ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ထဲမှာ ဇွန် ၂၀ ရက် ဒီကနေ့ မွန်းတည့်ချိန်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွါးပြီး ကလေး ၄ ယောက် ထိမှန်ဒဏ်ရာရသွားပါတယ်။
အသက် ၁၃ နှစ်ရွယ် ဒွဲလာဆိုသူ ကချင်ကလေးငယ်တဦးဟာ ဒီကနေ့ နေ့လယ်ကျောင်းဆင်းချိန်က ရပ်ကွက် ၇ နယ်မြေ ၆ ညောင်ဦးဖီးလမ်းရှိ သူတို့အိမ်ရှေ့မှာ ဗုံးတစ်လုံးနဲ့ကစားစဉ် ပေါက်ကွဲမှုဖြစ်ပြီး အနီးနားက ကလေးတွေပါထိမှန်ဒဏ်ရာရကုန်တာလို့ လားရှိုးဒေသခံတဦးက DVB ကို ပြောပါတယ်။
“ကလေးက အဲဒီဗုံးကို ကောက်ရထားတာ ၃- ၄ ရက်လောက်ရှိပြီတဲ့ ။ ဘယ်ကရလဲတော့ မသိဘူး ၊ ဒီနေ့ နေ့လယ်ထမင်းစားကျောင်းဆင်းချိန်မှာ သူက သူတို့အိမ်ရှေ့ကနေ အဲဒီဗုံးနဲ့ ဆော့နေတာ၊ တခုခုနဲ့ ခေါက်ကြည့်ပြီး ပေါက်ကွဲသွားတယ်။ အဲဒီနားမှာ သူကစားတာကို ဝိုင်းကြည့်နေတဲ့ကလေးတွေလည်း ထိမှန်တယ်၊ ဒဏ်ရာပြင်းတာ ၄ ယောက်ပေါ့။”
ဗုံးနဲ့ကစားတဲ့ကလေးငယ် ဒွဲလာဟာ လက်ပြတ်ထွက်သွားသလို မျက်နှာလည်း ရစရာမရှိအောင် ဒဏ်ရာတွေရသွားကြောင်း၊ အကောင်းပကတိပြန်ဖြစ်ဖို့ ရာခိုင်နှုန်းအင်မတန်နည်းတယ်လို့ သိရပါတယ်။
ကျန်တဲ့ ဒဏ်ရာရ ကလေး ၃ ယောက်မှာ အသက် ၁၂ နှစ်ရွယ် ကချင်မိန်းကလေး ဘောက်လာ ၊ ၈ နှစ်ရွယ် ရှမ်းကလေး စိုင်းသန်းလူနဲ့ ၅ နှစ်ရွယ် ရှမ်းမိန်းကလေး ခွန်ဆိုင်လောဝ် တို့ဖြစ်ပြီး သူတို့ကို ကယ်ဆယ်ရေးအဖွဲ့က လားရှိုးဆေးရုံကြီးဆီ ပို့ဆောင်ထား ပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီး တာဝန်ရှိသူတွေ ရောက်လာကာ အဲဒီအနီးတဝိုက် သွားလာခွင့် ကန့်သတ်ထားကြောင်း၊ ပေါက်ကွဲတဲ့ ဗုံးဟာ လက်လုပ်မိုင်းလို့ ထင်ကြေးပေးနေကြကြောင်း လားရှိုးဒေသခံက ပြောပါတယ်။