Home
မြန်မာသတင်း
ကံမမြို့တွင် ကျောင်းသားများ မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်နေ
မင်းညို
·
June 20, 2024

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့မှာ မူးယစ်ဆေးဝါး ရောင်းချမှုနဲ့ သုံးစွဲမှုမြင့်တက်နေပြီး စစ်ကောင်စီလက်အောက်ခံ ရဲတွေက လိုင်းကြေးအမျိုးမျိုးယူကာ ခွင့်ပြုထားတာကြောင့် ၇ တန်းအရွယ် လူငယ်တွေတောင် စိတ်ကြွဆေး (WY) အသုံးပြုနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကံမမြို့ခံတဦးက “ကျောင်းတွေမပိတ်ခင်တုန်းကပဲ နဂါးရုံဘုရားမှာ ကျောင်းပြေးပြီး လာတာထင်တယ်၊ ချာတိတ်တွေ ထိုင်ပြီး ရေသန့်ဘူးခွံနဲ့ ခဲပြားလေးတွေ၊ မီးချစ်တွေ၊ ပိုက်တွေနဲ့ လုပ်နေကြတာ။ ပထမတော့ ကိုယ်တွေက ငရဲမီးနဲ့ တခုခုလုပ်နေတယ်ထင်တာ။ တခါမှ ဆေးချတာကို မတွေ့ဘူးတော့ ဒီအတိုင်းကြည့်နေတာ။ နောက်တော့ သူတို့က ငြိမ်ပြီး ကောင်းနေကြတာ။ ဒါပေမဲ့ မထင်ဘူးလေ။ နောက်မှ စကားစပ်မိရင်း လူတယောက်ကို ပြောပြလိုက်တော့မှ အဲဒါ WY ချတာတဲ့။ အဲဒီကို ကောင်လေးတွေ လာလာချတာ သူလည်းတွေ့ဖူးတယ်တဲ့ ဆိုတော့မှ လန့်သွားတာ။ ဒီအရွယ်လေးတောင် ဆေးချနေပြီလို့။ သူတို့က ကံမ အထက ကပဲ ဒီမှာက အရမ်းပေါနေတာ။ ကိုယ်တွေသာမနီးစပ်တာ ပေါ်တင်တွေ ချနေကြတာ” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရဲတွေက လိုင်းကြေးအမျိုးမျိုးယူ လုပ်စားနေကြတာဖြစ်ပြီး ဆေးရောင်းနေကြတဲ့သူတွေ အများစုက ဒေသခံ ပျူစောထီးခေါင်းဆောင်တွေ ဖြစ်တယ်လို့ စစ်ကောင်စီထွေအုပ်ရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“သူတို့က ရဲခိုင်းတာလည်းလုပ်၊ ဆေးလည်းရောင်း၊ စစ်မှုထမ်းဖို့ လူခေါ်ပေးရင်လည်း သူတို့ကပဲ ခေါ်ပေးရတာ။ ကံမမှာက ၂ လုံးကတော့ တပတ်ကို ၃၀,၀၀၀ ရဲကြေးပေးရတယ်။ ဆေးကတော့ အရေအတွက်အတိုင်း ပေးရတယ်။ အထက်က တရားခံဖမ်းခိုင်းရင်တော့ အဖမ်းပြရတယ်။ အဲဒါကလည်း လက်ကြီးတွေကိုတော့ ဘယ်တော့မှမဖမ်းဘူး၊ နောက်မှလုပ်တဲ့ လက်လီရောင်းသူတွေလောက်ကိုပဲ ဖမ်းတာ။”

၂၀၂၄ နှစ်ဆန်းပိုင်းလောက်က ရဲစခန်းအနီးမှာကပ်ပြီး အထိုင်ချကာ မူးယစ်ဆေးဝါး အကြီးအကျယ် ဖြန့်နေတဲ့ ကျော်ထက်ပိုင် အတိုင်ခံရတာကို ရဲက မဖမ်းဘဲ လက်သေးသမား ၂ ယောက်ကို အသွင်ယူ ဆေးဝယ်ပေးခိုင်းပြီး ဖမ်းလိုက်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူ အမျိုးသမီးတယောက်က ထောင်ဒဏ်တသက်နဲ့ လူငယ်တယောက်က ၁၀ နှစ် သရက်ထောင်မှာ ကျခံနေရတယ်လို့ ဆိုပါတယ်။

ရဲတွေက စစ်ကောင်စီတပ်ကို သစ်၊ ဝက်၊ ကြက်၊ နွား၊ အုတ်နဲ့ မီသွေးတင်တဲ့ကားတွေကို ဖမ်းဆီး ဆက်ကြေးကောက်ပြီး ခွဲပေးပေမဲ့ မူးယစ်ဆေးနဲ့ လောင်းကစားကရတဲ့ ငွေတွေကိုတော့ သတင်းပေးတွေနဲ့ ခွဲယူကြတယ်လို့ စစ်ကောင်စီထွေအုပ်ရုံးနဲ့ နီးစပ်သူက ပြောပါတယ်။

ကံမမြို့မှာ စိတ်ကြွဆေးပြားက တပြားကို ၃,၀၀၀ ကျပ်ကနေ ၅,၀၀၀ ထိရှိပြီး ဆေးခြောက် အပါအဝင် တခြားမူးယစ်ဆေး၀ါးတွေလည်း ရောင်းဝယ် သုံးစွဲနေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လကလည်း ကံမမြို့ ထုံးကြီးရွာကနေ ပြည်မြို့ကို WY ဖြန့်ချိနေတဲ့ ထုံးကြီးရွာက ကိုဖိုးချစ်ကို WY စိတ်ကြွဆေး ပီနံအိတ်တလုံးနဲ့အပြည့် ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ကံမမြို့ကို ဆေးခြောက်က မင်းတုန်း၊ သရက် စတဲ့မြို့တွေက ဝင်ပြီး WY ကတော့ ပြည်မြို့က ဝင်တယ်လို့ ကံမမြို့ကနေ CDM လုပ်လာတဲ့ ရဲဝန်ထမ်းတယောက်က ပြောပါတယ်။

ကံမမြို့မှာ မူးယစ်ဆေးကြောင့် ဆေးကြောင်ပြီး ရူးသွားတဲ့သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ကံမြို့နယ်နဲ့ ကပ်လျက်ရှိတဲ့ သရက်ထောင်ထဲမှာလည်း WY တပြားကို အပြင်ထက် ဈေးသက်သာပြီး ဆေးသုံးစွဲရောင်းချမှုတွေ များပြားနေကြောင်း သရက်ထောင်မှ လွတ်လာသူ တယောက်က ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013