(က)
ဒီကနေ့တော့ ရွာတောင်ကျောင်းမှာ စုဆုံဖြစ်ကြ၏။ စိမ်းသရဖူစိမ်း ဆရာတော်နှင့် သူငယ်ပေါင်းတွေ သောင်းပြောင်းထွေလာ ပြောနေကြပါ၏။ ဆန်ဈေး ဆီဈေးကအစ အထွေထွေစားသောက်ကုန်ဈေးနှုန်းများအလယ် ဓာတ်ဆီ ဒီဇယ်ဈေးနှုန်းတွေမှသည် ရွှေနှင့် ဒေါ်လာဈေးအထိ ပါပါလေ၏။ ဆရာတော်က ဤသို့မိန့်လာ၏။
“ဒေါ်လာဈေးတွေ ရွှေဈေးတွေကို ထားကွာ၊ အခြား ငါတို့နဲ့ဆိုင်တဲ့ဟာတွေပဲ ပြော”
“ဟော . . .”
“ရွှေဈေးတွေ ဒေါ်လာဈေးတွေတက်တာ ငါတို့နဲ့ မဆိုင်ဘူး၊ ငါတို့နဲ့ သက်ဆိုင်တာက အခြေခံ စားကုန်ဈေးနှုန်းတွေပဲ မဟုတ်လား”
“အဲ . . . အဲသလို မဟုတ်ဘူးဘုရာ့၊ အားလုံးက ‘ချိတ်ဆက်’ နေတာဆိုတော့ အဲသည် ရွှေတွေ ဒေါ်လာတွေ မတန်တဆ ဈေးတွေတက်တဲ့အခါ အခြားဟာတွေ အကုန်လုံးလည်း ‘ဆက်နွှယ်’ ပြီးတော့ လိုက်တက်တာဘုရာ့”
“ဟေ . . အဲသလိုဟုတ်လို့လား မူးသာရာ”
“တင်ပါ့ဘုရား . . . မူးသာရှင်းပြတာ အမှန်တရားပါ၊ အဲသလိုတွေ ချိတ်ဆက်နေတာ”
“ဟုတ်တယ်လုံးတုံးရ၊ ဒေါ်လာတင်မကဘူး၊ ထိုင်းဘတ်ငွေတို့ တရုတ်ယွမ်ငွေတို့တွေနဲ့လည်း အကုန်လုံး အတွဲလိုက်ကြီး ဆက်နေတာ”
ဆရာတော်ကား မေးစေ့ကိုပွတ်ကာ ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်တော်မူနေပါလေ၏။ ပြီးတော့ ဆက်လက်၍ မေးပြန်ပါလေ၏။
“ဒါနဲ့ ရွှေကုန်သည်ကြီးတွေ ဒေါ်လာလက်ကြီးသမားတွေကို ဖမ်းလိုက်တော့ ဈေးတွေကျကုန် ဆိုကွ”
“ကျ . . . အဲ . . . မကျ . . .”
“အခြေခံစားသောက်ကုန်တွေကိုလည်း သူတို့သတ်မှတ်ပေးတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချဖို့ ဆော်သြတယ်ဆို”
“ဈေးတွေထဲမှာ လော်တွေနဲ့ လိုက်အော်နေတာဘုရာ့၊ ကြက်သားဘယ်ဈေး၊ ဝက်သားဘယ်ေဈးနဲ့ ရောင်းချရမယ်၊ ဘာမယ်ပေါ့ဘုရာ့”
“အခုဆို ဈေးတွေကျကုန်ပြီပေါ့”
“ဘယ်ကျမလဲ ဘုရာ့၊ အခုဆို အရှင်ဘုရားကြိုက်နှစ်သက်တော်မူတဲ့ ဝက်သားသုံးထပ်သားတောင်မှ တပည့်တော်တို့ ဝယ်ချက်ပြီး မကပ်နိုင်တော့တာသာ ကြည့်တော့”
“ဟမ် . . .”
“မူးသာလိုပဲ တပည့်တော်တို့အိမ်က ဆွမ်းချိုင့်နေ့ဆိုလည်း ကြက်ဥတပတ်၊ ငါးခြောက်တပတ်လောက်ပဲ ကပ်နိုင်တော့တာ ဘုရာ့”
“ဟှူး . . . . . ဝှူး . . . . .”
ဂန္ထဝင်စိမ်းဆရာတော် ဦးအစိမ်းတထံမှ သက်ပြင်းရှည်ကြီးကား အပူငွေ့တွေနှင့် ထွက်ချလာပါလေတော့၏။ အဘစောမူးသာနှင့် အဘလုံးတုံးတို့က အခုလိုမျိုး ခေတ်ဆိုးကြီးကို ရောက်လာအောင် စွမ်းစွမ်းတမံ ကြိုးစားခဲ့သူမှာ ကြင်စိုး သာဝ မအလပါဟု လျှောက်တင်လေရာ အစိမ်းဆရာတော်နှင့် အစိမ်းဒကာတော် အဘစိမ်းမောင်တို့မှာ မျက်မှောင်ကြုတ်ကြပါလေ၏။
“ကုန်ဈေးနှုန်းတွေတက်အောင်လုပ်တာ နစကဥက္ကဋ္ဌကြီး မဟုတ်ဘူးလေကွာ”
“ဒီမယ် ကိုယ်တော် . . . အရှင်ဘုရားတို့ရဲ့လူ မအလကြီးလုပ်တာ မဟုတ်ဘူးဆိုရင်လည်း အဲသည်ဈေးနှုန်းတွေ ကျအောင်လုပ်ဖို့ တာဝန်အရှိဆုံးလူဟာ ဒင်းပဲမဟုတ်ဘူးလား”
“ဟေ . . .”
“မတန်မရာ ပလ္လင်ပေါ်ကို ခွေးတိုးပေါက်က ဖြဲတက်လာပြီး အခုတော့ ဘာမှ မလုပ်တတ် မကိုင်တတ်နဲ့ ပုဆိုးမနိုင် ပုဝါမနိုင် မရှူနိုင် မကယ်နိုင် ဖြစ်နေပြီလေ ကိုယ်တော်ရဲ့”
“အမ် . . . . .”
“အခုရက်ပိုင်းတော့ ကိုယ်တော့်အတွက် ဆွမ်းချိုင့်ထဲမှာ တပည့်တော်တို့ ကြက်ဥတို့ ငါးခြောက်တို့ ထည့်နိုင်သေးတယ်၊ နောက်အပတ်တွေကျရင်တော့ ငုံးဥတောင်မှ သေချာမယ် မထင်တော့ပါဘူး ဘုရား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
(ခ)
မအလကြောင့် ကြုံတွေ့ခံစားနေကြရတာတွေကို ပြောနေရင်း စိတ်တွေဖော့ကာ ရယ်ချမိလိုက်ကြပါပေ၏ ခင်ဗျာ။ ပြီးတော့ “မအလကြီးဟာ ‘စိတ်ကစဉ့်ကလျားရောဂါ’ ဖြစ်နေပြီး အခုဆိုရင် ‘ထင်ရာပြော ထင်ရာလုပ်’ အဆင့်ကို ရောက်ရှိနေပါပြီဘုရာ့” ဟု အဘလုံးတုံးက ပြော၏။ ဤအခါ ဆရာတော်က . .
“မင်းကို ဘယ်သူပြောလဲဟ လုံးတုံးရ”
“နေပြည်တော် ခုတင် ၁၀၀၀ က ပါရဂူ ဖရဲသီးကြီးတွေကလည်း ပြောတယ်။ အခု သူ့အပြောအဆို မူမမှန်ပုံတွေကို လေ့လာသုံးသပ်ကြည့်ရင်လည်း မြင်သာပါတယ် ဘုရာ့”
“ဘယ်လိုတွေကို မြင်ရလို့လဲ ဟကောင်ရ”
“အရင်တုန်းက ‘မြေအောက်လျှပ်စစ်ရထား’ တွေလုပ်မယ်၊ ‘လျှပ်စစ်ကားတွေ’ ထုတ်မယ် ဘာမယ်ဆိုပြီး မဖြစ်နိုင်တာတွေ ပြောခဲ့တယ်၊ ‘တနှစ်ပြည့်’ ရင် ရွေးကောက်ပွဲအသစ် ပြန်လုပ်မယ်လို့ ပြောခဲ့တယ်၊ အခုကျတော့ ၂၀၂၅ ခုနှစ်မှာမှ ရွေးကောက်ပွဲလုပ်မယ်လို့ ပြောနေပြန်ပြီလေ”
“ဟေ . . . . .”
“ပြီးတော့ ဘာမှလည်း ထဲထဲဝင်ဝင်မသိဘဲ သူပဲအကုန်သိ သူပဲအကုန်တတ် ပုံစံဖမ်းပြီး သူသွားလို့ရနေသေးတဲ့ မြို့လေးတွေကိုသွားပြီး နွားကို ဘယ်လိုမွေးရတာ၊ ဆိတ်ကို ဘယ်လိုမွေးရတာ၊ ကြက်ကို ဘယ်လိုမွေးရတာ ဆိုပြီး လျှောက်လျှောက် ‘အာ’ နေတာ အရှင်ဘုရား မမြင်ဘူးလား”
“ဟမ် . . .”
“မူးသာပြောသလိုပဲဘုရာ့ . . . သူ တိုင်းခန်းလှည့်လည်ရင်း ထင်ရာပြော ပြောတာတွေထဲမှာ စပါးကို တင်းရာကျော်ရအောင် ဘယ်လိုစိုက်ရတာ၊ နှမ်းကို အထွက်နှုန်းကောင်းအောင် ဘယ်လိုလုပ်ရတာ၊ ဝါဂွမ်းကို စံချိန်မီထွက်အောင် ဘယ်လိုလုပ်ရတာတွေကို မစားရ ဝခမန်း ထင်ရာတွေ ပြောပြောနေတာ ကိုယ်တော့်အမြင်ပဲလေ”
“ဟေ . . .”
“အဲသလို ပြောနေချိန်မှာ သူ့ဘေးက စာအုပ်တွေနဲ့ လိုက်လိုက်ပြီး မှတ်နေတဲ့သူတွေရဲ့ မျက်လုံးတွေကို ကြည့် ကြည့်”
“ဘယ်လို မျက်လုံးမျိုးတွေမို့လို့လဲ”
“‘သောက်ပေါကြီး၊ သောက်ရူးကြီး’ လို့ အဓိပ္ပာယ်ရတဲ့ မျက်လုံးတွေကို ကိုယ်တော် မြင်ရလိမ့်မယ်၊ မယုံရင် ဒီည TV သတင်းလာတဲ့အခါ သေသေချာချာ ကြည့်”
“အ ဟိ”
“ဟား ဟား ဟား ဟား ဟား ဟား ဟား”
အဘစောမူးသာ၏ ‘အဟိ’ နောက်မှာကား ‘တဝါးဝါး’ ဖြစ်ကုန်ကြပါလေတော့၏။
(ဂ)
အစိမ်းဆရာတော်နှင့် အစိမ်းဒကာကျော်တို့၏ မျက်နှာများကား မသာမယာ။ အဘလုံးတုံးက စိတ်ကစဉ့်ကလျားဝေဒနာရှင် မအလကြီး၏ နောက်ထပ်ပြောဆိုချက်များကို ဆက်ပြန်ပါလေ၏။
“အခုဆိုရင် နိဂုံးချုပ်တော့မယ့် ဒီကောင်ကြီးဟာ စကားတွေ မှားပြီးရင်း ဆက်မှားလာပြီး ပြည်သူလူထုကိုတောင်မှ ‘ဒဲ့’ စိန်ခေါ်လာပြီ ခင်ဗျ”
“ဘယ်လို ဘယ်လို”
“ဟိုဘက်ရက်ကပဲ သူ့စကားတွေထဲက ဇာတိပြလာတာလေ . . . ‘နိုင်ငံတဝန်း ဖြစ်ပွားနေသည့် ခုခံတော်လှန်စစ်ကို သက်ဆိုင်ရာ ဒေသခံပြည်သူများကသာ လုပ်ဆောင်နေခြင်းဖြစ်ပြီး ၎င်းတို့သည် မိမိဒေသကို မိမိဖျက်ဆီးနေသော အရိပ်နေနေ အခက်ချိုးချိုး ပြုလုပ်သူများ ဖြစ်သည်’ တဲ့ လေ”
“ဟေ . . .”
“အဲဒါဟာ သူ့ ‘သေတွင်း’ ကို နက်သထက် နက်အောင် သူ့ဘာသာသူ ထပ်တူးလိုက်တာပဲ”
“အဲ . . .”
“အခုဆိုရင် မအလဟာ တိုင်းရင်းသား EAOs တပ်တွေကိုလည်းမနိုင်၊ PDF တပ်တွေကိုလည်း မနိုင် ဖြစ်နေရာကနေ သူ့တပ်ကိုတောင်မှ သူမထိန်းနိုင်တော့ဘူး”
“ဟှူး . . . . ဝှူး . . . .”
“ဒါတင်ပဲလားဆိုတော့ မဟုတ်ဘူး လုံးတုံးရ”
“ဘာတွေကျန်သေးလို့လဲ မူးသာ”
“အေး . . . မအလဟာ အရင်တုန်းက CDM တွေကို အကြောက်ကြီးကြောက်ခဲ့ပြီး အခုကျတော့ VPN ကိုတောင် လန့်နေပြန်ပြီလေကွာ”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
“ဖေ့စ်ဘွတ်ခ်တွေ၊ VPN တွေ၊ Viber တွေနဲ့ အွန်လိုင်းစနစ်တွေကို လိုက်ပိတ်နေပြီး ‘အွန်လိုင်းငွေကြေးစနစ်ကို အသုံးပြုကြစေလိုပါတယ်’ လို့ ကစဉ့်ကလျားကြီး ပြောလာပြန်တာ မြင်တယ်မဟုတ်လား”
“မြင်ပါ့ဗျား . . . မြင်ပါ့ဗျား”
“ဟား ဟား ဟား ဟား ဟား ဟား ဟား”
ထင်ရာပြော ထင်ရာလုပ်နေပြီဖြစ်သည့် မအလကြီးမှာ ချောင်ပိတ်မိနေသည့် ခွေးရူးတကောင်လို ဖြစ်နေပြီဖြစ်ရာ သူ့အနီးပတ်ဝန်းကျင်မှ လူများပါ အန္တရာယ်ရှိနေပြီဟု သုံးသပ်ကြပါ၏။ အဘစောမူးသာက “ဆရာညီမင်းညိုရဲ့ ကဗျာကလေးကို သိပ်သဘောကျတယ်ကွာ” ဟု ဆိုပါလေ၏။
“ဘယ်လိုကဗျာလေးလဲ မူးသာရ”
“ကြင်စိုး သာဝ မအလနဲ့ လိုက်ဖက်တဲ့ ကဗျာလေးပေါ့ လုံးတုံးရာ၊ ခေါင်းစဉ်က ‘ခွေးရူးအတွက် အဖြေ’ တဲ့ဟ”
“ကဲကွာ . . . ရွတ်ပြစမ်းပါအုံး”
ထိုအခါ အဘစောမူးသာက ရေနွေးကြမ်းခွက်ကို မော့လိုက်ပြီး လည်ချောင်းရှင်း၍ အဆိုပါ ကဗျာလေးကို ဋ္ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုပြပါလေတော့၏ ခင်ဗျာ။
“ခွေးရူးကို
ကြင်နာလို့ မရဘူး”
“သူ့အတွက် အဖြေက
သေခြင်းတရားပဲ”
ဖေကြီး(လေရှီး)