မိုးရိပ်လေစဉ် အစပြုလာရင် လယ်သမားတွေအဖို့ ထွန်တုံး၊ ထွန်တံနဲ့ လယ်ယာထွန်ယက်ဖို့ အသုံးအဆောင်တွေကို ပြင်ဆင်ကြပါတယ်။
အဖေက စိတ်ကြိုက်ဝါးတလုံးကို ဝါးရုံမှာ ကြည့်ထားပါတယ်။ အချိန်တန်ရင် ယူသုံးလို့ရအောင် ကြိုကြည့်ထားတဲ့သဘော။ တွန်တုံး၊ ထွန်တံ၊ ထယ်တံ၊ ထမ်းပိုးတွေကို စိတ်ကြိုက်ရွေးထားပြီး အသုံးလိုတဲ့အခါ အရန်သင့် ထုတ်သုံးဖို့ပါ။
အဖေက သူ့အသုံးအဆောင်ပစ္စည်းတွေကို အသေအချာ စနစ်တကျ ပြင်ဆင်ပြီးမှ အသုံးပြုသူပါ။ တခြားသူတွေ ငှားရမ်းသွားလို့ ပြန်မရတဲ့အခါ စိတ်တိုတတ်ပါတယ်။
အဖေနဲ့ လယ်ကွက်ထဲက ပုံရိပ်တချို့ကို နောက်ကြောင်းပြန် တွေးမိတဲ့အချိန်မှာ သူသည် လယ်သမားတဦး မဟုတ်တော့သလို သူပိုင်ဆိုင်ဖူးတဲ့ ခိုင်းနွားတရှဉ်းနဲ့ လယ်ယာမြေ အသုံးအဆောင်ပစ္စည်းတွေ ဘာတခုမှ မရှိတော့ပါဘူး။
အခုတော့ လယ်သမားကြီးတဦးပါလို့ ပြောလို့မရတော့ပါဘူး။ တချိန်က လယ်သမားစစ်စစ်ကြီး ဖြစ်ခဲ့ဖူးတဲ့အကြောင်း ပြောရင်လည်း ယုံကြတော့မယ် မထင်ပါဘူး။
ညတညမှာ အဖေနေမကောင်းဖြစ်ပြီး အဖျားတွေ အကြီးအကျယ် တက်နေပါတယ်။ သူ့အနားမှာ စာထိုင်ကျက်နေတဲ့ ကျနော်တို့ညီအစ်ကိုတွေက ဘာလုပ်ပေးရမယ်မှန်း မသိဘဲ ကြောင်ပြီး ကြည့်နေကြတာပါ။
အမေက စောင်တွေ နှစ်ထပ် သုံးထပ် အုပ်ပေးနေတယ်။ အဖေက သူပြောချင်ရာကိုပြောပြီး ခန္ဓာကိုယ်က တုန်ရီနေပါတယ်။ ဘေးနားက အမေ ခေါ်တော့လည်း မတုံ့ပြန်ပါဘူး။ ဘေးကလူရဲ့ စကားမေးကို မတုံ့ပြန်ပေမဲ့ သူပြောနေတဲ့အရာကိုတော့ တရစပ် ပြောနေပါတယ်။
သူပြောတဲ့စကားတွေထဲမှာ သူ့ခိုင်းနွားကြီးနှစ်ကောင်နဲ့ သူ့လုပ်ဖော်ကိုင်ဖက် အကြောင်းပါ။ လယ်ထွန်တဲ့အခါ သူက နွားတွေကို မိသားစုဝင်လို ပြောဆိုဆက်ဆံတတ်သူပါ။ တခြားသူတွေရဲ့ ပါးစပ်ဖျားမှာ လယ်ထွန်ရင် ကြိမ်းမောင်းဆဲဆိုသံတွေသာ ညံလို့ပေါ့။ အဖေကတော့ သူ့နွားတွေကို စကားလုံးချိုသာစွာနဲ့ နွားတွေနဲ့သူ စကားတပြောပြောနဲ့ လယ်ထွန်တတ်သူ တယောက်ပါ။
အဖျားက တော်တော်နဲ့မကျပါဘူး။ ဆေးဆရာ အခေါ်လွှတ်သူကတော့ ရောက်လောက်ပြီ။ ပါးစပ်ကတော့ သူပြောနေတဲ့အရာကိုသာ ဆက်ပြောနေပါတယ်။ ဆေးဆရာ အိမ်မရောက်ခင် အဖျားကျသွားတယ်။ အဖျားတက်ချိန်က ဘာတွေပြောတာလဲ၊ ကိုယ်ပြောတဲ့စကားကို မှတ်မိရဲ့လားဆိုတော့ မမှတ်မိဘူးတဲ့။
ဒါဆို ခဏတာ သတိလစ်သွားတာပေါ့။ အဖျားကြီးတဲ့သူတွေက အခုလိုပဲ သတိလစ်တတ်လား။ လူတယောက် ခံနိုင်အားနဲ့ အလုပ်လုပ်ရတဲ့ အခြေအနေက ဝန်နဲ့အား မမျှတော့ အခုလိုပဲ ဒဏ်ခံရတာမျိုးလားဆိုတာ ကလေးဘဝတုန်းက မသိခဲ့ပါဘူး။
လယ်သမားတွေက မိုးမျှော်ကြပါတယ်။ မိုးတပြိုက်နှစ်ပြိုက် ကောင်းကောင်းရွာပြီဆိုတာနဲ့ လယ်ကွက်ကို ထယ်မွှေပြီး မြက်သတ်ရတော့တာပေါ့။
သန့်စင်ပြီး သိုလှောင်ထားတဲ့ မျိုးစပါးကိုလည်း ပျိုးထောင်ရဦးမှာကိုး။ မိုးကောင်းကောင်း ရွာချနေပြီဆို အလုအယက် နွားတွေတပ်ပြီး စပါးပျိုးခင်းအတွက် ထွန်မွှေရပါတယ်။
လသာတုန်း ဗိုင်းငင် ဆိုသလိုပေါ့။ မိုးရွာတုန်းပဲ လုပ်ရတာပါ။ မိုးစဲသွားလို့ မမီလိုက်ရင် စိတ်ကြိုက်စပါးပျိုးခင်းတကွက် ဖြစ်လာမှာ မဟုတ်တော့ပါဘူး။ ဘယ်အချိန် အမှိုက်ကောက်ဖို့ ထွက်လာရမလဲလို့ မိုးသံလေသံကိုကျော်ပြီး အဖေကြားအောင် ကျနော်တို့က မေးရတယ်။
မိုးရေထဲ အမှိုက်ကောက်ရတာကို ပျော်သလို စပါးပျိုးခင်းညီအောင် ကြမ်းတုံးရိုက်တဲ့အချိန် ကြမ်းတုံးပေါ် လိုက်စီးချင်တာလည်း ပါပါတယ်။ မိုးရွာနေချိန် တယောက်က ပျိုးခင်းရဖို့ လယ်ထွန်နေချိန်မှာ အိမ်မှာကျန်ခဲ့ကြသူတွေက ငှက်ပျောပင်ရှည်ရှည် အပင်ကောင်းကို ရှာခုတ်ထားရတယ်။ စပါးပျိုးခင်း တညီတညာတည်းဖြစ်အောင် ငှက်ပျောပင်ကို တရွတ်ဆွဲပြီး ညှိရတာမျိုးပါ။
မိုးရေလုံလောက်အောင်ရတဲ့ အခါမျိုးဆို ကလေးတွေ လိုက်စီးစရာ မလိုတော့ပါဘူး။ မိုးရေနဲ့ရွှံ့ အလိုက်သင့် ညီသွားတဲ့ အခါမျိုးပေါ့။ မိုးရေနည်းတဲ့အခါမျိုးဆို နွားခြေရာခွက်လုံအောင် ဖုံးဖို့အတွက်က ခက်ရော။ ဒီလို ပျိုးခင်းတညီတညာတည်းမဖြစ်ရင် စပါးအလေအလွင့် ပိုဖြစ်ရတာပေါ့။
အဖေက မိုးနည်းတာနဲ့ကြုံရင် သူ့သားတွေကိုခေါ်ပြီး ကြမ်းတုံးလိုက်စီးခိုင်းတာ။ ကလေးနှစ်ယောက်လုံး စီးရတာကတော့ နွားခြေရာခွက် မဖုံးတဲ့အခါမျိုးလည်း ရှိပါတယ်။
တခါကဆို မိုးရွာတာက မနည်းမများပေါ့။ ပျိုးခင်းကို ကြမ်းတုံးရိုက်တုန်း ကလေးတယောက်စာသာ လိုက်စီးဖို့ လိုပါရော။ ညီအကိုနှစ်ယောက်ထဲက တယောက်ပဲ စီးရမှာပါ။
တယောက်လောက် လာစီးပေးကြပါအုံးဆိုတော့ နှစ်ယောက်စလုံး ပြေးသွားလိုက်တာ။ နှစ်ယောက်စလုံး မရဘူး။ တယောက်ပြန်ဆင်းဆိုတော့ ဘယ်သူမှ မဆင်းချင်ကြဘူး။ နောက်ဆုံး ပြောမရတော့မှ အသံအကျယ်ဆုံးနဲ့ အော်ထုတ်တော့မှ အကြီးဖြစ်တဲ့ကျနော်ပဲ ဆင်းပေးရတာပေါ့။
စပါးပျိုးခင်းမှာ နောက်ဆုံးကြမ်းတုံးရိုက်ပြီးရင် မျိုးစပါးကြဲရတယ်။ ပျိုးပင် တညီတညာတည်း ပေါက်အောင် လက်ဆညီညီ ကြဲပက်ရတာ ဖြစ်တယ်။ လက်ဆမညီလို့ တနေရာတည်း ပုံသွားလို့ကတော့ အပင်ပေါက်ချိန်မှာ ထူတဲ့နေရာကထူပြီး ပါးတဲ့နေရာက ပါးလို့နေပါတယ်။
မှတ်မိသလောက် အဖေမျိုးစပါး ကြဲတဲ့အခါ အပင်အထူအပါး အပိုအလိုမရှိ တညီတညာတည်း ပေါက်နေတာမျိုးပါ။ မိုးနဲ့လေ ရာသီကိုလည်း တွက်ချက်တတ်ရပါသေးတယ်။
နောက်ပိုင်းနှစ်တွေမှာ မိုးရေရရှိတာ နည်းလာပါတယ်။ မိုးတခါရွာရင် ပျိုးတခင်း မကျတော့ပါဘူး။ အုန်းအုန်းကျက်ကျက်နဲ့ ရွာချလာပြီဆို လယ်ကွက်ထဲဆင်းဖို့ ထွန်တုံး၊ ထွန်တံ တပ်ပြီးရုံရှိသေး မိုးစဲသွားပါတယ်။ တခါတလေ ပျိုးခင်းအတွက် လယ်ထွန်နေရင်း တပိုင်းတစနဲ့ မိုးဆက်မရွာလို့ ပျိုးခင်းမဖြစ်တဲ့ နှစ်တွေဆီ ရောက်လာပါတယ်။
ရာသီဥတုဖောက်ပြန်လာပြီ ဆိုတာတော့ ရိပ်စားမိကြပါတယ်။ နှစ်တနှစ်မှာဆို မိုးလယ် (မိုးရာသီကာလ မိုးလလယ်) သာရောက်ရော ပျိုးတခင်းမကျသေးတဲ့ လယ်သမားတွေတောင် ရှိလာပါတယ်။
ဒီအခါ ရေရဖို့ ဝန်ထုပ်ဝန်ပိုးတခု ဖြစ်လာပါတော့တယ်။ အဖေက ရေရဖို့အတွက် လယ်တဧကကို ပိုက်တွင်းတတွင်း တူးပါတယ်။ အဝီစိပိုက်တွင်းအတွက် စရိတ်စက ဝန်ပိလာပါတယ်။
ပိုက်တွင်းရေရှိပြန်တော့ ရေစုပ်တင်ဖို့အတွက် ရေစုပ်စက်၊ ရေနံဆီ၊ ဒီဇယ်ပါအစ လိုအပ်လာပါတယ်။ လိုအပ်ချက်တွေနဲ့ ပြန်ရတဲ့အထွက်နှုန်းက မကိုက်တော့ လယ်ဆယ်ဧက ကနေ တပိုင်းတပိုင်း ပိုင်းရောင်းလာရတော့တာပါပဲ။
စိုက်ပျိုးစရိတ်၊ သွင်းအားစုစရိတ်၊ စိုက်ခင်းဖြစ်ဖို့အတွက် အဝီစိတွင်းက ရေစုပ်တင်ဖို့ ထုတ်သုံးရတဲ့ စရိတ်တွေက တစတစ ဝန်ပိလာပြီး နောက်ဆုံး သူချစ်တဲ့ ခိုင်းနွားတွေပါ မျက်ခုံးလှုပ်လာပါတော့တယ်။
အဖေက သူ့ရဲ့ တမန်းဆီတက်နေတဲ့ အင်္ကျီကို ဘယ်အချိန်ကတည်းက ဝတ်ထားလဲ မသိပါဘူး။ သတိထားမိတော့ အဲ့အင်္ကျီကို ဝတ်ထားတာ သုံးလေးလလောက်တောင် ရှိပြီထင်တယ်။
သူ့ခိုင်းနွားကြီးနှစ်ကောင်ကိုတော့ အစွမ်းကုန် ပြုစုစောင့်ရှောက်နေပါတယ်။ လယ်ကွက်ထဲ မရုန်းကြရတော့ဘဲ နွားနှစ်ကောင်က ဝလို့ ဖီးလို့ပေါ့။ နွားနှစ်ကောင်ဟာ ခြံပေါက်နွားတွေ ဖြစ်လို့ အဖေက ပိုပြီး သံယောဇဉ်ရှိပုံရပါတယ်။
အရပ်ထဲက သူ့ကို နောက်ပြောင်ကြတာက မွေးလိုက်တဲ့ကလေးတွေကလည်း တခါလာလည်း ယောက်ျားလေး တခါမွေးလည်း ယောက်ျားလေး။ ခြံထဲက နွားမကလည်း ပေါက်လိုက်တာ တနှစ်ပေါက်လည်း အထီး၊ တနှစ်ပေါက်လည်း အထီးတဲ့။
“ကမ္ဘာမီးလောင် သားကောင်ချနင်းရတော့မယ်” အဖေက အဲဒီစကားတခွန်းကို မကြာခဏ ပြောလာပါတယ်။ လူသူမမြင်ရတဲ့ နေရာတခုခုမှာ တနေရာရာကို အချိန်အကြာကြီး စိုက်ကြည့်ပြီး ပါးစပ်ကလည်း ပွစိပွစိနဲ့ ဘာတွေပြောနေလဲ မသိပါ။
အဲဒီရက်တွေက အဖေနဲ့အမေက တီးတိုးတီးတိုး ပြောသံတွေထဲက “နွားတွေရောင်းမှ ရတော့မယ်” ဆိုတာ ပါလာပါတယ်။ လယ်သမားက လယ်ကို ရောင်းရမှာ၊ လယ်သမားက သူခိုင်းနေတဲ့ ခိုင်းနွားတွေကို ရောင်းရမှာ ဘယ်လောက်အထိ စိတ်ထိခိုက်မလဲတော့ မမှန်းဆနိုင်ပါ။
လူတယောက်ဟာ သူအချိန်ပေး အပင်ပန်းခံ တည်ဆောက်ထားတဲ့ အရာဟာ တဖြည်းဖြည်း ပျက်စီးဆုတ်ယုတ်လာပြီဆို စိတ်ထိခိုက်ကြမှာ မလွဲပါ။
နွားတွေရောင်းတဲ့နေ့က အဖေ့ဆီက ထိထိခိုက်ခိုက် တုန်တုန်ရီရီနဲ့ စကားတခွန်း ထွက်လာပါတယ်။ “ရတဲ့ဈေးနဲ့သာ ဆွဲသွားကြပါတော့ဗျာ” တဲ့။
သူ့ရဲ့ခိုင်းနွားနှစ်ကောင်ကို ဆွဲသွားကြတော့ မျက်နှာစိမ်းတွေနောက် နွားတွေက မလိုက်ပြန်ပါဘူး။ အရှေ့ကိုမောင်းရင် အနောက် ပြန်ပြန်လှည့်လာပါတယ်။
“လိုက်သွားကြပါကွာ၊ တို့မှာ လုပ်ကိုင်စားသောက်စရာ နေရာလည်း မရှိတော့ပါဘူး။ လိုက်သွားကြပါ။ လိုက်သွားကြပါ”
အဲဒီစကားကို တကြိမ်တည်းပြောလို့ မရပါဘူး။ သုံးကြိမ်တိတိပြောမှ သူ့နွားတွေက တစိမ်းတွေနဲ့ လိုက်သွားပါတော့တယ်။
ကျလာတဲ့မျက်ရည်ကို တမန်းဆီတွေ အလိပ်လိပ်ပေကျံနေတဲ့ အင်္ကျီနဲ့ ပြန်သုတ်ပါတယ်။ သူ့မျက်နှာမှာ မျက်ရည်တွေရော တမန်းဆီတွေရော ရောယှက် နေရာယူထားပါတယ်။ နောက်ဆုံး သူပြောတဲ့စကားလိုပဲ တခန်းရပ်ခဲ့ပါတော့တယ်။
တနှစ်တနှစ် လယ်သမား ဘာကျန်လဲမေးရင် “ဆန်ကောနဲ့ ဆန်ခါပဲ ကျန်တယ်” လို့ ပြောရတော့မှာပဲတဲ့။ သတိထားပြီး ကြည့်မိတော့ သူ့လက်ထဲ ကျန်ခဲ့တာဆိုလို့ တမန်းဆီ ပေကျံနေတဲ့ အင်္ကျီနဲ့ ခပ်နွမ်းနွမ်း ပုဆိုးတထည်သာ။