မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်း မင်းတံတား ရပ်ကွက် သော်တာဝင်းဓာတ်ဆီဆိုင်အနီးမှာ ဇွန် ၂၉ ရက် ညနေ ၂ နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျပြီး အမျိုးသား တဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဖြစ်စဥ်သိရှိသူ ဒေသခံတဦးက “သူက အိမ်ရှေ့မှာ ဖုန်းထိုင်သုံးနေတာ၊ ဖုန်းထိုင်သုံးနေချိန်မှာ လက်နက်ကြီး အနားကိုကျတာ။ ဘေးမှာ တခြားသူတွေလည်းရှိတယ်။ သူကတော့ နားထင်ကို လက်နက်ကြီး ထိသွားတာ။ သူ့ကိုခေါ်သွားတဲ့ လမ်းတလျှောက်လည်း သွေးတွေပဲ" လို့ ပြောပါတယ်။
မိုးကုတ်မြို့ အရှေ့ပိုင်းမှာ ဇွန် ၂၉ ရက်က စစ်ကောင်စီတပ်အခြေချထားတဲ့ တပ်စခန်းတွေကနေ ပြည်သူတွေနေ ထိုင်ရာဘက်ကို လက်နက်ကြီးပစ်ခတ်တာတွေရှိခဲ့သလို TNLA တပ်တွေလာ နိုင်တဲ့လမ်းကြောင်းတွေကို လက်နက်ကြီး ပစ်ကူပေးတာတွေရှိတယ်လို့ မိုးကုတ်မြို့ အရှေ့ပိုင်းမှာ နေထိုင်သူ တဦးက ပြောပါယ်။
"စစ်တပ်က ဗျူဟာကုန်းကနေပစ်တယ်၊ ပန်းမထိပ်ကနေ ပစ်တယ်၊ အနောက်ပိုင်းဘက်ကို ပစ်ကူနေတာ။ အနောက်ပိုင်းဘက်မကျဘဲ နေအိမ်တွေဘက်ကျတာ ဖြစ်နိုင်တယ်။ အရှေ့ပိုင်းမှာ နေ့လယ်ပိုင်းထိ တိုက်ပွဲ ဖြစ်တာမရှိဘူး”လို့ ပြောပါတယ်။
မိုးကုတ်အရှေ့ပိုင်းမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ တိုက်ပွဲဖြစ်နေတဲ့ မိုးကုတ်အနောက်ပိုင်းကို စစ်ကူလှမ်းပစ်ကူနေပြီး မိုးကုတ်အရှေ့ပိုင်း ကန်တော်ရက်ကွက်အနီးမှာတော့ ဇွန် ၂၉ ရက် ညနေ ၄ နာရီဝန်းကျင်က တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးကုတ်မြို့မှာ ဇွန် ၂၅ ရက် ကနေ ဇွန် ၂၉ ရက်အထိ ပြည်သူ ၆ ဦးသေဆုံးထားပါတယ်။