Home
ဆောင်းပါး
မအလ နိဂုံးပိုင်း ( သရော်စာ)
DVB
·
July 13, 2024

(က)

ဒီမနက်ရေနွေးကြမ်းဝိုင်းမှာ စိမ်းသရဖူစိမ်း အဘစိမ်းမောင် မျက်နှာသိပ်မကောင်း။ အဘစောမူးသာ၏ အိမ်ပြတင်းမှနေ၍  ခြံဝင်းကျယ်ကြီးထဲက မိုးရေရွှဲရွှဲစို နေသည့် သစ်ပင်ကြီးများကို လှမ်းငေးကာ တခါတခါ သက်ပြင်းခိုး၍ ချနေတာကို မြင်ကြရပါ၏။

အဘစောမူးသာက စစ်ပြန်ကြီးအဘလုံးတုံးကို မျက်ရိပ်ပြပါလေ၏။ အဘလုံးတုံးက " သူငယ်ချင်း စိမ်းမောင် နေမကောင်းဘူးလား " ဟု စကားလမ်းကြောင်းလေရာ အဘစိမ်းမောင်ထံက " ဟှူး . . " ဟု သံရှည်စွဲလာသည့် သက်ပြင်းချသံကြီးကို ကြားကြရပါလေတော့၏။

"လူတော့နေကောင်းပါတယ်ကွာ"

"ဒါဆိုရင် မင်းအိမ်က ' ဆိတ် ' တွေတော့  မကျန်းမာဘူးဆိုတဲ့ သဘောလား ''

"ဟားဟား ဟားဟား ဟားဟား"

"မနောက်ကြပါနဲ့ကွာ . . . "

မေးမှ သိကြရပါလေ၏။ ဟိုဘက်ရွာကသူ၏ တူတော်မောင်အရင်းဖြစ်သူ 'စိမ်းချစ်' စစ်မှုထမ်းပါသွားလို့ဟု ပြောပါ၏။

သူ၏တူတော်မောင်၏အမည်ရင်းမှာ 'သိမ်းချစ်' ဖြစ်ပေမယ့် သူတို့၏ အစိမ်းရောင်ချစ်သူစစ်ဖြစ်နေ၍ ' စိမ်းချစ် ' ဟုသာတွင်နေပါလေ၏ ခင်ဗျာ။

"မင့်တူက မင်းလိုပဲ ကြင်စိုး သာ၀ မအလကို ကိုးကွယ်ဆည်းကပ်နေတဲ့သူပဲကွာ၊ စစ်မှုထမ်းပါတော့ ဂုဏ်ယူရမှာပေါ့ "

" ဟာကွာ . . . မင်းတို့က ဘာမှမသိဘဲစွတ်ပြောနေပြန်ပါပြီ . . . ရီးတဲ့မှပဲ "

" ဟဲ ဟဲ ဟဲ ဟဲ . . . လင်းစမ်းပါအုံးဟ "

သို့ဖြင့် ဖြစ်ကြောင်းကုန်စင်ကို သိရပါလေ၏။ စိမ်းချစ်မှာ သူ့ဦးလေးလိုပဲ အစွန်းရောက် စိမ်းဆိုမှစိမ်းဖြစ်လေရာ "စစ်မှုထမ်းခေါ်ရင် လိုက်သွားပြီး PDF တွေကို ဆော်မယ်"ဟု လေကြီးထားသူလည်း ဖြစ်ပါ၏။

"အဲဒါကွာ သင်တန်းနှစ်လသုံးလ တက်ပြီးသင်တန်းဆင်းတော့ သူတို့လက်ဦးက ပြောထားသလို ကိုယ့်ရပ်ရွာ ကိုယ့်ဒေသကို ပြန်ပြီး တာဝန်မထမ်းဆောင်ရပဲ ရှေ့တန်းကို တန်းအလွှတ်ခံရတယ်ကွ "

" ဟေ . . . အဲသလိုအဖြစ်မျိုး ရှိသလား "

"အေးကွ . . . အခု ရှေ့တန်းမှာ ဒီကောင်မခံနိုင်တော့ဘူးထင်တယ်"

 “သြော် . . . မင်းတို့က မအလတွေစကားကို အယုံကြီးယုံခဲ့ကြတာကိုး ဟကောင်ရ"

"အခု ဒီကောင် ' လစ် ' ချင်နေပုံပဲ "

" လစ်ရင်တော့ မအလတွေက အသေလိုက်ဗြင်းမှာဟ စိမ်းမောင်ရ"

" ဟှူး. . . . . ဝှူး . . . "

နောက်ထပ် သက်ပြင်းကြီးချပြန်ပါလေ၏။ ထို့ထက်ဆိုးသော အချက်ကို ကျွန်ုပ်တို့ ထပ်မံ သိရှိရပြန်ပါလေ၏။ စစ်မှုထမ်းပါပြီး သင်တန်းဆင်းပါက တပ်မတော်ထဲမှာ ' ၂ နှစ် ' သာ စစ်မှုထမ်းရမည်ဟု ဆိုခဲ့သော်လည်း လက်ပူတိုက်သင်တန်းပြီးဆုံးသည့်အခါမှာတော့ စာချုပ်ထဲမှာ ' ၅ နှစ်တိတိ တာဝန်ထမ်းဆောင်ပါမည် ' ဟု ဝန်ခံကတိစာချုပ်မှာ လက်မှတ်ထိုးခဲ့ရပါကြောင်းတဲ့။

" ဒီတော့ ဘာဖြစ်လဲကွ၊ ၅ နှစ်လုပ်လိုက်ပေါ့ဟ"

"ဟာကွာ . . . ဘယ်ဖြစ်မလဲကွ၊ ' ၂ နှစ် ' လို့ပြောထားတာ ' ၅ နှစ် ' လုပ်စရာလား"

" ဝါး . . . ဟားဟား ဟားဟား ဟားဟား"

(ခ)

အဘစိမ်းမောင်က မျက်မှောင်ကြုံ့ပါလေ၏။ သူတို့ကိုးကွယ်တော်မူနေသည့် ကြင်စိုးသာ၀နှင့် အပေါင်းပါ မအလများ၏ လိမ်ညာမှုကို နောက်ထပ်တခါ ထပ်မံခံလိုက်ရလေရာ မခံချိမခံသာ ဖြစ်နေပုံပါပဲ။

"ဒီမယ်စိမ်းမောင် . . . တတုံးလည်း မဟုတ်တော့ဘူး၊ လေးငါးခြောက်တုံးရှိနေတာတောင်မှ ' အဘအဘ ' လုပ်နေသေးရင်တော့ မင်းတို့ရှေ့ရေး ရင်လေးသကွာ "

" စိတ်ညစ်ရတဲ့အထဲ မင်းတို့ကလဲ "

" ဟဲဟဲ ဟဲဟဲ ဟဲဟဲ "

ထိုမှသည် အရွှင်အဘတွေက ငယ်သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးကို ဖျောင်းဖျနားချနေကြပါလေ၏။ " နဂိုကတည်းကမှ မှန်မှန်ကန်ကန်မဟုတ်တဲ့  (--) ကောင်နဲ့ သူ့နောက်လိုက်တသိုက်ကို မင်းတို့က အခုအထိ ယုံစားနေတာကိုတော့ ငါတို့ ဘယ်လိုမှ မစဉ်းစားတတ်တော့ဘူး" ဟုဆိုကြ၏။

" ဟှူး . . . . . . . . . "

" ဒီမယ်စိမ်းမောင် . . . မအလဟာ လူလိမ် လူညာ လူကောက်ကွ၊ မင်းပြန်ကြည့်လေကွာ . . . ၂၀၂၀ ရွေးကောက်ပွဲ မဲပေးတဲ့ရက်မှာ သူ့ကို နိုင်ငံတကာကအင်တာဗျုးတော့ ပြုံးပြုံးပြုံးပြုံးနဲ့ ဒင်း ဘယ်လိုဖြေခဲ့သလဲ"

" အဲ . . . ဟို . . . "

" အေး . . . ဒီ (--) ရဲ့အဖြေ အခုအထိ လိုင်းပေါ်မှာရှိနေသေးတယ်။" 

“ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်လို့ ကျနော်တို့ လိုက်နာကြရမှာပါ " တဲ့ ။ 

" အေး . . . အဲ . . . "

" ပြီးလည်းပြီးရော အကုန်လုံးကို  (--) ကောင်ကြီး ဖျက်ဆီးပစ်လိုက်တာ "

" အာဏာသိမ်းပြီးတော့ တနှစ်ပြည့်တဲ့ အချိန်မှာ ရွေးကောက်ပွဲအသစ် ကျင်းပပေးပါမယ်" တဲ့၊ ဖြစ်လား၊ လုပ်ပေးလား "

" အဲ . . . . . "

" လျှပ်စစ်ရထားတွေ ပြေးဆွဲပေးမယ် "တဲ့။ 

 “ပေးလား၊ လုပ်နိုင်လား "

" အမ် . . . . . "

"မြေအောက်ရထားလမ်းတွေ ဖောက်လုပ်ပါတော့မယ်" တဲ့။ 

“ဖောက်နိုင်လား "

" အဲ . . . . . "

"ကုန်ဈေးနှုန်းတွေ တည်ငြိမ်အောင် စွမ်းဆောင်ပေးပါ့မယ် " တဲ့၊ 

စွမ်းဆောင်ပေးနိုင်လား၊ ကျလား "

" ဟား ဟား ဟား ဟား ဟား ဟား ဟား "

ကျန်သူအားလုံး ပေါ့ပေါ့ပါးပါး တဟားဟားရယ်နေကြစဉ် အဘစိမ်းမောင်မှာ သက်ပြင်းတွေသာ တသွင်သွင် ချနေပါလေ၏။ အဘစောမူးသာက မြင်သမျှကို ဆက်ပြောပါလေ၏။

"ဒီ (--) ကြီးက  ပလ္လင်ပေါ်ကို ခွေးတိုးပေါက်ကနေ ဖြဲတိုးပြီး မဆင်မခြင်တက်လာတာ ၃ နှစ်ကျော်သွားပြီ၊ သူလုပ်ပြနိုင်တာဘာရှိသလဲ၊ ဘာမှမရှိဘူးမဟုတ်လား ''

" ဒီလိုတော့မပြောပါနဲ့မူးသာရာ . . . မအလ လုပ်နိုင်တာ တခုတော့ ရှိပါတယ်ကွာ "

" ဘာရှိလို့လဲ လုံးတုံးရ "

" သူ့အာဏာငွေ့လေး အမျှင်မပြတ်စေဖို့ရာ ၆ လတခါ သက်တမ်းတိုးတာလေကွာ "

" ဝါး . . . ဟားဟား ဟားဟား ဟားဟား "

(ဂ)

မအလဟာ ဘာမဟုတ်တဲ့ဟာလေးတခုကိုသာ ပိုင်နိုင်စွာလုပ်ဆောင်နိုင်တယ်ဆိုတော့ အဘစောမူးသာ၏မျက်နှာမှာ တခုခုကိုသတိရလိုက်သလိုမျိုး ဝင်းလက်လာပါလေ၏။

"အေးကွ လုံးတုံးရ . . ဒီ (--)  ဘာမှအရေးမပါတာလေးတခုကိုသာ ပိုင်ပိုင်နိုင်နိုင် လုပ်တတ်တယ်ဆိုတော့ ငါဖတ်ဖူးခဲ့တဲ့ဝတ္ထုလေး  တပုဒ်ကို ပြေးသတိရမိသွားသကွ "

" လုပ်ပါအုံးဟ၊ မင်းဇာတ်လမ်းလေးကို "

သို့ဖြင့် အဘစောမူးသာက ဝတ္ထုသွားကို ပြောပြပါလေ၏။

တခါတုန်းက ရွာတရွာမှာ  ဘာမှဟုတ်တိပတ်တိမလုပ်တတ်ပဲ လေကြီးလေကျယ်တွေသာ တွင်တွင်ပြောပြီး လူအထင်ကြီးခံချင်တဲ့ ' လေပေါ ' ဆိုတဲ့လူတဦး ရှိသတဲ့။ သူက ရပ်ရွာကတင်မြှောက်ထားတဲ့ ပညာ သမ္ဘာ မေတ္တာ စေတနာ အလွန်ကြီးမားတဲ့သူကြီးကို မနာလိုဖြစ်ပြီး သူကြီးနေရာကို ငမ်းငမ်းတက် လိုချင်နေတာတဲ့။

ဘာပညာမှမရှိတဲ့လေပေါဟာ တနေ့တော့  ရပ်ရွာမှာ ကြွေးကြော်သတဲ့။ ရွာအနောက်ဘက်က တောအုပ်ကြီးထဲမှာ သူအကျင့်ထူး သွားကျင့်ပြီး ၃ နှစ်ပြည့်တဲ့အခါမှ ပြန်ထွက်လာမတဲ့။

" ဒီ (---) ရူးကကွာ  လူတွေက ရယ်ကြတာပေါ့၊ တောအုပ်ကြီးက နက်တော့ နက်တယ်တဲ့၊ လူသူအသွားအလာလည်း မရှိသလောက်ပဲတဲ့ "

" အဲဒီကောင် တကယ်ကျင့်တာလား "

"ဟုတ်တယ်လုံးတုံး၊ တိုတိုပြောရရင်တော့ကွာ ၃ နှစ်လည်းပြည့်ကော ဒီကောင် ပြန်ရောက်လာတယ်၊ သူကြီးအိမ်ကိုသွားပြီး ရပ်ရွာလူထုကိုစုပေးဖို့ မောင်းထုခိုင်းတော့ သူကြီးလည်း နားအေးပြီးရော ထုပေးလိုက်တဲ့အခါ တရွာလုံး ရောက်ချလာကြသတဲ့ဟ "

" ဒီတော့ . . . . "

"လူတွေလည်းစုံရော ' လေပေါ ' က ကွပ်ပစ်ပေါ်မှာ မတ်တပ်ရပ်ပြီး သူ အထူးကျင့်စဉ် အောင်မြင်လာပြီဖြစ်လို့ အများရှေ့မှောက်မှာ ထုတ်ဖော်ပြသပါတော့မယ်လို့ ကြေညာသတဲ့ "

" အ လဲ့ "

" သူ ကွပ်ပစ်ပေါ်မှာ တင်ပလ္လင်ခွေထိုင်ချလိုက်ပြီး မျက်လုံးကိုမှိတ် စိတ်ကိုစုစည်းပြီး ခဏအကြာမှာ သူ့ပါးစပ်ကိုဟလိုက်တဲ့အခါ ပါးစပ်ထဲကနေ ' မီးခိုးငွေ့တွေ ' ထွက် လာသတဲ့ "

" ဟေ . . . တယ်စွမ်းပါလားဟ "

"သူမျက်လုံးဖွင့်ကြည့်လိုက်တော့ ရှေ့ဆုံးမှာထိုင်နေတဲ့ ရွာသားတယောက်က သူ့ကို ပြုံးစိပြုံးစိနဲ့ ကြည့်နေတာ မြင်လိုက်ရသတဲ့ "

"အဲသည်လူက " မင်း ၃ နှစ်တောင်မှ နေ့မအားညမအားကျင့်ပြီး အခုလို ပါးစပ်ထဲကမီးခိုး ထုတ်တတ်တာလေးပဲ တတ်လာတော့ ငါတို့ရပ်ရွာအတွက် ဘာအကျိုးများဖြစ်ထွန်းသလဲ” လို့ မေးခွန်းထုတ်လိုက်တော့ လေပေါကြောင်အအ ဖြစ်သွားသတဲ့” 

" ဟား ဟား ဟား ဟား ဟား ဟား ဟား "

"လေပေါ ကြက်သေသေနေတုန်း အောက်ကလူက "ငါ ချက်ချင်း မင်းလိုလုပ်ပြမယ်" လို့ပြောလိုက်သတဲ့ "

" ဟိုက်ရှားပါး "

"ပြီးတော့ သူ့လက်ထဲက ဆေးပေါ့လိပ်တိုကြီးကို ပါးစပ်မှာတပ်၊ မီးခြစ်ကိုခြစ်၊ မီးညှိပြီး အားရပါးရဖွာလို့ ပါးစပ်ထဲကနေ မီးခိုးငွေ့တွေ ထုတ်ပြလိုက်တော့သတဲ့ဗျား "

" ဟား ဟား ဟား ဟား ဟား ဟား "

" အေး . . . အခုလည်း စိမ်းမောင်တို့အဘ မအလကြီးရဲ့  ၃ နှစ်ကျင့်စဉ်ဟာလည်း အရည်မရ အဖတ်မရ မီးခိုးထုတ်ပြတဲ့အဆင့်ပါပဲတဲ့ ဗျား "

" ဝါး . . . ဟားဟား ဟားဟား ဟားဟား "

ဖေကြီး(လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024