ရှမ်းပြည်နယ်မြောက်၊ လားရှိုးမြို့နယ်၊ နမ့်တွန်းကျေးရွာအုပ်စု၊ နမ့်ဟူးရွာနဲ့ နမ့်တွန်းရွာဘက်မှာ ဇွန် ၂၉ ရက် မနက် ၁၁ နာရီခွဲလောက်ကစလို့ စစ်ကောင်စီနဲ့ MNDAA ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲပြန်ဖြစ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သိန္နီကနေအဆင်း လားရှိုးမရောက်ခင် သိန္နီနဲ့ လားရှိုး နယ်စပ်မှာ တိုက်ပွဲတွေပြန်ဖြစ်လာတာပါ။
ဒေသခံတယောက်က “လားရှိုးနဲ့ သိန္နီကြား၊ ကိုးကန့် MNDAA တွေနဲ့ ချနေကြပြီ။ မနက် ၁၁ နာရီခွဲ ကတည်းက စဖြစ်တာ” လို့ ပြောပါတယ်။
MNDAA၊ TNLA၊ AA အပြင် UWSA ပါ ပါလာတယ်လို့ ကြားရပြီး UWSA ပါလာတာကြောင့် လားရှိုး တမြို့လုံးအနှံ့ ရောက်နေတဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေနဲ့လည်း ဆက်စပ်မှုရှိနိုင်တယ်လို့ သူက ပြောပါတယ်။
ဒေသခံတယောက်ကလည်း “လားရှိုးကနေ နေ့လယ်က အမြောက်ကြီး ၆ လုံး လောက်ရှိပြီ၊ ပစ်ထည့်နေတာ။ ရပ်ကွက် ၅ ဘက် စစ်ကောင်စီ ခမရ ၅၀၇ တပ်ကနေ လက်နက်ကြီးတွေ ပစ်ပေးနေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဒီနေ့ ဇွန် ၂၉ ရက်နေ့မှာ လားရှိုးမြို့အနီး တိုက်ပွဲဖြစ်ပွားကြောင်း၊ အလောင်း ၇ လောင်းနဲ့ သေနတ် ၇ လက် ရရှိထားကြောင်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ မနက်ပိုင်းကလည်း လားရှိုးမြို့နယ်၊ ကုန်းညောင်ရွာအနီး ပိန်းကန်းရွာဘက်မှာ စစ်ကောင်စီနဲ့ MNDAA တို့အကြား မိနစ်အနည်းငယ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
ဇွန်လ ၂၅ ရက်နေ့က စလို့ MNDAA ရဲ့ မဟာမိတ် ဖြစ်တဲ့ TNLA နဲ့ ပူးပေါင်းအဖွဲ့တွေက ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါ၊ ကျောက်မဲ၊ နောင်ချို ဘက်မှာ ၁၀၂၇ တကျော့ပြန် ရှမ်းမန်း စစ်ဆင်ရေး စတင်နေပြီဖြစ်ပြီး တဆက်တည်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ထိစပ်နေတဲ့ မိုးကုတ်၊ မိုးမိတ်တို့ဘက်လည်း TNLA နဲ့ ပူးပေါင်းအဖွဲ့က စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။