချင်သလို ဖြစ်မှာမဟုတ်တာလည်း သေချာနေတယ်။

သေချာတာက မြန်မာ့အခြေအနေဟာ ဆိုးသထက် ဆိုးလာနေတာနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီ ဖော်ဆောင်လိုစိတ် မရှိတာကို အာဆီယံဝန်ကြီးတွေက သိရှိကြပြီး ၅၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီပြောနေတဲ့ ရွေးကောက်ပွဲအကြောင်း ထည့်သွင်း ဆွေးနွေးခြင်း မရှိကြပါဘူး။ အဲဒါက စစ်ကောင်စီရွေးကောက်ပွဲကို တရုတ်ထောက်ခံလည်း အာဆီယံက ထောက်ခံမှာမဟုတ်ကြောင်း ဖော်ပြနေပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ ၂၀၂၅ ခုနှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန် ယူရမယ့်နိုင်ငံက မလေးရှားနိုင်ငံဖြစ်တာကြောင့် အခု အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံလို စစ်ကောင်စီဘာလုပ်လုပ် နှုတ်ဆိတ်နေမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မလေးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌ ဖြစ်လို့လည်း မြန်မာ့အရေးကို ထိရောက်တဲ့ ကိုင်တွယ်မှုမျိုး နောက်ထပ်ခြေတလှမ်းတိုးနိုင်ဖို့ မလွယ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖြစ်ရပ်တွေက သက်သေခံပြီး ဖြစ်ပါတယ်။

အာဆီယံဟာ စစ်ကောင်စီအလိုကျ ဖြစ်လာမှာမဟုတ်သလို မြန်မာပြည်သူတွေဘက်ကနေလည်း ပြတ်သားစွာ ရပ်တည်ပေးနိုင်မှာ မဟုတ်ပါဘူး။ စစ်ကောင်စီကလည်း အာဆီယံ ဘာပြောပြော ဂရုစိုက်မှာ မဟုတ်ပါဘူး။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024