Home
နိုင်ငံတကာ
ဂါဇာ ထိုးစစ်အတွင်း  အစ္စရေး စစ်ဥပဒေ ချိုးဖောက်ခဲ့ဟု ကုလလူ့အခွင့်အရေးရုံး ပြော
DVB
·
June 20, 2024
Photo - Reuters

အစ္စရေးတပ်ဖွဲ့တွေဟာ စစ်ဥပဒေတွေရဲ့ အခြေခံမူတွေကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသ စစ်ရေးလှုပ်ရှားမှုမှာ အရပ်သားတွေနဲ့ တိုက်ခိုက်ရေးသမားတွေကို ခွဲခြားဖို့ ပျက်ကွက်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဇွန် ၁၉ ရက်မှာ ပြောပါတယ်။

အသေအပျောက်များပြီး အရပ်ဘက် အခြေခံအဆောက်အအုံတွေကို ပျက်စီးစေတဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှု ၆ ခုကို အကဲဖြတ်ထားတဲ့ အစီရင်ခံစာထဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး (OHCHR) က ပြောခဲ့တာပါ။

အစ္စရေးတပ်ဖွဲ့တွေဟာ တိုက်ပွဲတွေထဲမှာ ကွဲပြားမှု၊ အချိုးကျမှုနဲ့ ကြိုတင်သတိထားမှုတွေကို စနစ်တကျ ချိုးဖောက်တာ ဖြစ်နိုင်တယ်လို့လည်း မှတ်ချက်ပြုထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ အစ္စရေးရဲ့ အမြဲတမ်းမစ်ရှင်က ခွဲခြမ်းစိတ်ဖြာမှုကို အမှန်တကယ်၊ တရားဥပဒေနဲ့ နည်းစနစ်ပိုင်းအရ ချို့ယွင်းချက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ 

ဒီအစီရင်ခံစာထဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက အောက်တိုဘာ ၇ ရက်ကနေ ဒီဇင်ဘာ ၂ ရက်အတွင်း ဖြစ်ခဲ့တဲ့ ဖြစ်စဉ် ၆ ခုကို အသေးစိတ်ဖော်ပြခဲ့ပြီး ဒီတိုက်ခိုက်မှုအတွင်း လက်နက်အမျိုးအစားတွေ၊ နည်းလမ်းတွေကို အကဲဖြတ်နိုင်ခဲ့ပါတယ်။ 

၈ လကြာသွားတဲ့အတွက် ဒီလိုတိုက်ခိုက်မှုတချို့ကြောင့် ဒီအစီရင်ခံစာကို အခုချက်ချင်း ထုတ်ဖို့က အရေးကြီးတယ်လို့ ခံစားခဲ့ရပြီး ယုံကြည်ရလောက်တဲ့ ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေကို မတွေ့ရသေးပါဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောရေးဆိုခွင့်ရှိသူ ရာဗီနာ ရှမ်ဒါစာနီက ပြောပါတယ်။

အစ္စရေးရဲ့ လေကြောင်းနဲ့ မြေပြင် ထိုးစစ်တွေကြောင့် ဟားမတ်စ်တို့ အုပ်ချုပ်တဲ့ ပါလက်စတိုင်းနယ်မြေထဲမှာ ခုချိန်ထိ လူ ၃၇,၄၀၀ ကျော် သေဆုံးခဲ့ပြီးပြီလို့ ကျန်းမာရေး အာဏာပိုင်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဇွန် ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေက နယ်စပ်ကိုဖြတ်ကျော်ပြီး အစ္စရေးတောင်ပိုင်းကို အောက်တိုဘာ ၇ ရက်မှာ ဝင်ရောက်စီးနင်းခဲ့လို့ လူ ၁,၂၀၀ လောက် သေဆုံးပြီး လူ ၂၅၀ ကျော် ဓားစာခံအဖြစ် အဖမ်းခံခဲ့ရတယ်လို့ အစ္စရေးရဲ့ စာရင်းတွေက ဖော်ပြထားပါတယ်။

ရန်သူ ၂ ဖွဲ့ကြားမှာ အလုံးစုံစစ်ပွဲကြီး ဖြစ်ပွားလာရင်တော့ အစ္စရေးမှာ ဘယ်နေရာမှ လုံခြုံဘေးကင်းမှာ မဟုတ်ကြောင်း လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့ အကြီးအကဲ ဆေယစ်ဒ် ဟက်ဆန် နက်စရယ်လာက ဇွန် ၁၉ ရက်မှာ ပြောကြားလိုက်ပြီး ဆိုက်ပရပ်စ်နဲ့ မြေထဲပင်လယ်ရဲ့ တခြားဒေသတွေကိုလည်း ခြိမ်းခြောက်ခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာဟာ ဂါဇာစစ်ပွဲနဲ့အပြိုင် အစ္စရေးနဲ့ ၈ လကျော်ကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ ဇွန် ၁၈ ရက်က အီရန်ရဲ့ ကျောထောက်နောက်ခံပြုအဖွဲ့ ဟစ်ဇ်ဘိုလာဟာ အစ္စရေးပိုင်နက်ရဲ့ အတွင်းကျကျနေရာတွေရှိ စစ်ဘက်ဆိုင်ရာနေရာတွေကို ဒရုန်းနဲ့ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို ထုတ်ပြန်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ရုပ်မြင်သံကြားမိန့်ခွန်းမှာ ဟစ်ဇ်ဘိုလာအကြီးအကဲ နက်စရယ်လာက အစ္စရေးမှာ သူတို့ရဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လွတ်ကင်းတဲ့နေရာဆိုတာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နက်စရယ်လာဟာ ဆိုက်ပရပ်စ်ကိုလည်း ပထမဆုံးအကြိမ် ခြိမ်းခြောက်ခဲ့ပြီး စစ်ရေးလေ့ကျင့်မှုအတွက် အစ္စရေးကို သူ့ရဲ့လေဆိပ်တွေနဲ့ အခြေစိုက်စခန်းတွေကို အသုံးပြုခွင့် ပေးထားတာကြောင့်လို့ ဆိုပါတယ်။

“လက်ဘနွန်ကို ပစ်မှတ်ထားဖို့ အစ္စရေးရန်သူအတွက် ဆိုက်ပရပ်စ် လေဆိပ်တွေနဲ့ အခြေစိုက်စခန်းတွေ ဖွင့်ထားပေးတာဟာ ဆိုက်ပရက်စ်အစိုးရလည်း စစ်ပွဲရဲ့ တစိတ်တပိုင်း ဖြစ်လာတယ်လို့ ဆိုလိုပြီး ဟစ်ဇ်ဘိုလာ တော်လှန်ရေးကလည်း ဒါကို စစ်ပွဲရဲ့တစိတ်တပိုင်း အဖြစ် ကိုင်တွယ်ဖြေရှင်းရလိမ့်မယ် ဆိုတာကို ဆိုက်ပရပ်စ်အစိုးရကို သတိပေးလိုက်ကြောင်း” နက်စရယ်လာက ပြောပါတယ်။

ဆိုက်ပရပ်စ်ဟာ အစ္စရေးစစ်တပ်ကို ကွင်းပြင်နဲ့ အခြေစိုက်စခန်းတွေ ပေးထားတယ်ဆိုတာကို မသိရပါဘူး။

အရင်ကတော့ ဆိုက်ပရပ်စ်ဟာ သူ့ရဲ့ ကျယ်ပြောလှတဲ့ လေပိုင်နက်ဖြစ်တဲ့ ပျံသန်းမှု အချက်အလက်ဒေသ (FIR) ကို အစ္စရေးကို အသုံးပြုခွင့် ပေးခဲ့ဖူးပေမဲ့ စစ်ဖြစ်နေချိန်မှာတော့ ခွင့်မပြုထားခဲ့ပါဘူး။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013