Home
မြန်မာသတင်း
ငါန်းဇွန်ရဲမှူး ပစ်ခတ်ခံရပြီး သေဆုံး၊ မင်းတုန်းတွင် စစ်ကား တိုက်ခိုက်ခံရပြီး ၃ ဦးသေ
DVB
·
June 30, 2024
Photo - နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရဲတပ်ဖွဲ့မှူးဟာ ဒီနေ့ ဇွန် ၂၉ ရက် မနက်ပိုင်းက လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ပစ်ခတ်ခံရလို့ သေဆုံးသွားပြီး မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာတော့ ဇွန် ၂၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီကားတစီး တိုက်ခိုက်ခံရပြီး ၃ ယောက် သေဆုံးခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း ၄ ဆီကနေ သိရပါတယ်။

ငါန်းဇွန်မြို့နယ်ရဲမှူး ရဲမှူးသက်ဆွေဟာ ဇွန် ၂၉ ရက်နေ့၊ မနက်ပိုင်းက လက်ဖက်ရည်ဆိုင်မှာရှိနေတုန်း ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) ဆီကနေ သိရပါတယ်။

ပစ်ခတ်မှုမှာပါဝင်ခဲ့တဲ့ နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) ရဲ့ တပ်ဖွဲ့ဝင်တယောက်က “သူနဲ့ သူ့တပည့်တွေက အရပ်ဝတ်တွေနဲ့ မြိုသာမြို့က လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတာကို ကျနော်တို့ ရဲဘော်တွေက လက်ဖက်ရည်ဆိုင်ထဲကို ဝင်ပစ်ခဲ့တာပါ။ ရဲမှူး ဆိုတဲ့ကောင်ကတော့ နေရာမှာတင် သေသွားပြီး သူ့တပည့်တွေကတော့ ထွက်ပြေးသွားကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့မှူးသက်ဆွေ အနီးကနေ G3 သေနတ် ၁ လက်၊ ၇.၆၂ ကျည် ၁၂ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ လက်ထိပ် ၁ ခု၊ ဖုန်း ၁ လုံး၊ လက်ရိုက်တုတ် ၁ ချောင်းနဲ့ စာရွက်စာတမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ရဲ့ တာဝန်ခံတယောက်က “ကျနော်တို့ ရဲဘော်တွေက သတင်းရလို့ ငါန်းဇွန်-မြို့သာလမ်းပိုင်းမှာ ကင်းပုန်းဝပ်စောင့်ရင်း ဒီကောင်တွေ အရပ်ဝတ်တွေဝတ်ပြီး မြို့သာစက်မှုဇုန်ထဲကနေ ဆိုင်ကယ်တွေနဲ့ ထွက်လာကြတာကို သိရပြီး အချင်းချင်းချိတ်ဆက်ပြီးတော့ အခု ပစ်ခတ်မှုကို ဆောင်ရွက်နိုင်ခဲ့တာပါ” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) က ရဲဘော်တွေ ထိခိုက်ဒဏ်ရာရတာမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့ကြတယ်လို သိရပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့ ငါန်းဇွန်မြို့နယ် ရဲတပ်ဖွဲမှူးရုံးကို DVB က ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေဆိုမဲ့သူ မရှိခဲ့ပါဘူး။

မင်းတုန်းမြို့ကနေ ပုသိမ်-မုံရွာလမ်းအတိုင်း ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားအင်အား ၂၅ ယောက် လိုက်ပါလာတဲ့ Faw ကားတစီးကို ဇွန် ၂၇ ရက်နေ့ မနက် ၈ နာရီခွဲလောက်က မဲဇလီကျေးရွာအရောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စောင့်ကြို တိုက်ခိုက်ခဲ့ကြတာလို့ သရက်ခရိုင်တပ်ရင်း ၄ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၁ ယောက်နဲ့ ရဲ ၂ ယောက် သေဆုံး၊ အများအပြား ဒဏ်ရာရရှိခဲ့ပြီး ကြို့ပင်ဆေးရုံနဲ့ သရက်ဆေးရုံတို့မှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို သရက်ခရိုင်တပ်ရင်း ၄ နဲ့ ကျောင်းသားလက်ရုံးတပ်တော် SAF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကို DVB က သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013