(က)
ဥပုသ်စောင့်ဖို့ခေါ်၍ အဘစောမူးသာ၊ စစ်ပြန်ကြီး အဘလုံးတုံးတို့နှင့် တောင်ကျောင်းသို့ ရောက်ခဲ့ပါလေ၏။ သူတို့ငယ်ပေါင်းဆရာတော်က ၈ နာရီမှာ သီလပေးကာ ၉ နာရီမှာ ပြီးဆုံးပါလေ၏။
ဤကား ဆရာတော်၏ ထုံးစံဟူ၏။
ဆရာတော်က ‘မေတ္တာ’ ၏ အစွမ်းသတ္တိကြီးမားပုံများကို ဥပမာတွေပေးကာ ဟောကြားပါလေ၏။ ‘ရန်သူ’ ကိုတောင်မှ မေတ္တာထားကြရန် ဟောကြားပါ၏။
ပြီးသည့်အခါ ‘ငါးပါးသီလ’ ကိုသာ လူတိုင်း လူတိုင်း စောင့်ထိန်းနိုင်ပါလျှင် တိုင်းပြည်မှာ ဘာဥပဒေမှ မထားလျှင်တောင်မှ အေးချမ်း သာယာဝပြောမည်ဟုလည်း ဟောကြားပါလေ၏ ခင်ဗျာ။
တရားနာပရိသတ်ကို ၈ ပါးသီလ ပေးပါလေ၏။ ၉ နာရီကွက်တိမှာ အဆုံးသတ်ပြီး ကျောင်းအပေါ်ထပ်သို့ ပြန်ကြွလေရာ ကျွန်ုပ်တို့လည်း လိုက်ပါသွားကြပါ၏။ အဘစိမ်းမောင်က ရေနွေးကြမ်းနှင့် ဥပုသ်သည်များ၏ဒါန မုန့်အချိုများကို လာချပေးပါလေ၏။
ဆရာတော်မှာ ၁၁ နာရီအတိမှ ဆွမ်းဘုန်းပေးမည်ဖြစ်ရာ ကျွန်ုပ်တို့ ရေနွေးကြမ်းဝိုင်းနှင့် မလှမ်းမကမ်းက ကုလားထိုင်မှာ စံတော်မူနေပြီး စကားလှမ်းလှမ်းပြောပါလေ၏။ အဘစောမူးသာက ဤသို့လျှောက်ထားပါ၏။
“အရှင်ဘုရားဟောသလို ‘သီလငါးပါး’ သာ လူတိုင်းစောင့်ထိန်းရင် နိုင်ငံအေးချမ်းသာယာမယ် ဆိုတာ အမှန်ပဲဘုရာ့”
“အိမ်း . . ဒါ အမှန်ပဲလေကွာ၊ မစောင့်ထိန်းရင်တော့ အေးချမ်းမှာမဟုတ်ဘူး”
“ဒါနဲ့ အရှင်ဘုရားတို့ ‘စကစဥက္ကဋ္ဌကြီး’ ကော ငါးပါးသီလ လုံခြုံရဲ့လား၊ ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံရဲ့လား”
“အဲ . . . သူ . . . သူက ဘုရားဒကာကြီးပဲကွာ၊ ငါးပါးသီလ လုံမှာပါ”
“ဟား ဟား ဟား ဟား ဟား ဟား”
“ဘာထရယ်ကြတာလဲ ဟကောင်တွေရ”
“သဘောကျလို့ပါဘုရာ့ . . . ဘုရားဒကာကြီးက လူလည်းသတ်ပုံမရဘူး၊ သေေရသေရက်လည်း သောက်ပုံမရဘူး၊ သူတပါးဥစ္စာလည်း ခိုးပုံမရဘူး၊ သူတပါး သားမယားလည်း ပစ်မှားပုံမရဘူး၊ လိမ်ညာလည်း ပြောတတ်ပုံမရပါဘူး ဘုရား”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
(ခ)
စိမ်းသရဖူစိမ်း အဘစိမ်းမောင်က သိပ်မပြောရန် မျက်ရိပ်တွေ ပြနေပါလေ၏။ ခဏနေတော့ ဆရာတော်လည်း ရေပဲသုံးသပ်တော့မလိုလို ကုဋီပဲတက်တော့မလိုလိုဖြင့် စကားဝိုင်းမှ အသာလစ်ကာ ကြွသွားပါလေတော့၏။
“မင်းတို့ကွာ . . . ကိုယ်တော့်ကို ဘာတွေ လျှောက်မေးနေတာလဲ”
“ဟဲဟဲ ဟဲဟဲ ဟဲဟဲ . . . ငါတို့လျှောက်တဲ့အထဲမှာ ဘာများ အမှားပါသွားလို့လဲ စိမ်းမောင်ရာ”
“မင်းတို့ပဲ နစကဥက္ကဋ္ဌကြီး ‘ငါးပါးသီလ’ လုံရဲ့လားဆို”
“အေးလေကွာ . . . ဘာအမှားပါလို့လဲ”
“အဲ . . . ဒါပေမဲ့ အဲသလိုကြီးတော့ မမေးသင့်ဘူးလေကွာ”
“ဘာဖြစ်လို့လဲဟ . . . မင်းတို့အဘ မအလကြီးက သီလငါးပါးလုံး ကျိုးပေါက်နေတဲ့သူမို့လား”
“ဟား ဟား ဟား ဟား ဟား ဟား”
အဘစိမ်းမောင်နောက်မှာ သူတို့ပါတီမှ အမာခံ ‘စိမ်းမောင်မောင်တွေ’ လည်း ရှိနေပါလေရာ အဘစိမ်းမောင်မှာ မျက်နှာကြီး တင်းနေပါလေ၏။ ပြောမနာဆိုမနာ ငယ်ပေါင်းသူငယ်ချင်း ယောက်ဖတွေ ဆိုတော့လည်း အရွှင်အဘတွေက ပေါ့ပေ့ါပါးပါး ဆက်ဟားကြပါလေ၏။
“ဒီမယ် စိမ်းမောင် . . . မင်းတို့အဘ ကြင်စိုး သာဝ မအလကြီးက သူဟာ ဖွဲ့စည်းပုံနဲ့အညီ အာဏာထိန်းခဲ့တာလို့ အကြိမ်ကြိမ် ပြောခဲ့တယ်နော်”
“အေးလေကွာ . . ဖွဲ့စည်းပုံနဲ့အညီပဲကွ၊ ဘာဘောင်မှ မကျော်ဘူး”
“ကဲကွာ . . . ဒါဆိုရင် အခု သူ့ကိုယ်သူ ‘ယာယီသမ္မတ’ ခန့်အပ်လိုက်တယ်ဆိုတော့ အဲဒါ အခြေခံဥပဒေရဲ့ အခန်းဘယ်လောက် စာမျက်နှာဘယ်ေလာက်မှာပါတဲ့ ပုဒ်မဘယ်လောက်နဲ့ ခန့်အပ်လိုက်တာလဲ”
“အဲ . . . ဟို . . . ဒီ . . . ဒီလို”
“အေး . . အဲဒါပဲကွ စိမ်းမောင်ရ၊ မအလဟာ လုံးဝကို ရူးသွားပြီ၊ ထမင်းလွတ် ဟင်းလွတ် ဖြစ်ပြီး နောက်ရက်ဆို အဝတ်အစားတောင်မှ ကပ်ပါတော့မလား”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
“မူးသာပြောတော့ လိုင်းပေါ်က ဆရာထင်လင်းဦးရဲ့ကဗျာလေး သတိရမိသကွာ”
“လုပ်စမ်းပါအုံး လုံးတုံးရ”
ကဗျာအမည်မှာ ‘အို . . . ဘာတဲ့’ ဟုပြောကာ ကဗျာကလေးကို ရွတ်ပြပါ၏။
“ငါ့တိုင်းပြည်မှာ ငါဘုရင်
ဘယ်သူဘာပြောချင်သလဲ။
ဖုဿ ရထား
ငါ့ အ နား ငါ
ငါ့ဘာသာမောင်းလာသဟဲ့။
ရာဇဘိသိက်
ငါ့ ထိ ပ် ငါ ရေ ဖျ န်း
မင်းခမ်းတော် ဖွင့်သဟဲ့။
ရှရီဘုဝန အာဒိစ္စရာဇာ
ဘွဲ့မ ည် စာ ရွှေ လိ ပ်
ငါ့ န ဖူး ငါ ချိ တ် မ ဟဲ့ ။
ဘယ်သူ ဟင် ဟင် မဟင်ဟင်
ဘယ်သူ တင် တင် မတင်တင်
ဘယ်သူ ချဉ် ချဉ် မချဉ်ချဉ်
ဘယ်သူ ကြဉ် ကြဉ် မကြဉ်ကြဉ်
အို လေ လေ ဘာတဲ့ . . .
ရွှံ့ ဖုံး ဒေါ် သ ခ င်
ငါ ဘု ရ င် . . . ဟဲ့”
“ဟား ဟား ဟား ဟား ဟား ဟား”
(ဂ)
ကဗျာကလေးကို သဘောကျ၍ ဝါးကနဲ ရယ်ချကြလေရာ အဘစိမ်းမောင်၏ အစိမ်းတပ်ဖွဲ့ဝင်တွေပါ ပါနေ၍ အဘစိမ်းမောင်မှာ ကျွနုပ်တို့ကိုသာမက သူ့လူများကိုပါ ဘုကြည့် ကြည့်ပါလေ၏။
“အာဏာသိမ်းလို့မရအောင် အသေအချာ ရေးဆွဲထားတဲ့ ဦးသန်းရွှေရဲ့ ၂၀၀၈ ခြေဥကြီးကို မအလက ချီးကုန်းစက္ကူ လုပ်ပစ်ခဲ့တာလေကွာ”
“အာ . . . . .”
“သူ့ရည်မှန်းချက် အိပ်မက် သူ့ ‘ရူးသွပ်’ မှုက သူဟာ မြန်မာနိုင်ငံတော်မှာ ‘သမ္မတ’ ဖြစ်ခဲ့ဖူးတယ် ဆိုတဲ့ဟာပဲကွ”
“အ . . . . .”
“၂၀၂၀ ရွေးကောက်ပွဲကြီးပြီးတော့ သူက NLD က လူကြီးတွေကို သွားတွေ့တယ်၊ သူ့ကို ‘သမ္မတ’ ပေးလုပ်ဖို့ တောင်းတယ်၊ ၂၀၀၈ ခြေဥရဲ့ ဥပဒေအရ ဘောင်မှမဝင်ဘဲ၊ ဘယ်လိုလုပ် ပေးမလဲ”
“အဲ . . . . .”
“အဲသည်မှာ ဒီ (--) အတော်ရှက်ရသွားပြီး ၂၀၀၈ ခြေဥအရ ဘယ်လိုနည်းနဲ့မှ သိမ်းခွင့်မရှိတဲ့ အာဏာကို သူသိမ်းခဲ့တာ ဒီကောင်ကြီး ‘ရူး’ နေလို့ပေါ့ကွာ”
“အာ . . . .”
“သူက ပထမတော့ ယဉ်ယဉ်လေးနဲ့ ‘သမ္မတရူး’ ရူးခဲ့တာ၊ ခုတော့ လုံးဝကို ထိန်းမရအောင် ‘သွက်သွက်ခါ’ သွားပြီကွ”
“အ . . . . .”
“အရင်က ထင်ရာပြော ထင်ရာလုပ်ရာကနေ အခုဆိုရင် အားလုံးဝိုင်းဖမ်းချုပ်ပြီး ‘စိတ်ကျန်းမာရေးဆေးရုံကြီး’ ကိုပို့၊ ခုတင်မှာ လက်ထိပ်ကော ခြေထိပ်ပါ ခတ်ထားရမယ့်အဆင့်အထိကို ရောက်သွားပြီဟ”
“အေးကွ မူးသာရ . . . လက်ရှိ သူ့ဘေးနားမှာရှိနေတဲ့သူတွေ အနေနဲ့ ဒီအရူးကို ဒီအတိုင်းထားမယ်ဆိုရင် မျောက်လက်ထဲ စက်သေနတ်ရောက်တဲ့ အဖြစ်ဆိုးမျိုးနဲ့ မကြာခင်တနေ့ တိုးကြရတော့မှာ၊ သူတို့ အရင်ဆုံး ဂန့်မှာ”
“ဟားဟား ဟားဟား ဟားဟား”
အရယ်ရပ်တော့ အဘစောမူးသာက “‘မျောက်လက် စက်သေနတ်’ ဆိုတဲ့ စကားကိုကြားရတော့ ငါလည်း မင်းလိုပဲ ဆရာထင်လင်းဦးရဲ့ ‘မီးခြစ်နဲ့ အရူး’ ဆိုတဲ့ ကဗျာကလေးကို ပြေးသတိရမိသကွာ” ဟု ဆိုပါလေ၏။
“ဒါဆိုလည်း ရွတ်ပြလေကွာ” ဟု တောင်းဆိုတော့ အဘစောမူးသာက လက်ကာပြကာ သူ့ဖုန်းထဲမှာ ရှာနေပါလေ၏ ခင်ဗျာ။ တွေ့ပြီဆိုတော့ ပြုံးစိပြုံးစိလုပ်ကာ ရေနွေကြမ်းတခွက်ကို မော့ချကာ လည်ချောင်းရှင်းလိုက်ပါလေ၏။ ပြီးသည့်အခါ ကဗျာကလေးကို ဋ္ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုပြပါလေတော့၏။
“အ ရူး ဆို တာ က
သူ့ဘာသာသူ ဆိုဆို ကက
ပြဿနာ မရှိလှဘူး။
မီး ခြ စ် ဆို တာ က
သူ့ဘာသာသူနေရင်းနဲ့
မီးတောက် ထွက်မလာဘူး။
အ ရူး လ က် ထဲ
မီးခြစ်ရောက်သွားအခါ
ဒါ ထ က် ဆိုး တာ က
မီးခြစ်ကိုင်ထားတဲ့သူ
ရူး သွား တဲ့ အ ခါ
အရူးလက်ထဲက မီးခြစ်ကို
မရရအောင် ပြန်ယူကြ
အဲဒီလိုမှမဟုတ်ရင်တော့
ဘယ်အချိန် ရွာ ပြာကျမလည်း
ဘုရားသာ တနေပေတော့”
ဖေကြီး(လေရှီး)