Home
ဆောင်းပါး
ကျွဲကို စောင်းတီးပြသလို
DVB
·
July 2, 2024
Design-DVB

နိုင်ငံအတွင်း စက်မှုလုပ်ငန်းများသည် ကုန်ကျစရိတ် မြင့်တက်လာနေခြင်း၊ ကုန်ကြမ်းများနှင့် အလုပ်သမား လိုသ‌လောက် မရရှိခြင်းများ အစရှိသည့် ပြဿနာများ ရုန်းကန်နေရသည့်ကြားမှ နွေရာသီအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုသည် မည်သည့်အချိန် ပြန်လာမည်ဟု မခန့်မှန်းနိုင်အောင် ရှည်ကြာလာသဖြင့် နိုင်ငံအတွင်း စက်မှုလုပ်ငန်းများသည် မည်သည့်နိုင်ငံမှ မကြုံရသော အဖြစ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်ဟု Frontier Myanmar တွင် ရေးသားထားသည်။

စက်မှုဇုန်များအား ယခင်က ၄ နာရီမျှ ဓာတ်အားပေးနေရာမှ ယခုအခါ ၂ နာရီသာ ပေးနိုင်တော့သည်။ စစ်ကောင်စီသည် လူထု၏ မကျေနပ်မှုများအား ချွေးသိပ်နိုင်ရန် မေလ ၁၉ ရက်နေ့မှစ၍ ယခင် စက်မှုဇုန်များအား ဦးစားပေးရာမှ ယခုအခါ လူနေရပ်ကွက်များ အဓိကထား ဖြန့်ဖြူးပေးလာခဲ့သည်။

စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ တနိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် ၅,၅၀၀ မီဂါဝပ် ရှိနေသော်လည်း ၎င်းတို့ ထုတ်လုပ်ပေးနိုင်စွမ်းသည် တဝက်ခန့်ဖြစ်သော ၂,၈၀၀ မီဂါဝပ်သာ ရှိတော့သည်ဟု ဆိုသည်။

မိုးရာသီဝင်လာ၍ အခြေအနေများ အနည်းငယ် ပြန်ကောင်းလာသည်ဟု သိရသည်။ ယခင်ကလို ၂ နာရီ မဟုတ်တော့ဘဲ ကြာမြင့်စွာ ပေးလာနိုင်ခဲ့သည်။ သို့သော်လည်း ပုံမှန်မဟုတ်ဘဲ လာချင်တဲ့အချိန်မှ လာခြင်းမျိုး ဖြစ်သည်။ မနက် ၉ နာရီနှင့် ညနေ ၅ နာရီအကြား ပုံမှန်ပေးနိုင်စွမ်းမရှိ ဖြစ်လာသည်။

ယခင် ဝန်ကြီးဌာနအတွက် အကြံပေးဖြစ်ခဲ့သူ Mr Guillaume de Langre က အဓိက ပြဿနာသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများ မရှိတော့ခြင်းဖြစ်ပြီး စစ်ဗိုလ်ချုပ်များက ထိုအရေးကို ကျော်လွှားနိုင်အောင် မည်သို့လုပ်ရမည်ဆိုသည့် စီးပွားရေးအသိပညာ ခေါင်းပါးနေမှုပင် ဖြစ်သည်ဟု ထောက်ပြခဲ့သည်။

၎င်းတို့အား ပြည်တွင်း ပြည်ပ ကုမ္ပဏီများ၊ ဌာနဆိုင်ရာ အကြီးအကဲများက အကြံဉာဏ်များ ပေးကြသော်လည်း  ကျွဲများအကြား စောင်းသွားတီးပြသလို ဖြစ်နေသည်ဟု ဆိုသည်။

ဂျင်နရေတာများသုံးပြီး လည်ပတ်နေရ၍လည်း ကုန်ကျစရိတ် ပိုများလာရပြန်သည်။ လိုအပ်သော လောင်စာဆီများကိုလည်း လိုသလောက် ဝယ်ယူသိုလှောင်ထား၍မရ ဖြစ်လာသည်။

ကျပ်ငွေတန်ဖိုး ကျဆင်းလာ‌‌နေသည့်အတွက် ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူတို့မှ တင်သွင်းရသော ကုန်ကြမ်းပစ္စည်းများအား တန်ဖိုးကြီးကြီးပေးကာ ဝယ်ယူလာခဲ့ရသည်။ နယ်ခြား ကုန်သွယ်ရေးလမ်းကြောင်းများလည်း ပိတ်ဆို့နေပြန်သည်။

ထိုသို့သော အကြောင်းများကြောင့် ကုန်ဈေးနှုန်းလည်း မြင့်တက်လာခဲ့ရသည်။ ပိုက်ဆံရှိသူများက ရွှေနှင့် ဒေါ်လာကို အလုအယက် ဝယ်ယူ စုဆောင်းလာကြ၍ အခြေအနေများ ပိုဆိုးလာသည်။

ဝင်ငွေများ ကျဆင်းလာသော်လည်း စစ်အသုံးစရိတ်ကို လျှော့ချမရသဖြင့် အလွယ်တကူပင် ငွေစက္ကူများ ရိုက်နှိပ် ဖြန့်ချိလာကြသည်။ နိုင်ငံအသုံးစရိတ် စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းအား စစ်တပ်အတွက် သုံးနေရသည်။

စောင်းတီးပြနေသော်လည်း မည်သို့မျှ နားမလည် ထင်ရာလုပ်ဖို့လည်း ဝန်မလေးသော ကျွဲများသည် ပြည်တွင်းကုမ္ပဏီတခုနှင့် ဖက်စပ်လုပ်ကိုင်နေသည့်  စူပါမားကက်ကြီးဖြစ်သော Aeon orange ၏ ဂျပန်အမှုဆောင်အရာရှိ မစ္စတာ ဟီရိုရှီ ကာဆာမက်ဆုကို ၎င်းတို့ သတ်မှတ်သည့် ဆန်ဈေးနှုန်းထက် ၅၀ မှ ၇၀ ရာနှုန်းအထိ မြှင့်တင်ရောင်းချသည့်အတွက် ဆိုကာ အခြား စူပါမားကက်များမှ တာဝန်ရှိသူ ၁၀ ဦးနှင့်အတူ ဖမ်းဆီးလိုက်သည်။

ဂျပန်သံရုံးမှ တာဝန်ရှိသူများက ၎င်းအား ချုပ်နှောင်စစ်‌ဆေးနေသော ရဲစခန်းသို့ သွားပြီး လိုအပ်သည့် ကူညီပံ့ပိုးမှုများ ပေးနေပြီး စောစီးစွာ ပြန်လွှတ်‌ပေးရန် တောင်းဆိုထားသည်ဟု နစ်ကီအေးရှားရီဗြူးတွင် ရေးသားထားသည်။

ဂျပန်အစိုးရအတွင်းဝန် ယိုရှီမာယာဟာရာရှီက အပတ်စဉ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အဆိုပါကိစ္စအား ထည့်သွင်းပြောဆိုသွားပြီး  မြန်မာအာဏာပိုင်များကို ကာဆာမက်ဆုအား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်ဟု ထည့်သွင်း ပြောဆိုသွားခဲ့သည်။

ဂျပန်နိုင်ငံသားကိုပါ ဖမ်းဆီးသည့်အထဲ ထည့်သွင်းလိုက်၍ ဈေးတက်၍ ဆိုင်ပိုင်ရှင်များကို ဖမ်းသည်ဆို‌သော ၎င်းတို့၏လုပ်ရပ်သည် ကမ္ဘာတဝန်း ဟိုးလေးတကြော်ကြော် ဖြစ်သွားခဲ့ချေပြီ။ ဂျပန်သည် အနောက်နိုင်ငံများလို မဟုတ်ဘဲ ယခုအထိ ၎င်းတို့အပေါ် စီးပွားရေးအရ အရေးယူ ဒဏ်ခတ်ခြင်းမျိုး မလုပ်ဘဲထားသော နိုင်ငံလည်း ဖြစ်သည်။

သာမန်မျှ အတွေးအခေါ် ရှိထားသူပင် ယခုလို အခြေအနေမျိုးတွင် ထိုသို့ မလုပ်သင့်၊ ချုပ်တည်းရမည်ကို သိကြမည်သာ ဖြစ်သည်။ ယခုအခါ နိုင်ငံတွင်း ၎င်းတို့နှင့် စီးပွားရေးအရ ပတ်သက်နေသော ဂျပန်အသိုက်အဝန်းအကြား အန္တရာယ်အချက်ပေး ခေါင်းလောင်းသံကြီး မြည်ဟည်းလာနေပြီ ဖြစ်သည်။

ထိုသို့သော ကျွဲများက ရွှေဆိုင်ပိုင်ရှင်များ ဖမ်းဆီးရာတွင် သက်သက်ခိုင်အား ချန်လှပ်ထားရမည် ဆိုသည်လောက်တော့ သိနားလည်ထားကြသူများ ဖြစ်သည်။

ပြည်သူအားလုံးသည် ခေတ်ဆိုး ခေတ်ပျက်ကြီးထဲ တထွာသော ဝမ်းအတွက် လျှာထွက်မတတ် ရုန်းကန်နေကြရပြီ ဖြစ်၍ တော်လှန်ရေးကြီး အမြန်ဆုံး ‌အောင်မြင်စေဖို့ ဆန္ဒပြင်းပြလာနေကြသည်။

အာဏာမသိမ်းမီကထက် အခြေခံစားကုန်များ၏ ဈေးနှုန်းသည် ၂၇၀ ရာခိုင်နှုန်းခန့် မြင့်တက်လာနေသည့်ကြားထဲ ၎င်းတို့အတွက် အသက်စွန့်၍ တိုက်ပေးရန် ‌သားသမီးများအား စစ်မြေပြင်သို့ အတင်းအကျပ် စေလွှတ်ခံနေရသည့် အဖြစ်ကို မည်သူက ကြည်ကြည်ဖြူဖြူ လက်ခံနိုင်ကြပေမည်နည်း။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

လှစိုးဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013