တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၀ ကျော်သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) အဖွဲ့က ပြောပါတယ်။
ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စု၊ မျောက်ချောကျေးရွာအနီးမှာ စစ်ကောင်စီ အင်အား ၄၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်း ၂ ခုနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဇွန် ၁၉ ရက် မနက် ၈ နာရီကနေ ညနေ ၃ နာရီကျော်အထိ တိုက်ပွဲဖြစ်ပွားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၀ ကျော်သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သလို မွန်ပြည်တော်လှန်ရေးတပ် (MSRF) တပ်ဖွဲ့ဝင် ၂ ဦး၊ ABSDF တပ်ဖွဲ့ဝင်တဦးနဲ့ ကံပေါက် PDF တပ်ဖွဲ့ဝင်တဦးတို့ ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီတပ်ထံက MA2 စက်ကလေးတလက် ရရှိခဲ့ပါတယ်။
မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြန်ကြားရေးတာဝန်ခံ နိုင်နဂါးက “စစ်ကောင်စီစစ်ကြောင်း ၄ ကြောင်းနဲ့ ထိုးစစ်ဆင်နေတာ။ မျောက်ချောရွာနားမှာ အင်အား ၄၀၀ ရှိတဲ့ စစ်ကြောင်း ၂ ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာ။ စစ်ကောင်စီဘက်က မူးယစ်ဆေးဝါး သုံးစွဲထားတာလား၊ စိတ်ကိုပြောင်းလဲစေတဲ့ဆေးပဲ သုံးထားတာလား၊ ဒါမှမဟုတ် တိုက်ပွဲအတွေ့အကြုံပဲ မရှိတာလား မသိဘူး။ ဒီဘက်ကပစ်နေတာ အရှေ့မှာ အတုံးအရုံး သေနေတဲ့သူတွေ ရှိနေတာကို ဒီတိုင်းတက်လာတာ။ တချို့စစ်သားတွေဆို ပြန်တောင်မပစ်ဘူး ဒီတိုင်းတက်လာတာ။ မျက်မြင်ပဲ ၃၀ ကျော်သေတယ်” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း မြိတ်လေတပ်စခန်းကတက်လာတဲ့ စစ်ကောင်စီ ဂျက်တိုက်လေယာဉ် ၄ စီးက မျောက်ချောရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို စစ်ကောင်စီ အခြေစိုက် တပ်ရင်းတွေကလည်း လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။
မျောက်ချောရွာမှာ အိမ်ခြေ ၁၀၀ ခန့် လူဦးရေ ၅၀၀ ခန့်ရှိပြီး စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ဇွန်လအစတည်းက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိမ်စောင့်သဘောမျိုးသာ ကျန်ခဲ့ပြီး စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက်မှုစာရင်းကိုတော့ မသိရသေးပါဘူး။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီစစ်ကြောင်းက ဒဏ်ရာရတဲ့ စစ်သားတွေကို ကုသဖို့အတွက် မျောက်ချောကျေးရွာထဲ ဝင်ရောက်တပ်စွဲထားတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြန်ကြားရေးတာဝန်ခံ နိုင်နဂါးက ပြောပါတယ်။
တိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ဒေါနစစ်ကြောင်း၊ ABSDF၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ် (KPDF)၊ ရေးပြောက်ကျားတပ်ဖွဲ့ (YGF)၊ ရေးသိမ်းငှက်၊ Ye Air Force(YAF)၊ NMSP-AD တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကစပြီး ရေး-ထားဝယ် လမ်းပိုင်းကို စစ်ကောင်စီက ထိုးစစ်ဆင်လာတာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ရေး-ထားဝယ်လမ်းပိုင်းကို အသုံးမပြုဖို့ မဟာမိတ်တပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။