တော်လှန်ရေးကောင်စီဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီးနေဝင်းမှ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး ဦးနေဝင်းသို့ အာဏာလွှဲပြောင်း ပေးလိုက်ကြောင်း မဟုတ်တော့။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယာယီသမ္မတ ဦးမင်းအောင်လှိုင်သို့ အာဏာလွှဲပြောင်းလိုက်သည်။ အော်ပီကျယ်ရဲ့ နံပါတ်ပြောင်းပြီး လူမပြောင်းတဲ့ ကာတွန်းတပုဒ်ကို သွားပြီး သတိရလိုက်မိပါတယ်။ ပုလင်းသာ ပြောင်းပေမဲ့ ဆေးမပြောင်းဘူးတဲ့။ ဇာတ်ဝတ်ဇာတ်စားသာ ပြောပေမဲ့ ဒီဇာတ်က ဒီဇာတ်ပဲတဲ့။
မင်းအောင်လှိုင်ရဲ့ ယာယီသမ္မတလုပ်ရပ်ဟာ သူ့ယခင်ဗိုလ်ချုပ်ကြီးတွေရဲ့ လမ်းဟောင်းအတိုင်းပါပဲ။ ဘာမှမထူးခြားပါဘူး။ အာဏာအဝဝကို အလုံးစုံ ချုပ်ကိုင်ထားမြဲပါပဲ။ ဘာမှမထူးခြားဘူးဆိုပေမဲဲ့ တခုထူးခြားတာကတော့ ၂၀၀၈ ခြေဥကို ရစရာမရှိအောင် စက္ကူစုတ်အဖြစ် ပြောင်းလဲပေးလိုက်တာပါပဲ။ သိကြတဲ့အတိုင်း ၂၀၀၈ ဖွဲ့စည်းပုံဆိုတာ စစ်အုပ်စုရဲ့ ကျမ်းစာတခုပါ။ စစ်အုပ်စုကို ရပ်တည်ခွင့်ရအောင် ဖန်တီးပေးထားတဲ့ စင်မြင့်တခု။ စစ်အာဏာကို ထုနဲ့ထည်နဲ့ တည်ဆောက်ပေးမယ့် မဟာတံတိုင်းကြီး။ အဲဒီလို ကြန်အင်လက္ခဏာတွေ ပြည့်စုံတော်မူထသော စစ်အုပ်စုရဲ့ ၂၀၀၈ ခြေဥကြီးကို ရစရာမရှိတဲ့ ခြေနင်းဖတ်သဖွယ်၊ အိမ်သာသုံးစက္ကူသဖွယ် ဖျက်ဆီးပစ်လိုက်တာကတော့ ဗိုလ်ချုပ်မှူးကြီး အာဏာရူး မင်းအောင်လှိုင်ပဲ ဖြစ်ပါတယ်။ အရပ်သားအစိုးရ လက်ထက်တုန်းကတောင် ၂၀၀၈ ကိုပြင်ဆင်ဖို့ ကြိုးစားခဲ့ကြပေမဲ့ ထင်သလောက် ခရီးမပေါက်ခဲ့ဘူး။ အခု အာဏာရူး မင်းအောင်လှိုင် လက်ထက်ကျမှပဲ ၂၀၀၈ ဟာ ကိစ္စတုံးသွားတော့တယ်။ နိဂုံးချုပ်သွားပါတော့တယ်။ ထားပါတော့။
စစ်အုပ်စုကို တရုတ်က လက်မခံတော့တာ၊ ရုရှားက မကူနိုင်တော့လို့ အခုလို ရူးရူးမိုက်မိုက် လုပ်ပစ်လိုက်တာ ဆိုတဲ့ သုံးသပ်ချက်တွေကလည်း တပိုင်းပေါ့။ တရုတ်ဆိုတာကလည်း သွားလေသူ တိန့်ရှောင်ဖိန်ရဲ့ အယူအဆအတိုင်း “ကြောင်ဖြူဖြူ၊ မဲမဲ ကြွက်ရဖို့ အဓိက” ဆိုတဲ့ အစိုးရပဲ။ ဟိုတုန်းက ကားလ်မတ်စ်တို့ ခေတ်ကာလတွေတုန်းကတော့ “We have nothing to lose but chains” ဆိုပြီး ကွန်မြူနစ်တွေ ကြွေးကြော်ခဲ့ကြတာ။ အခု ခေတ်သစ် တရုတ်အစိုးရကတော့ “ငါတို့မှာ အကျိုးစီးပွားကလွဲလို့ ကျန်တဲ့ဆုံးရှုံးစရာ ဘာမှမရှိ။” လို့ ပြောနေတဲ့အတိုင်းပါပဲ။ ပြည်သူ့ထောက်ခံမှုတွေ၊ နိုင်ငံရေးကျင့်ဝတ်တွေ၊ ဥပဒေတွေကို ဘေးချိတ်လို့ ကိုယ်ကျိုးစီးပွားကိုသာ အာသာငမ်းငမ်း ရှာဖွေနေကြသူတွေပါပဲ။ ဒါကြောင့် သူတို့စီးပွားရေးအကျိုးအမြတ်ရရင်၊ သူတို့ရဲ့ စီးပွားရေးမြှုပ်နှံမှုတွေကို လုံခြုံစေတယ်ဆိုရင် မင်းအောင်လှိုင်တို့ကို ထောက်ခံမှာပဲ။
မင်းအောင်လှိုင်ဟာ အာဏာအလွန်အကျွံရူးနေတာကြောင့် အာဏာသိမ်းခဲ့တာပဲ။ ဒါကို NLD က မဲမသမာမှုတွေရှိလို့ ဆိုပြီး မိုးကြိုးပစ်ရာ ထန်းလက်ကာပြီး ပြောခဲ့သေးတာ။ အခု ယာယီသမ္မတဆိုပြီး သူ့ကိုယ်သူ ပြန်ခန့်လိုက်တော့ သူ့ရဲ့ အဖြစ်မှန်၊ သူ့ရဲ့ အာဏာရူးနေတဲ့ အဖြစ်ဟာ လယ်ပြင်မှာ ဆင်သွားသလို ထင်းထင်းကြီး ပေါ်လာတာပါပဲ။ အခုလို ယာယီသမ္မတရာထူးကို ကိုယ့်ဘာကိုယ် ပြန်ခန့်ရတဲ့အထိ ရူးမိုက်နေရတဲ့ နောက်ထပ် အကြောင်းအရင်းကတော့ ပြည်တွင်းက တော်လှန်ရေးလှိုင်းတံပိုးတွေကြောင့်ပါပဲ။
စစ်မိစ္ဆာတပ်ရဲ့ ထုံးစံအတိုင်း အောက်ခြေမှာ ဘာဖြစ်ဖြစ် အထက်ကို တင်ပြတဲ့အခါမှာတော့ “အားလုံးကောင်းပါသည်ခင်ဗျား” ဆိုပြီး လုပ်ကြတာပေါ့။ ဒါပေမဲ့ ၁၀၂၇ ပထမလှိုင်းကစပြီး အဲ့လို လိမ်ဆင်တွေဟာ အလုပ်မဖြစ်တော့ပါဘူး။ သူ့ရဲ့ စစ်မိစ္ဆာတပ်ကြီး မရှုမလှဖြစ်နေပြီ ဆိုတာကို အာဏာရူး မင်းအောင်လှိုင်တယောက် သိလာပါပြီ။ သူကိုယ်တိုင်တောင် တိုက်ခိုက်ခံနေရပြီမလား။ ပြင်ဦးလွင်စစ်တက္ကသိုလ်လာတုန်းက၊ အေလာလေဆိပ် တိုက်ခိုက်ခံရတုန်းက စတဲ့အဖြစ်အပျက်တွေက သူ့ရဲ့ နောက်ဆုံးအခြေအနေတွေကို ရိပ်စားမိစေမှာပါ။
မလောက်လေးမလောက်စားကောင်တွေပါကွာလို့ ထင်ထားခဲ့သူတွေက အခုလို မထင်မှတ်ထားတာတွေ လုပ်ပြလာတော့ မင်းအောင်လှိုင်တယောက် အတော်လေးရှော့ခ် (shocked) ဖြစ်မှာ သေချာတယ်။ ကြည့်ပါဦး။
ရခိုင်မှာ AA ရဲ့ ထိုးစစ်က ကြောက်ခမန်းလိလိ။ ဒီနှစ်ကုန်အတွင်း AA က ရခိုင်တပြည်လုံးကို သိမ်းပိုက်နိုင်တော့မယ့် အနေအထားအထိ ရောက်ရှိနေပြီ။ ရခိုင်ပြည်က စီးပွားရေးလုပ်ငန်းတွေ၊ စီမံကိန်းလုပ်ငန်းတွေဟာလည်း AA ရဲ့ တော်လှန်ရေးလှိုင်းတွေအောက်မှာ ဟော...တခါ၊ ဟော…တခါနဲ့ မြုပ်ကုန်ကြပြီ။ ကချင်ဘက်မှာလည်း ထိုးစစ်အရှိန်က အခုထိ မတန့်သေး။ ခနတဖြုတ် နားတာပဲရှိတယ်။ ဒီစာရေးနေတုန်းမှာတင် ကချင်ပြည်နယ်ဘက်မှာ ထိုးစစ်ပြန်စပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက စတင်ခဲ့တဲ့ ရှမ်း-မန်း စစ်ဆင်ရေးကတော့ ဘာပြောကောင်းမလဲပေါ့။ တကယ့်ကို ခြိမ့်ခြိမ့်သဲသဲ ရှိလှပါတယ်။ ၃ နှစ်သား ပဒက်ဆိုပြီး စစ်အုပ်စုအသိုင်းအဝိုင်းက နှိမ့်ချခေါ်တဲ့ PDF တွေဟာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးမြို့နဲ့ မိုင် ၅၀ ကျော်သာ ဝေးတော့တဲ့ စဉ့်ကူးမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်တဲ့အဆင့်ကို ရောက်ရှိခဲ့ပြီ။ ထို့အတူ TNLA၊ တခြားသော မဟာမိတ်တွေနဲ့ ပူးပေါင်းကာ ကျောက်မဲ၊ မိုးကုတ်၊ နောင်ချို အစရှိတဲ့မြို့တွေကို ရွပ်ရွပ်ချွံချွံနဲ့ တိုက်ခိုက်သိမ်းပိုက်နေကြပြီ။ မိုးကုတ်ကလည်း တမြန်မနေ့ကတင် တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ ကျရောက်သွားပြီ။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိတဲ့ လားရှိုးမြို့ဟာလည်း မနေ့ကတင် MNDAA ဦးဆောင်တဲ့ မဟာမိတ်တပ်ပေါင်းစုတွေလက်ထဲ ကျရောက်သွားခဲ့ပါပြီ။ တကယ်ဆို လားရှိုးဆိုတာ ၁၀၂၇ ပထမလှိုင်းပြီးကတည်းက ကျကျနနနဲ့ ခံစစ်ပြင်ဆင်ထားတဲ့ ဧရိယာပါ။ တပ်သားအင်အားတွေ ဖြည့်ထားသလို လက်နက်တွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေပါ ဖြည့်ဆည်းထားတာပါ။ ဒါကြောင့် စစ်အုပ်စုဘက်က အခု ရှမ်း-မန်း စစ်ဆင်ရေးမှာတော့ လားရှိုးမကျနိုင်တော့ဘူးဆိုပြီး အာကျယ်ခဲ့ကြတာပေါ့။ ဒါပေမဲ့ ရက်ပေါင်း ၂၀ ကျော်ကြာ ထိုးစစ်ဆင်ပြီးသကာလ လားရှိုးဟာ တော်လှန်ရေးတပ်တွေရဲ့ ခြေအစုံမှာ ဝပ်ဆင်းခဲ့ရပါပြီ။ ထုံးစံအတိုင်း လက်နက်ချ အညံ့ခံတဲ့ စစ်တပ်ကလူတွေလည်း မနည်းမနောပါပဲ။ ပြည်တွင်း တော်လှန်ရေးအင်အားစုတွေရဲ့ တော်လှန်ရေးကို ရှေ့ကို ဆက်ချီတက်နေဆဲပါ။ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်ချီတက်နေဆဲပါ။ ဒီလို အရှိန်ကောင်းကောင်းနဲ့ ချီတက်နေတာကို အာဏာရူး မင်းအောင်လှိုင် သိပုံရပါတယ်။ ဒါကြောင့် နောက်ဆုံး ဂိတ်ဆုံးရောက်ခဲ့ရင်တောင် ငါအရူးထနေတဲ့ သမ္မတရာထူးလေးကိုတော့ ငါရအောင်လုပ်လိုက်ဦးမယ်။ တလတန်သည် နှစ်လတန်သည် နေရနေရပေါ့။ ပြည်သူထောက်ခံမှုမရဘဲ နေရနေရပေါ့။
မင်းအောင်လှိုင် ဘာဆက်လုပ်မလဲ။ အာဏာရူး၊ သမ္မတရူး မင်းအောင်လှိုင် ဘာဆက်လုပ်မှာလဲ။ ဘာဆက်လုပ်တတ်မလဲ။ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ စစ်အုပ်စုက ဘာများ ဆက်လုပ်တတ်ဦးမှာလဲ။ သူတို့လုပ်တတ်တာဆိုလို့ သူတို့ရဲ့ လူယုတ်မာစကားနဲ့အညီ ရှေ့ဆက် အစွမ်းကုန် ယုတ်မာပက်စက်ဦးမှာပါပဲ။ သူတို့ နေစရာဘောင် ကျဉ်းလာလေလေ လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပိုများများလုပ်လေလေ၊ လက်နက်ကြီးတွေ၊ လက်နက်ဆန်းတွေနဲ့ တိုက်ခိုက်လေလေပါပဲ။ အဲဒါကလွဲလို့ ဘာမှလုပ်စရာမရှိတော့ပါဘူး။ အခုချိန်မှာတော့ မလုပ်ရဲတာ ဘာမှမရှိရုံတင် မကတော့ဘူး။ လုပ်စရာလည်း အဲ့တနည်းကလွဲလို့ ဘာမှမကျန်တော့ပါဘူး။
တော်လှန်ရေးဘက်ကလည်း အခုထက် ပိုမိုအချိတ်အဆက်မိမိနဲ့ CoC အောက်မှာ စနစ်တကျ စုစည်းတိုက်ခိုက်မယ်ဆိုရင် မကြာခင်မှာ စစ်အုပ်စုရဲ့နိဂုံးဟာ ကျိန်းသေပေါက် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ နေဝင်ချိန်ကို အနှစ် ၇၀ ကြာပြီးတဲ့နောက် မျက်ဝါးထင်ထင် မြင်တွေ့ကြရတော့မှာပါ။
တင်ဦး