ရှမ်းပြည်နယ် သီပေါမြို့မှာ စစ်ရေးတင်းမာနေပြီး စားသောက်ရေးခက်ခဲလာတာကြောင့် ရေဟော် ဘုန်းတော်ကြီး စာသင်ကျောင်းက ကိုရင် အပါး ၅၀၀ လောက်ကို ဇွန် ၂၇ ရက်က နေရပ်ပြန်ပို့လိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “သီပေါမြို့အထွက် စစ်တပ်ကင်း၊ ရဲကင်းရှိတဲ့နားက ရေဟော်ဘုန်းကြီးစာသင် ကျောင်းက ကိုရင်အပါး ၅၀၀ လောက် ရှိတယ်။ ကိုယ့်အိမ် ကိုယ်ပြန်ကြရတယ်။ အခုက စားသောက်ဖို့ ခက်ခဲကုန်ပြီဆိုတော့ ရွာနီး ရွာဝေး ပြန်ပို့ကြရတာ” ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း သီပေါမြို့ အဝင်အထွက်ကို ပိတ်ထားသလို သီပေါနဲ့ ဆက်သွယ်သွားလာလို့ရတဲ့ လမ်းပေါ်က တံတားတွေ ချိုး၊ လမ်းတွေ ဖြတ်တောက်လိုက်တာကြောင့် ကုန်ဈေးနှုန်း ၂ ဆ လောက် တက်သွားတယ်လို့ သူက ပြောပါတယ်။
ဒေသခံအမျိုးသမီးတယောက်က “ရှမ်းလူမျိုး၊ ပလောင် လူမျိုး အကုန်ပါတယ်။ အခု ဘုန်းကြီး ကျောင်းမှာ ကိုရင်တွေ မကျန်တော့ဘူး” လို့ ပြောပါတယ်။
ကိုရင်တွေကို သီပေါ မြရွှေဂူဘုန်းတော်ကြီးကျောင်းကနေ ရေဟော်ဘုန်းတော်ကြီးကျောင်းကို ပြောင်းရွှေ့ပြီးပေါင်းထားလို့ ဦးရေများတာလို့လည်း သူက ဆက်ပြောပါတယ်။
အခု ဇွန် ၂၅ ရက်နေ့ကစလို့ ကျောက်မဲ၊ နောင်ချို၊ သီပေါနဲ့ မိုးကုတ်ဘက်မှာ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ၁၀၂၇ တကျော့ပြန် စစ်ဆင်ရေး စတင်ခဲ့တာဖြစ်ပါတယ်။