လောကမှာ တကယ်မရှိခဲ့ဘူးဘဲ ဒဏ္ဍာရီဆန်ဆန် သတ္တဝါပုံတမျိုးဖြစ်တဲ့ မနုဿီဟရုပ်တုကို ရှေးခေတ်ကလူတွေရဲ့ စိတ်ကူးဉာဏ်ကွန့်ပြီး မြန်မာနိုင်ငံရဲ့ ဘုရားပုထိုးတချို့ရဲ့ ထောင့်တွေမှာ လူသားတွေအပေါ် အန္တရာယ်မကျရောက်စေဖို့နဲ့ ဘီလူးဘေး ကင်းဝေစေအောင် ရည်ရွယ်ပြီး ဖင်နှစ်ခွပုံစံကို ထည့်သွင်းဖန်တီး ဆောက်လုပ်ထားတတ်ကြပါတယ်။
အကြီးမားဆုံးနဲ့ အချိုးအကျဆုံး မနုဿီဟရုပ်တုပုံ ပန်းတမော့၊ ပန်းတော့၊ ပန်းရန် လက်ရာတွေကိုတော့ မန္တလေးမြို့နားက အမရပူရ တောင်သမန်အင်းအနီးမှာ တည်ရှိတဲ့ ကျောက်တော်ကြီးဘုရားရဲ့ ထောင့်တွေမှာ တည်ရှိတာကို စာဖတ်ပရိသတ်တချို့ သိပြီးသား တွေ့ဖူးပြီးသား ဖြစ်မှာပါ။ မုံရွာနားက မိုးညှင်းသမ္ဗုဒ္ဓေဘုရား ထောင့်တွေမှာလည်း မနုဿီဟရုပ်တွေ ရှိသလို မွန်ပြည်နယ် သထုံမြို့ရဲ့ အရှေ့မြောက်ထောင့် တောင်ထိပ်အထက်မှာ မနုဿီဟကျောက်ရုပ်တု ရှိပါတယ်။
မနုဿီဟဆိုတဲ့ စကားစုဟာ ပါဠိစကားက ဆင်းသက်လာတာဖြစ်ပြီး လူခြင်္သေ့လို့ အဓိပ္ပာယ် ထွက်ပါတယ်။ ခြင်္သေ့ကိုယ်မှာ အချွန်အတက်ပါတဲ့ မဏိုဋ်ဆောင်း လူဦးခေါင်းတပ်ဆင်ထားတဲ့ အရုပ်ဖြစ်တာကြောင့် လူတပိုင်း ခြင်္သေ့တပိုင်း (သို့) မနုဿီဟလို့ ခေါ်တွင်လာဟန်တူတယ်လို့ ရှေးဟောင်း မြန်မာဒီဇိုင်းနဲ့ ရိုးရာကနုတ်ပန်း (ဦးအေးမြင့်) က ရှုမဝမှာ ရေးသားတင်ပြထားတဲ့ မနုဿီဟအကြောင်း ဖတ်ရှုခဲ့ရဖူးပါတယ်။
မနုဿီဟ ဖင်နှစ်ခွ ဖြစ်နေခြင်းဟာ အဲဒီရုပ်တုတွေကို ဘုရားပုထိုးရဲ့ (ထောင့်) နေရာမှာ ထားလေ့ရှိတာမို့ နေရာလိုက်လျောစေလိုတဲ့ ဒီဇိုင်းအယူအဆအရ ဖြစ်ဟန်ရှိတယ်လို့ ဆရာဦးအေးမြင့်က သုံးသပ်ထားပါတယ်။ ဒီတော့ မနုဿီဟ လူတပိုင်း ခြင်္သေ့တပိုင်းရဲ့ တာဝန်က သူစောင့်နေရတဲ့ ထောင့်ရဲ့ဘေးနှစ်ဖက်ကို ကာကွယ်စောင့်ရှောက်ပေးဖို့ ဖြစ်ပါတယ်။ ဘေးနှစ်ဖက်က ချဉ်းကပ်လာမယ့် ဘေးအန္တရာယ်တွေကို တားဆီးရမှာ မနုဿီဟရဲ့ အလုပ်သဘော ဖြစ်ပါလိမ့်မယ်။
ဒီကနေ့ မျက်မှောက်ခေတ် မြန်မာနိုင်ငံမှာတော့ အဲဒီလို ဖင်နှစ်ခွ မနုဿီဟရုပ်တုရဲ့ မူလတန်ဖိုးဖြစ်တဲ့ လူသားတွေအတွက် ဘေးနှစ်ဖက်က အန္တရာယ်ကို ကာကွယ်ပေးရမယ့် တာဝန်နဲ့ ဆန့်ကျင်ဘက် ရည်ရွယ်ချက်ဆိုးနဲ့ ပြည်သူလူထုဘဝကို ဒုက္ခနည်းမျိုးစုံပေးဖို့ ခွေးခြင်္သေ့တကောင်မှာ ဖင်လေးခွရှိသလို ရာထူးကုလားထိုင် ၄ လုံးကို ခွထိုင်နေတဲ့ စစ်ဓားပြဂိုဏ်းခေါင်းဆောင် အာဏာရူး မင်းအောင်လှိုင်ကို ဗရုတ်ဿီဟ ဖင်လေးခွ သုနခေါသီဟ မင်းအောင်လှိုင်လို့ပဲ နာမည်ပေးချင်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်တုန်းက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် ယာယီသမ္မတ တာဝန်ဝတ္တရားတွေကို ဗရုတ်ဿီဟ ဖင်လေးခွ စစ်ဓားပြ မင်းအောင်လှိုင်ထံ လွှဲပြောင်းပေးလိုက်ကြောင်း စစ်ဓားပြကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ တိုင်းပြည်ကို မနိုင်နင်းစွာ အုပ်ချုပ်စီမံပြီး သူကိုယ်တိုင်နဲ့ စစ်တပ်ကို အလုံးစုံပျက်သုဉ်းစေဖို့ ရူးသွပ်မိုက်မဲစွာ အရှက်သိက္ခာမဲ့ ပြုမူလာတဲ့လုပ်ရပ်ပဲ ဖြစ်ပါတယ်။
သမ္မတရူး မင်းအောင်လှိုင်ကို ဘာကြောင့် ဗရုတ်ဿီဟ ဖင်လေးခွ သုနခေါသီဟလို့ နာမည်ပေးရသလဲဆိုတော့ မနုဿီဟဆိုတဲ့ လူခြင်္သေ့လို ထောင့်နှစ်ဖက်မှာ လူသားအကျိုး ကာကွယ်စောင့်ရှောက်မယ့် မွန်မြတ်တဲ့ ပုံရိပ်ကောင်းလည်း မရှိဘဲ အများပြည်သူကို ဒုက္ခပေးဖို့ ရာထူးထိုင်ခုံ ၄ ခုဖြစ်တဲ့ စစ်ဓားပြ အကြမ်းဖက်ကောင်စီဥက္ကဋ္ဌ ထိုင်ခုံ၊ နိုင်ငံတော်ဝန်ကြီးချုပ် ထိုင်ခုံ၊ ကာချုပ်ရာထူး ထိုင်ခုံနဲ့ အခုနောက်ဆုံး ယာယီသမ္မတ ထိုင်ခုံကိုပါ ခွထိုင်နေတာမို့ မနုဿီဟအစား ဗရုတ်ဿီဟ (ဗရုတ်သုတ်ခ)၊ သီတဂူပြောသလို ခြင်္သေ့မင်းမဟုတ်ဘဲ သုနခေါသီဟ ဆိုတဲ့ ခွေးခြင်္သေ့မင်းသာ ဖြစ်နေလို့ပါပဲ။
တကယ်တော့ ဗရုတ်ဿီဟ ဖင်လေးခွ - သုနခေါသီဟ ခွေးခြင်္သေ့ မင်းအောင်လှိုင် ယာယီသမ္မတထိုင်ခုံနဲ့ စစ်ဓားပြ အကြမ်းဖက်ကောင်စီဥက္ကဋ္ဌ ထိုင်ခုံကို တရားဥပဒေမဲ့ အရှက်မရှိ ဇွတ်ခွထိုင်ရတဲ့ အဓိကအကြောင်းရင်း ၄ ရပ်ကတော့ သူလုယူထားတဲ့ အာဏာ၊ ခိုးဝှက် ဓားပြတိုက်ထားတဲ့ ဥစ္စာပစ္စည်းတွေနဲ့ စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ထားတဲ့ အပြစ်တွေကနေ သူ့အသက်နဲ့ ကြံရာပါ သူ့မိသားစုနဲ့ အသိုင်းအဝိုင်းဘဝကို ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့လည်း သူ့အာဏာတည်မြဲဖို့နဲ့ သက်တမ်းကုန်နေတဲ့ အကြမ်းဖက်ကောင်စီရဲ့ သက်တမ်းကို စိတ်ကြိုက်ဆက်တိုးနိုင်ဖို့ ယာယီသမ္မတရာထူးကို နာတာရှည် ဂီလာန စစ်ဗိုလ်ဟောင်း မြင့်ဆွေဆီကနေ စစ်ကျွန်အခြေခံဥပဒေနဲ့တောင် မညီဘဲ ကသောကမျော အရှက်မဲ့စွာ လုယက်လွှဲပြောင်းရယူခဲ့တာ ဖြစ်ပါတယ်။
အခုဆို အာဏာလု စစ်ဓားပြဂိုဏ်းမှာ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ စစ်မျက်နှာ အသီးသီးမှာ ခွက်ခွက်လန်အောင် စစ်ရှုံးနေရတာမို့ အသိအမှောင်ချခံရလို့ စစ်အာဏာတသိုက်ကို ကာကွယ်ပေးရင်း စစ်ဗိုလ်စစ်သားတွေ မရှုမလှ တိုက်ပွဲကျပြီး အချည်းနှီး သေဆုံးနေရသလို တချို့ အမြင်မှန်ရတဲ့ စစ်ဗိုလ်စစ်သားတွေ တပ်ရင်းအလိုက်၊ ဗျူဟာအလိုက် လက်နက်ချ အလံဖြူထောင်လို့ ပြည်သူ့ရင်ခွင်ထံ ဘက်ပြောင်းလာနေကြပြီ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် အာဏာရာထူး ထိုင်ခုံ ၄ ခုဖြစ်တဲ့ အကြမ်းဖက်ကောင်စီဥက္ကဋ္ဌ ထိုင်ခုံ၊ နိုင်ငံတော်ဝန်ကြီးချုပ် ထိုင်ခုံ၊ ကာချုပ်ရာထူး ထိုင်ခုံနဲ့ အခုနောက်ဆုံး ယာယီသမ္မတ ထိုင်ခုံတို့ကို အများပြည်သူက အလိုမတူတာ သိပါလျက်နဲ့ အရှက်အကြောက်မဲ့ ဇွတ်လုယူ ခွထိုင်ထားတာမို့ သူ့ကို ဗရုတ်ဿီဟ ဖင်လေးခွ - သုနခေါသီဟ ခွေးခြင်္သေ့ မင်းအောင်လှိုင်လို့ ခေါ်ဝေါ်သမုတ်ထိုက်ပါတယ်။
ဒါကြောင့်မို့ ဥပဒေမဲ့ တရားမဲ့ အာဏာရူးတသိုက်ကို မြန်မာပြည်သူလူထု တရပ်လုံးနဲ့အတူ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ စစ်မှန်တဲ့ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေရဲ့ တလှိုင်းပြီးတလှိုင်း အရှိန်မြှင့်လာတဲ့ စစ်ရေးတိုက်ပွဲတွေ ဟန်ချက်ညီစွာ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှုများကိုလည်း တက်စုံလှော် ရွက်ကုန်လွှင့်လာနေကြပြီမို့ ဗရုတ်ဿီဟ ဖင်လေးခွ - သုနခေါသီဟ ခွေးခြင်္သေ့ မင်းအောင်လှိုင်နဲ့ သစ္စာခံ ကျိန်စာသင့် စစ်တပ်ဟာ မကြာခင် အရှုံးပေး လက်မြှောက် ပြည်သူရှေ့ ဒူးထောက်ကြရမယ့်အချိန် နီးသထက် နီးကပ်လာပါကြောင်း။
မင်းကောင်းချစ်