(က)
မရောက်တာကြာပြီဖြစ်သည့် ရွာတောင်ကျောင်းဘက်သို့ အဘစောမူးသာရယ် အဘလုံးတုံးရယ် ဖေကြီးရယ် ထွက်လာခဲ့ကြပါပေရာ ဒီတခါတော့ ကျောင်း၏အနောက်ဘက် ငှက်ပျောတောကြီးထဲမှ ဖြတ်ဝင်ကြမည်ဟု ဆိုကြပါ၏။
ထိုငှက်ပျောတောကြီးကိုကျော်လျှင် ဆွမ်းချက်ဆောင်သို့ ရောက်ပါသတဲ့။ အလှူအတန်းတွေ အတွက်လည်း ထိုမီးဖိုဆောင်တွင်ပင် ချက်ကြပြုတ်ကြတာ ဖြစ်ပါ၏။
“ဒီငှက်ပျောတောကြီးကတော့ ဟင်းချက်အဖွဲ့ရဲ့ လွတ်မြောက်နယ်မြေပေါ့ကွ”
“ဘာဖြစ်လို့လဲ အဘ”
ထမင်းချက် ဟင်းချက်အဖွဲ့သားတွေ အမောပြေ ရီတီတီအရည်မှီဝဲလိုလျှင် အနှီ ထူထပ်လှသည့် ငှက်ပျောတောအုပ်ကြီး၏ အလယ်လောက်မှာ ကိုယ်ရောင်ဖျောက်ကာ တပ်ဖျောက်ထားကြပါသတဲ့။
ငှက်ပျောတောက ထွက်ကာနီးတော့ ဆရာတော်၏အသံကို သဲ့သဲ့ကြားလိုက်ကြပေရာ အဘစောမူးသာက “ရှူး” ဟု အချက်ပြ၍ ကျွန်ုပ်တို့ ဝစီပိတ်လိုက်ကြပါ၏။
“ဒီမယ် စိမ်းမောင် . . ရွာထဲမှာ ရုတ်ပွ ရုတ်ပွ ဖြစ်နေတယ်ဆို”
“တင်ပါ့ဘုရား . . . ကာလသားငယ်ေတွသာမက လေးဆယ်ကျော် ငါးဆယ်ေကျာ်ကြီးတွေပါ ညညဆို လွတ်ရာကျွတ်ရာ ရှောင်ရှားနေကြပါတယ်”
“တယ်ခက်တဲ့ကောင်တွေပဲ . . . စစ်မှုထမ်းဖို့အတွက် အသက်ငယ်ငယ်တွေပဲ ခေါ်မယ့်ဥစ္စာ၊ ဒင်းတို့လို အိုကြီးအိုမတွေက ဘာမဆိုင်ညာမဆိုင် ကြောက်နေရတယ်လို့ကွာ”
“အခြားရွာတွေမတော့ လေးဆယ်ကျော်တွေကော ငါးဆယ်ကျော်တွေပါ ပါပါသွားတာ မြင်နေရလို့ပါ ဘုရာ့”
“ဒါနဲ့ နေပါအုံးဟ . . . ရွာထဲကကောင်ေတွ ညညဆို ဘယ်မှာရှောင်အိပ်ကြသလဲ”
“အဲ . . ဟို . . ဟိုလေ . . အရှင်ဘုရားရဲ့ ထူထဲလှတဲ့ ငှက်ပျောတောကြီးထဲမှာ ဒီကောင်တွေ ခိုအောင်းကြတာပါဘုရာ့”
“ဟေ . . ငါ့တော့ အမှုပတ်တော့မှာပဲ”
“ဟား ဟား ဟား ဟား ဟား ဟား”
တောင်ကျောင်းကိုယ်တော့်စကားအဆုံး ကျွန်ုပ်တို့လည်း ဆွမ်းချက်ဆောင်အရောက် ဝါးကနဲ ရယ်ချမိလိုက်ကြပါလေရာ ဆရာတော်နှင့် ဒကာကျော်တို့မှာ ရုတ်တရက် ကြောင်အအ ဖြစ်သွားကြပါလေ၏။
“ပုန်းနေ ရှောင်မနေကြပါနဲ့ကွာ၊ မင့်သားတွေကို စစ်မှုထမ်းဖို့ခေါ်ရင် ထည့်လိုက်ပေါ့ကွ စိမ်းမောင်ရ”
“ဟမ် . . .”
“ဟိုဘက်ရက်ကပဲ ကိုယ်တော် မိန့်ထားတယ်မဟုတ်လား၊ အမိနိုင်ငံတော်အတွက် စစ်မှုထမ်းရမယ်တို့၊ ၂ နှစ်ထမ်းဆောင်ရမယ် ဆိုပေမဲ့ ခြောက်လပြည့်ရင် ထွက်ခွင့်ရမယ်တို့ ဘာတို့ ပြောခဲ့တယ်လေ”
“ဟေ . . .”
စိမ်းသရဖူစိမ်းဆရာတော်ကော စိမ်းဆိုမှစိမ်း ဒကာကျော်ပါ မျက်စိမျက်နှာမကောင်း။
“စစ်မှုထမ်းဖို့ဆိုတာ ရခဲတဲ့အခွင့်အရေးဖြစ်ပြီး ပထမအသုတ်မှာဆိုရင် အမေရိကန်တို့ အင်္ဂလန်တို့ကနေ မဟာဘွဲ့တွေရလာတဲ့ ပညာတတ် ပါရဂူလူငယ်တွေတောင်မှ ဝင်ကြတာဆို ဘုရာ့”
“အဲ . . အေးလကွာ . . မြဝတီမှာ အင်တာဗျူးတွေ မင်းမကြည့်ရဘူးလား”
“ဟား ဟား ဟား ဟား ဟား ဟား”
“အဲဒါ ‘ဂျင်းတွေ’ ဘုရာ့ ‘ဂျင်းတွေ’”
“အမှန်ပဲဘုရာ့ . . . အခုဟာက ကြင်စိုး သာဝ မအလရဲ့ လက်ပါးစေတပ်တွေမှာ လက်နက်ပဲရှိပြီး လူ့စွမ်းအားအရင်းအမြစ် မရှိတော့ဘဲ တပ်ပြုန်းနေပြီဖြစ်လို့ တပည့်တော်တို့လို ၇၀ နီးပါး သန်သန်မာမာကြီးတွေတောင်မှ မသန်ချင်ယောင် မမာချင်ယောင် ဆောင်နေရတယ်လေ”
“ဟေ . . .”
“ဟုတ်တယ်ဘုရာ့ . . . နောက်ပိုင်းကျရင် စစ်သားလိုအပ်ချက်အရ အရှင်ဘုရားတို့လို တပ်ထောက်ခံတဲ့ စိုစိုပြည်ပြည် သန်သန်မာမာ ဘုန်းကြီးတွေတောင်မှ လူဝတ်လဲပြီး စစ်ထဲခေါ်မယ်လို့ ကြားတယ်”
“အယ် . . .”
“ဒီတော့ ကြည့်နေ ကြည့်စား ကြည့်ပြီးထောက်ခံ၊ ပြီးမှ ဟုတ်ပေ့ဖြစ်နေပါ့မယ် ဘုရား”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
(ခ)
ရွာကအခေါ် ဦးအစိမ်းတကိုယ်တော်ကား အတော်ဦးနှောက်စားသွားပုံ ရပါ၏။ သူ၏ ပိန်းပိတ်နေသည့် ငှက်ပျောခြံကြီးကို လှမ်းငေးနေကာ သက်ပြင်းချနေတာ မြင်ရပါလေ၏။
“ငှက်ပျောတောလည်း ရှင်းအုံးမှပါပဲ”
“သူ့ဟာသူနေတဲ့ဥစ္စာ၊ ဘာဖြစ်လို့ ရှင်းမှာလဲ ဘုရား”
“မြွေပါး ကင်းပါး ကြောက်လို့ပေါ့ကွာ”
“ရွာကလူတွေ ညည လာပုန်းခိုကြလို့ မဟုတ်ဘူးလား”
“ဟားဟား ဟားဟား ဟားဟား”
ဆရာတော်က ဘုကြည့်ကြည့်ပါ၏။ အဘစောမူးသာက ပြုံးစိစိဖြင့် ‘လွှတ်’ ပြန်ပါလေ၏ ခင်ဗျာ။
“ကိုယ်တော်က ကြင်စိုး သာဝ မအလကို ကြိုက်တယ်နော်၊ ဒီလိုဆိုရင်လည်း ‘ဂူဂူ’ တို့လို ‘ကိန်ကိန်’ တို့လို ‘ပေါက်ကိုယ်တော်’ တို့လိုမျိုး ပေါ်တင်ပဲ ထုတ်ဖော်ပြသပေါ့”
“ဟေ . . .”
“အဲဒါဆို မအလလည်း ကိုယ်တော့်ကို သိသွားပြီး ‘ရေ’ ကျမယ်၊ ‘ကား’ ကျမယ်၊ ‘ဘွဲ့တံဆိပ်တော်’ တွေ ကျလာမယ်”
“ဟမ် . . .”
“အနည်းဆုံးတော့ အာဏာသိမ်းကတည်းက ဆောက်ရင်းတန်းလန် ရပ်နေတဲ့ အရှင်ဘုရားရဲ့ ဓမ္မာရုံကြီး ‘ဟီး’ နေေအာင် သူဆောက်ပေးလိမ့်မယ်”
“အယ် . . . . .”
“လောလောဆယ် အရှင်ဘုရား လုပ်ရမှာက ဟောသည် ငှက်ပျောခြံကြီးထဲက ငှက်ပျောပင်တွေကို မအလရဲ့ တပ်မေတာ်ကြီးအတွက် လှူပါတယ်လို့”
“မူးသာပြောတာ ဟုတ်တယ်ဘုရာ့၊ သူ့ဆီက အလှူငွေမကျခင် အရှင်ဘုရားက လက်ဦး အရင် လှူပြလိုက်စမ်းပါ”
“တယ် . . . ဒီကောင်တွေတော့ကွာ”
“ငှက်ပျောပင်တွေလှူလိုက်ရင် ရွာကေကာင်တွေလည်း ခိုအောင်းလို့မရ၊ မြွေတွေ ကင်းတွေလည်း ပြေး၊ မအလလည်း မုန့်ဟင်းခါးချက်ဖို့အတွက် မပူရ၊ ကိုယ်ေတာ်လည်း နိုင်ငံကျော်ဖြစ်၊ ဘွဲ့ထူးဂုဏ်ထူးတွေနဲ့အတူ အလှူငွေလည်း သိန်းထောင်ချီပြီးရ”
“သားရွှေအိုးထမ်းလာတာထက်တောင်မှ ပိုပါလိမ့်အုံးမယ် ဘုရား”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
(ဂ)
ငယ်ပေါင်းသူငယ်ချင်း အရင်းကြီးတွေဆိုတော့လည်း လူနဲ့ဘုန်းကြီးဆိုပေမဲ့ ငြင်းကြ ထေ့ကြ ရယ်မောကြတာပါပဲ။ ဒါပေမယ်လို့ အစိမ်းဆရာတော်နှင့် ဒကာကျော်မှာ မျက်နှာကြီးတွေ သုန်သုန်မှုန်မှုန်နဲ့ မရွှင်မပြ ခင်ဗျ။
သူတို့ကလည်း တကယ့်ကို အစွန်းရောက်အစိမ်းတွေဆိုတော့ တကယ့်မြေပြင်က အခြေအနေ သတင်းမှန်တွေကို မျက်ကွယ်ပြုပြီး မြဝတီကလို သတင်းအတုတွေနဲ့ မအလလိုပဲ ရသေ့စိတ်ဖြေလုပ်နေကြတာလို့ အရွှင်အဘတွေက သုံးသပ်ကြပါသဗျ။
“အရင်းစစ်တော့ ဟိုအဘွားကြီး မဲလိမ်တာကနေ စခဲ့တဲ့ဇာတ်ကွ”
“ကိုယ်တော်ကတော့ လုပ်ချလိုက်ပြန်ပါပြီ။ အကျင့် သီလ သမာဓိ ပြည့်စုံတဲ့သူကို ပစ်မှားမိရင် ကံကြီးထိုက်မှာနော်”
“ဟေ . . . . .”
“ဟုတ်တယ်လုံးတုံး . . . ရုတ်တရက်ပဲ ဆရာမောင်လှမျိုး (ချင်းချောင်းခြံ) ရဲ့ ‘ဗုဒ္ဓဝင်’ ဆိုတဲ့ ၂ ကြောင်းကဗျာလေးကို သွားသတိရမိတယ်”
“ရွတ်ပြစမ်းပါအုံး မူးသာရ”
“ပ စ် မှား ပြီး
ချစ်သားဖြစ်ချင်လို့မရ”
“ဟားဟား ဟားဟား ဟားဟား”
အစိမ်းကိုယ်တော်ကား ဘုကြည့်ကြည့်ကာ ကျောင်းပေါ်သို့ တက်သွားပါလေတော့၏။ အဘစိမ်းမောင်က ဤသို့ပြောလာပါလေ၏။
“မင်းတို့ကွာ ကိုယ်တော့်ကို အားနာစရာ”
“လမ်းမှားနေတဲ့သူကို လမ်းမှန်ပြပေးချင်တာ ငါတို့ရဲ့ တကယ့်စေတနာကွ”
“ဟမ် . . . . .”
“ဟုတ်တယ်စိမ်းမောင် . . . တကယ်တမ်း အရင်းကိုစစ်ကြည့်တော့ မအလဟာ ပြည်သူထောက်ခံအားပေးနေတဲ့ အစိုးရနဲ့ လူပုဂ္ဂိုလ်တွေကို ‘မနာလိုခြင်း’ ကနေပြီး အာဏာသိမ်းလိုက်တာ အခုလိုအခြေအနေတွေအထိ ဖြစ်လာတာပဲ”
“အဲ . . .”
“ငါလည်း ဆရာမင်းထင်ကိုကိုကြီးရဲ့ ‘မနာလိုခြင်းနိုင်ငံတော်’ ဆိုတဲ့ ကဗျာကို ပြေးသတိရမိတယ်”
“ရွတ်ပြပါအုံး တပ်ကြပ်ကြီးလုံးတုံး”
စစ်ပြန်ကြီးအဘလုံးတုံးက လည်ချောင်းတချက်ရှင်းကာ ကဗျာကို ရွတ်ပြပါ၏။
“ဒီ နို င် ငံ ကို
မနာလိုခြင်းနဲ့ တည်တယ်။
၁၉၄၇ မှာ ဂဠုန်ဦးစောက
ဦးအောင်ဆန်းကို မနာလိုဘူး။
ဟောသည့် ၂၀၂၄ အထိ
ဂဠုန်ဦးစောတွေက
ဦးအောင်ဆန်းတွေကို
မနာလိုဖြစ်နေတုန်း”
“ဖြောင်းဖြောင်း ဖြောင်းဖြောင်း ဖြောင်း”
အဘစောမူးသာက လက်ခုပ်ထတီးကာ “ကောင်းလိုက်တာကွာ” ဟု ပြောပါ၏။
အဘစိမ်းမောင်က မျက်မှောင်ကြုတ်၍ ဘုကြည့်ကြည့်ပါ၏။ ပြီးတော့ “မင်းတို့နှစ်ကောင်ဟာ အတိုင်အဖောက်ညီပြီး ‘ဖိုးသူတော်ဦးမင်းနဲ့ လူဦးမင်း’ လိုပဲ” ဟုဆိုကာ မျက်နှာရှုံ့ပြပါလေ၏။
“ကဲ ကဲ . . . စိမ်းမောင်ကတော့ ငါတို့ကို ပွဲတောင်းနေပြီ လုံးတုံးရေ၊ ဒီတော့
‘ပဲကလေးက စိမ့်လိုက်တာ
ပြော စ ရာ မ ရှိ ဘူး . . .
ည အ ခါ
လသာသာ ကိုယ်တော်သုံးတယ်
လေး ပုန်း က မြူး’
ဆိုတဲ့ ဦးမင်းတွေရဲ့ အသွားကလေးနဲ့ တပုဒ်လောက် လက်တန်း စပ်လိုက်ကြရအောင်”
“လုပ်လိုက်လေ . . ကြာသလားလို့”
သို့ဖြင့် အဘစောမူးသာက အခံပိုဒ်ကို ခင်းလိုက်ရာ အဘလုံးတုံးကလည်း ချက်ချင်းပင် အအုပ်ပိုဒ်ကို ဆက်လိုက်ပါလေတော့သတည်း။
“မအလတပ် ပြုန်းလိုက်တာ
ရစရာ မရှိဘူး ”
“ချ မသာ
နေ့စဉ်ပါ စမုန်တုန်းတယ်
လေဒရုန်းမြူး ”
ဖေကြီး(လေရှီး)