တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်တို့ဟာ ကင်းမန်ကျွန်းအနီး ရေပြင်မှာ ဖေဖော်ဝါရီ ၁၄ ရက်က လှေမှောက်သေဆုံးမှုနဲ့ ပတ်သက်လို့ အခြေအနေ အလှည့်အပြောင်းတွေ အများအပြား ကြုံရအပြီး ဇူလိုင် ၃၀ ရက်က သဘောတူညီမှုရရှိခဲ့ကာ ပြည်မကြီးက ငါးဖမ်းသမား ၂ ဦးရဲ့ ရုပ်အလောင်းတွေနဲ့ ဖမ်းဆီးထားတဲ့ ငါးဖမ်းလှေတစင်းကို ပြန်ပေးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်က ထိုင်ဝမ်အာဏာပိုင်တွေဟာ ကင်းမန် ဧရိယာအနီး ကင်းမန်ရေပြင်မှာ ဖူးကျန်းက ငါးဖမ်းလှေတစင်းကို မညှာမတာ ပြုမူခဲ့ခြင်းကြောင့် သင်္ဘောပေါ်ရှိ တံငါသည် ၄ ဦးစလုံး ပင်လယ်ထဲကို ကျသွားခဲ့ပြီး သူတို့ထဲက ၂ ယောက် သေဆုံးသွားခဲ့တာပါ။
အင်္ဂါနေ့မနက်မှာတော့ သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းတွေနဲ့ နှစ်ဖက်စလုံးက ကိုယ်စားလှယ် အယောက် ၁၀၀ လောက်ဟာ ကင်းမန် နာရေးကူညီမှု စီမံခန့်ခွဲရေး စင်တာမှာ ပူးတွဲဈာပန နှုတ်ဆက်ပွဲကို ကျင်းပခဲ့ကြပါတယ်။
တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ်၊ ကွမ်ကျိုးမြို့က ကျင်းကျန်းကောင်တီမှာ တရုတ်ကြက်ခြေနီအဖွဲ့ (RCSC) က အကြီးတန်းအကြံပေးဖြစ်တဲ့ လီကျောက်ဟွီက အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ရာမှာ တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ် နှစ်ဖက်စလုံးက တမိသားစုတည်းဖြစ်ပြီး ကျင်းကျန်းနဲ့ ကင်းမန်တို့ဟာ ကျဉ်းမြောင်းတဲ့ ကမ်းမြောင်တခုတည်းက ပိုင်းခြားထားတာကြောင့် ပိုပြီးနီးကပ်တယ်လို့ ပြောပါတယ်။
ထိုင်ဝမ်ရှိ သက်ဆိုင်ရာဌာနတွေဟာ ပြည်မကြီး ငါးဖမ်းသမားတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံသင့်ပြီး နှစ်ဖက်လုံးရှိ ဆွေမျိုးသားချင်းတွေရဲ့ ခံစားချက်ကို ထိခိုက်စေမယ့် အန္တရာယ်ရှိ အဖြစ်အပျက်တွေ ထပ်မဖြစ်စေဖို့နဲ့ ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေးကို ထပ်ပြီး မထိခိုက်စေဖို့ အာမခံပါကြောင်းလည်း ဆိုပါတယ်။
Source-Reuters