သမိုင်းမတင်မီခေတ်က ရှေးဟောင်းကျောက်တုံးကြီးတွေ ရှိနေတဲ့ ဗြိတိန်နိုင်ငံရဲ့ Stonehenge ကမ္ဘာ့အမွေအနှစ်နေရာမှာ ဇွန် ၁၉ ရက်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန္ဒပြသူတွေဟာ တချို့ကျောက်တုံးတွေကို လိမ္မော်ရောင်မှုတ်ဆေးနဲ့ အမှတ်အသားတွေ လိုက်ဖျန်းခဲ့ပါတယ်။
Just Stop Oil သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ ဆန္ဒပြသူ ၂ ဦးဟာ Stonehenge ရဲ့ ရှေးဟောင်းကျောက်တုံးကြီး ၂ ခုဆီကို ပြေးသွားကာ ဆေးတွေ လိုက်မှုတ်နေပြီး တခြားသူတယောက်ကတော့ သူတို့ကို တားဆီးဖို့ ကြိုးစားနေတာကို ပြထားပါတယ်။
ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံကို ပျက်စီးစေမှု သံသယနဲ့ လူ ၂ ယောက်ကို ဖမ်းဆီးထားကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အင်္ဂလန်တောင်ပိုင်းရှိ ဒီရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံဟာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတခုဖြစ်ကာ ဗြိတိန်ရဲ့ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်လည်ပတ်မှု အများဆုံးနေရာတွေထဲက တခုဖြစ်ပါတယ်။
Stonehenge ကို စောင့်ရှောက်တဲ့ အင်္ဂလိပ် အမွေအနှစ်အဖွဲ့ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။
Just Stop Oil သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဟာ ဗြိတိန်အစိုးရကို ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေး ထုတ်ယူမှုကို ၂၀၃၀ ခုနှစ်မှာ အဆုံးသတ်ပေးစေလိုကြတာပါ။
Just Stop Oil အဖွဲ့ဟာ ဗြိတိန်မှာ အနှောင့်အယှက်ဖြစ်စေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန္ဒပြပွဲတွေကြောင့် လူသိများလာတာဖြစ်ပြီး အဲဒီအဖွဲ့ရဲ့ တက်ကြွလှုပ်ရှားသူတွေဟာ အဓိကလမ်းမကြီးတွေကို ပိတ်ဆို့ခြင်း၊ ယဉ်ကျေးမှုနဲ့ အားကစားပွဲတွေကို နှောင့်ယှက်ခြင်းနဲ့ ကမ္ဘာကျော်ပန်းချီဆရာ ဗန်ဂိုးရဲ့ ပန်းချီကားတချပ်ကို ဟင်းရည်နဲ့ ပက်လိုက်တာမျိုးကိုတောင် လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
Source-Reuters