Home
မြန်မာသတင်း
ကံပိုင်တည်တွင် ပိတ်မိနေသည့် ကုန်ကား အစီး ၁၀၀ ခန့် ပြန်လွှတ်ပေး
DVB
·
June 20, 2024
Photo - ကုန်တင်ယာဉ်မောင်းတဦး

တရုတ် - မြန်မာနယ်စပ်၊ ကံပိုင်တည်မှာ ပိတ်မိနေတဲ့ ကုန်ကားတွေကို ဒီနေ့ ဇွန် ၂၀ ရက်မှာ အစီး ၁၀၀ လောက် ပြန်လွှတ်ပေးနေပြီလို့ ကုန်တင် ယာဉ်မောင်းတွေဆီက သိရပါတယ်။

ကုန်တင်ယာဉ်မောင်း တဦးက  “ဒီနေ့က ပြည်သူ့စစ်တွေက ကံပိုင်တည်က အဆင်းကား ဒီနေ့က ၉၉ စီး လွှတ်ပေးတယ်။ ဆင်းတဲ့ ကားတွေက ဆင်းလာပြီ။ ကားတွေက အများကြီးပဲ” လို့‌ပြောပါတယ်။

ကုန်တင်ကားတွေ အကုန်လုံးက ကုန်တင်ထားပြီးသားဖြစ်ပြီး ကံပိုင်တည်မှာ ပိတ်မိ သောင်တင်နေတဲ့ ကား အစီး ၅၀၀ ခန့်ရှိပြီး ကုန်တင်ကား အစီး ၃၀၀ ကျော် နဲ့ အိမ်စီးကား ၂၀၀ ခန့်ရှိ့တယ်လို့ ဆိုပါတယ်။

ကုန်တင် ယာဉ်မောင်းတဦးက "KIA ဘက်ကတော့ ဖွင့်ပေးပါတယ်။ သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း ဖွင့်ပေးတယ်။ ကားတွေက သွားတာက သွားတယ်။ ဖွင့်မပေးတာက ပြည်သူ့စစ်တွေက ဖွင့်မပေးတာ" လို့ ရှင်းပြပါတယ်။

ဝိုင်းမော်မှာဆိုရင် စစ်ကောင်စီရဲ့ ခလရ - ၅၈ တပ်၊ ကံပိုင်တည်မှာဆိုရင် အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်နဲ့ ဝေါ်ချုံး ဘက်တွေမှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နေရာတွေ ကျန်ရှိနေတာကြောင့် အဲဒီနေရာတွေမှာရှိတဲ့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တပ်တွေက ကားလမ်း ဖွင့်မပေးတာလို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဝိုင်းမော် - ဆဒုံး - ကံပိုင်တည် ကုန်သွယ်ရာ လမ်းတလျှောက်ကို KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်ခဲ့ပါတယ်။ ဇွန် ၁၂ ရက်နေ့မှာ ဆဒုံး စစ်‌ကောင်စီ ဗျူဟာစခန်းကြီးအပါအဝင် စစ်ကောင်စီတပ်စခန်းတချို့နဲ့ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် စခန်းကြီး၊ စခန်းငယ်၊ ကာကင်း ၁၉ ခုကို KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ကံပိုင်တည် - ဝိုင်းမော် - မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်းမှာ တောင်ပြို၊ လမ်းပိတ်ဆို့ တာတွေမရှိဘဲ ကုန်တင်ယာဉ်တွေ ပုံမှန်သွားလာနေကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွာရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ သတင်းထုတ်ထားပါတယ်။

Pra Jaw

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013