(က)
မိုးအေးအေးနဲ့ ရေနွေးကြမ်းဝိုင်းမှာ အဘစောမူးသာ၊ စစ်ပြန်ကြီးအဘလုံးတုံး၊ စိမ်းသရဖူစိမ်း အဘစိမ်းမောင်တို့၏ စကားများကို နားထောင်နေဖြစ်ပါ၏။ အဘစိမ်းမောင်က ကုန်သည်ကြီးများ၏ လောဘဇောကြောင့် ကုန်ဈေးနှုန်းတွေ အခုလို အဆမတန် တက်နေတာဟု ပြောဆိုနေလေရာ အရွှင်အဘတွေက ပြုံးစိပြုံးစိ လုပ်ကြပါ၏။
“အလုပ်တွေကလည်းမကောင်း၊ ဝင်ငွေကလည်းနည်းလာ၊ ကုန်ဈေးနှုန်းကလည်း မတန်တဆတက်လာ ဆိုတော့ ရှေ့လျှောက် မလွယ်တော့ဘူးကွာ”
“မင်းတို့လို လယ်တွေ ယာတွေ ခြံတွေ အများကြီးရှိတဲ့လူကများ ညည်းရတယ်လို့”
“ညည်းရတယ်ကွ၊ ညည်းရတယ် . . . ဒီလိုမျိုး ကုန်ဈေးနှုန်းတွေ အဆမတန်တက်အောင် လုပ်နေတဲ့ ကုန်သည်ပွဲစားတွေကို ဖမ်းမှ ဖမ်းမှ”
“ကုန်ဈေးနှုန်းတွေတက်အောင်လုပ်နေတာက ဘယ်သူတွေလဲဟ စိမ်းမောင်ရ”
“ကုန်သည်ပွဲစားကြီးတွေပေါ့ကွ”
“သူတို့ကို ဖမ်းလိုက်တော့ ကုန်ဈေးနှုန်းတွေ ကျသွားရောလား”
“အဲ . . . ဟို . . . ဖမ်းနေတုန်းလေကွာ”
သို့ဖြင့် အဘစောမူးသာနှင့် အဘလုံးတုံးတို့က ကြင်စိုး သာဝ မအလ၏ ဆေးမြီးတိုနှင့် ရမ်းကားပုံများကို ပြောပြကြပါ၏။
စက်သုံးဆီဆိုင်ပိုင်ရှင်တွေကို ဖမ်းခဲ့ပုံ၊ စားသုံးဆီ ကုန်သည်ကြီးတွေကို ဖမ်းခဲ့ပုံကနေ ရွှေကုန်သည်ကြီးများ၊ ဒေါ်လာငွေလဲဆိုင် ပိုင်ရှင်ကြီးများကို ဖမ်းခဲ့ပုံမှနေ၍ ဆန်ကုန်သည်ကြီးများကို ဖမ်းနေပုံ၊ စူပါမတ်ကက်မှ မန်နေဂျာများကို ဖမ်းနေပုံနှင့် ယခုအခါ နိုင်ငံကျော် ဘဏ်လုပ်ငန်းရှင်ကြီးတွေကို လိုက်လံဖမ်းဆီးနေပုံတွေအထိ ပြောပြကြပါ၏။
“အေးကွ . . . အဲသလို ဖမ်းပေးမှ”
“ဟား ဟား ဟား ဟား ဟား ဟား ဟား”
“မင်းတို့က ဘာထရယ်ကြတာလဲ”
“ဟဲဟဲ ဟဲဟဲ ဟဲဟဲ . . . တကယ်တော့ ပြည်သူလူထု ဒုက္ခတွင်းထဲ အကျပ်ရိုက်အောင် ကုန်ဈေးနှုန်းတွေ တင်းကျမ်းတက်အောင် လုပ်တဲ့တရားခံက တခြားသူတွေ မဟုတ်ဘူးကွ”
“ဒါဆို ဘယ်သူလဲ”
“တကယ့်တရားခံအစစ်က မင်းတို့ ခုထက်ထိ ဘုရားမှတ်လို့ ကိုးကွယ်နေဆဲ မင်းတို့အဘ မအလပဲ ဟကောင်ရ”
“ဟမ် . . . . .”
“NLD အစိုးရလက်ထက် ၅ နှစ်သက်တမ်းမှာ ပြည်သူလူထုဟာ ဒီမိုကရေစီရဲ့အရသာကို ချိုမြိန်စွာ မြည်းစမ်းရင်း စီးပွားရေးတွေ၊ လူမှုရေးတွေလည်း အတော်ကြီးကို တိုးတက်စပြုနေပြီး မင်းလည်း ထွန်စက်တွေ ရိတ်စက်တွေ ထပ်ထပ်ဝယ်နိုင်ခဲ့တာ မင်းကိုယ်တွေ့ပဲ”
“အဲ . . . ဟို . . .”
“၂၀၂၀ ရွေးကောက်ပွဲပြီးလို့ နောက်ထပ် ၅ နှစ် ထပ်ပြီး ဦးဆောင်လမ်းညွှန်ပေးခွင့်ရမယ်ဆိုရင် အခုလောက်ဆို တနိုင်ငံလုံး ပြုံးပျော်နေကြရမယ့် ခေတ်ကောင်းကာလ”
“အ . . . .”
“လူတိုင်း အလုပ်အကိုင်တွေ ကောင်းမယ်၊ ကုန်ဈေးနှုန်းတွေ တည်ငြိမ်မယ်၊ လူတွေ စုနိုင် ဆောင်းနိုင် လှူနိုင် တန်းနိုင် နေမယ့်အချိန်ဟ စိမ်းမောင်ရ”
“ဟှူး . . . . . .”
“မင်း ခိုညည်းသလို မပြတ်တမ်းညည်းနေတဲ့ အဲသည်ကုန်ဈေးနှုန်း တက်အောင် လုပ်သူဟာ မင်းတို့အဘ မအလပဲဆိုတာ မြဲမြဲမှတ်ထား”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
(ခ)
သို့ဖြင့် ကြင်စိုး သာဝ မအလ၏ အကြောင်းသာ စကားဝိုင်းမှာ ဆက်လာပါတော့၏။ မအလမှာ ၁၉၅၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ဖွားဖြစ်၍ ယခုအခါ သူ၏အသက်မှာ ၇၀ နီးနေပြီဖြစ်ကြောင်း ပြောကြပါလေ၏။
“၆၀ ပြည့်ရင် ပင်စင်ယူရမယ့်ကောင်က ၆၅ နှစ်အထိ သက်တမ်းတိုးခဲ့တယ်၊ အဲသည်ကနေ ခုဆို ၆၈ တောင် ပြည့်ပြီ”
“ဟုတ်ပ မူးသာရာ . . . ဒီကောင်ဟာ ရယ်ဒီမိတ် အစားအစာသဘောနဲ့ ပြောရရင် လုံးဝ ‘သက်တမ်းလွန်’ နေပြီ”
“အေးကွ လုံးတုံးရ . . ဒီ သက်တမ်းလွန် မအေရိုးကောင်ဟာ စားသုံးသူ လူထုကို ဒုက္ခရောက်စေမှာ၊ ဒီတော့ သက်တမ်းလွန်ကုန်ပစ္စည်းတွေလိုမျိုး ‘ဖျက်ဆီး’ ပစ်မှ အားလုံး အန္တရာယ်ကင်းမှာ”
“ဟုတ်တယ်မဟုတ်လား စိမ်းမောင်”
“အေး . . . အဲ . . . ဟို . . .”
“ဟားဟား ဟားဟား ဟားဟား”
ကြင်စိုး သာဝ မအလ၏ ၆၈ နှစ်ပြည့်မွေးနေ့မှာ ပြည်သူလူထုအပေါင်းကလည်း မွေးနေ့ဆုတောင်း ပေးပို့ကြသည် ဆိုတော့ အဘစိမ်းမောင် စိတ်ဝင်စားသွားပါ၏။
“ဟုတ်လားကွ . . . ဘယ်လိုတွေများ ဆုတောင်းပေးကြတာလဲ”
“ဟဲဟဲ ဟဲဟဲ ဟဲဟဲ . . . သူ့မွေးနေ့ကို တယောက်က ဖေ့စ်ဘွတ်ခ်မှာ တင်ပေးလိုက်တဲ့အခါ အဲသည်အောက်မှာ ဆုတောင်းကွန်မင့်တွေဆိုတာ များလွန်းအားကြီးလို့ စုံအောင်တောင် မဖတ်နိုင်ဘူး”
“ဟေ . . . အများကြီးပဲလား၊ အေးပေါ့ကွာ၊ သူ့ကိုချစ်တဲ့သူတွေလည်း အများကြီးရှိတယ်ပေါ့ကွာ”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
“ဘာရယ်ကြပြန်တာလဲ ဟကောင်တွေရ”
“အေး အေး . . . မွေးနေ့ဆုတောင်းတွေကို နည်းနည်းဖတ်ပြမယ်”
“ဒီကနေ့မွေးနေ့ရှင် မအလ အမြန်ကြွပါစေ”
“ဟေ . . .”
“ဘယ်တော့မှ လူပြန်မဖြစ်ပါစေနဲ့”
“ဟဲ့ . . .”
“မွေးကတည်းက အသေလေးမွေးလာရမှာ”
“ဟာ . . .”
“မွေးနေ့ရှင်နှင့် ဆွေတော်မျိုးတော် တပည့် သာဝက ပတ်သက်ရာပတ်သက်ကြောင်း အပေါင်းတို့ ယောယုဝငရဲမှ ပြန်တက်မလာနိုင်ကြပါစေနဲ့”
“အဲ့ . . . “
“နိဗ္ဗာန် မဂ်ဖိုလ် ရက်တိုတိုနဲ့ မရောက်ဘဲ ငရဲကြီးရှစ်ထပ် ဝအောင်ပတ်နိုင်ကြပါစေ”
“ဟေ . . .”
“ကုန်ဈေးနှုန်းပိကာ အမြန်ဆုံး ဂိပါစေခင်ဗျား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
(ဂ)
အရွှင်အဘတွေက ပေါ့ပေါ့ပါးပါး တဟားဟား။ အဘစိမ်းမောင်ကား လေးလေးပင်ပင် တဟင်ဟင်။ စကားဝိုင်းမှ ထပြေးချင်နေသည်မှာ ဖင်တကြွကြွ။ အရွှင်အဘတွေက မြင်သမျှကို ဆက်ကြပါလေ၏။
“မဲလိမ်တယ်ဆိုတဲ့ မဟုတ်မဟပ် လုပ်ဇာတ်နဲ့ တိုင်းပြည့်ခေါင်းဆောင်တွေကို ဖမ်းတယ်။ ပြီးတော့ လူထုထောက်ခံတဲ့ ဦးဆောင်ပါတီက ဝန်ကြီးတွေကို အကုန်ဖမ်းတယ်။ လွှတ်တော်အမတ်တွေကို အကုန်ဖမ်းတယ်”
“ဟုတ်ပ မူးသာရာ . . . ပြီးတော့ နိုင်ငံကျော် စာရေးဆရာတွေ နိုင်ငံကျော်ဆရာတော်တွေနဲ့ နိုင်ငံကျော်ပရဟိတသမားတွေကိုလည်း လိုက်ဖမ်းတယ်”
“အေးကွ လုံးတုံးရ၊ တနှစ်ပြည့်ရင် ရွေးကောက်ပွဲအသစ် လုပ်ပေးမယ်လို့ ကတိစကားပေးခဲ့တဲ့ ကြင်စိုးဟာ ခုဆို ၃ နှစ်တောင် ကျော်လာပြီ၊ ဘာမှ အကောင်အထည် မဖော်နိုင်ခဲ့ဘူး၊ ‘လူဖမ်းပွဲ’ တွေပဲ ခုထိ မပြီးနိုင်မစီးနိုင် လုပ်နေတုန်း”
“အေးကွ . . . ခုဆို နိုင်ငံရဲ့ အရှေ့ အနောက် တောင် မြောက် ဒေသအတော်များများကို လက်လွှတ်လိုက်ရပြီ၊ ငါ့စိတ်ထင်တော့ မအလတွေ အာဏာသက်ရောက်နိုင်သေးတာ ၄၀ ရာခိုင်နှုန်းလောက်ပဲ ရှိတော့မယ်လို့ ခန့်မှန်းသကွ”
“အမှန်ပဲကွ . . . ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း အနောက်ခြမ်း တို့လောက်ပဲ ဒီကောင် သြဇာသက်ရောက်နိုင်တော့တယ်”
“ခုဆိုရင် အပြင်လူတွေကို ဖမ်းနေရာကနေ သူ့လက်အောက်က တိုင်းမှူးတွေ တပ်မမှူးတွေ တပ်ရင်းမှူးတွေကို နိုင်အောင်မတိုက်နိုင်လို့ဆိုပြီး ဖမ်းတယ်၊ ထောင်ချတယ်၊ ဒါတင်မကဘဲ သူရဘွဲ့တွေ၊ သီဟဘွဲ့တွေကနေပြီး သီရိပျံချီဘွဲ့တွေ စည်သူဘွဲ့တွေနဲ့ ဇေယျာကျော်ထင်ဘွဲ့တွေအထိ အကုန်လုံး ပြန်သိမ်းနေတယ်ဟ”
“ဟားဟား ဟားဟား . . . ဒီ (-) ကောင်ကြီးက အောက်ကရဲဘော်ရဲဘက်တွေကိုကျ သေအောင်တိုက်ခိုင်းပြီး သူကျတော့ တပြည်လုံးက ရှိရှိသမျှဘုရားတွေလှည့်ပြီး ယတြာချေတယ်၊ နတ်ကတော်တွေကို အားကိုးတယ်”
“အေးကွ . . . တကယ်တော့ ကြင်စိုးဟာ စစ်လုံးဝရှုံးပြီး ခွေးပြေးဝက်ပြေး ပြေးရတော့မှာ၊ ဒါကြောင့် အခုဆို နတ်လိုလို ဓာတ်လိုလို မဟုတ်မဟပ်တွေ လျှောက်လုပ်နေတာ”
“မင်းပြောတော့ ‘ဆရာသာဓု’ ကို သွားသတိရမိတယ်ဟ”
“ဘယ်လိုများ သတိရသွားတာလဲဟ”
“ဆရာသာဓု ရေးခဲ့တဲ့ စာအုပ်တွေထဲမှာ ‘တပ်ထဲက မြတ်ကိုကို’ ပါတယ်လကွာ”
“အေး . . . ဖတ်ဖူးတယ်”
“အခုလည်း မအလကို ပြည်သူလူထုကကော သူ့လက်ပါးစေ တပ်ထဲကလူတွေကပါ ‘တပ်ထဲက ဓာတ်ကိုကို’ လို့ သတ်မှတ်ပြီး ‘ဒီမသာကြီး မြန်မြန်သေပါစေ’ လို့ ဆုတောင်းမေတ္တာ ပို့နေကြပြီလေကွာ”
“‘တပ်ထဲက ဓာတ်ကိုကို’ တဲ့လား”
“ဟား ဟား ဟား ဟား ဟား ဟား ဟား”
“အေးလကွာ . . ဒီမသာကြီးက ‘ဂေါက်’ နေတာဆိုတော့ ‘ဓာတ်ကြောင်ကြီး’ ပေါ့”
“ခုတော့ သူ့ဘေး အနီးကပ်က လူတွေပါ ဒင်းကို အမြန်ဆုံး သေစေချင်နေကြပြီပေါ့”
“အေးကွာ . . . ဒါပေမဲ့လို့ ဒီ (--) ကြီးက ခုထိ ကံတော်မကုန်နိုင်ဘူး”
စကားပြောနေရင်းကနေ အဘစောမူးသာက သူ့ဖုန်းထဲသို့ တခုခုရှာနေပါလေ၏ ခင်ဗျာ။ ခဏနေတော့ “မင်းပြောတဲ့ မအလကြီး မသေသေးတာနဲ့ပတ်သက်ပြီး ကဗျာလေးတပုဒ် ငါပြန်ရှာနေတာကွ” ဟုဆိုလေရာ ကျွန်ုပ်တို့လည်း ရွတ်ပြပေးပါရန် တောင်းဆိုကြပါ၏။
အဘစောမူးသာက ငှဲ့ထားသည့် ရေနွေးခွက်ကို မော့သောက်၍ လည်ချောင်းရှင်းလိုက်ကာ ဆရာမင်းထင်ကိုကိုကြီး၏ ‘စောင့်ရခြင်း’ အမည်ရ ကဗျာလေးကို ရွတ်ပြပါလေတော့သတည်း။
“ဘု ရား ပွ င့် ဖို့ တ င်
စောင့်ရတာ မဟုတ်ဘူး။
ဒေဝဒတ်ကို မြေမျိုဖို့လည်း
စောင့် ရ တ ယ်။ ”
ဖေကြီး(လေရှီး)