Home
မြန်မာသတင်း
တိုက်ပွဲကြောင့် တိမ်းရှောင်နေသည့် မြိုစစ်ရှောင် ၆၀၀ နှင့် အဆက်အသွယ် ပြတ်တောက်နေ
DVB
·
June 20, 2024
Photo - Mro people

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲက ၃ မိုင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဝင်းထဲ စစ်ရှောင်နေကြတဲ့ သီဟိုဠ်အေးနဲ့ ကိုင်းကြီးကျေးရွာတွေက မြိုစစ်ဘေးရှောင် ၆၀၀ နီးပါးနဲ့ အဆက်အသွယ် ပြတ်တောက်နေတာ ၂ ရက်ဝန်းကျင်ရှိပြီလို့ ကူညီပေးနေသူတွေက ပြောပါတယ်။

မောင်တောမြို့အဝင်နားမှာရှိတဲ့ နခခ ၅ မြို့သူကြီးနဲ့ နခခ ၂၊ ၄ မိုင်ဝန်းကျင်မှာ ပြီးခဲ့တဲ့ ဇွန် ၄ ရက်လောက်ကစပြီး စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေက ဘုန်းကြီးကျောင်းမှာ သွားရောက်ခိုလှုံနေကြတာပါ။

စစ်ရှောင်တွေကို ကူညီပေးနေတဲ့ လူမှုကူညီရေးအဖွဲ့တခုမှ တာဝန်ရှိသူက “ဇွန် ၁၈ ရက် ပြီးခဲ့တဲ့ ၂ ရက်လောက်ရှိပြီ၊ အဆက်အသွယ်မရတာ။ စားဝတ်နေရေးက သူတို့က ဆေးဝါးရယ်၊ ထမင်းရယ်ပေါ့နော်။ ဟင်းမပြောနဲ့ ထမင်းတောင်မှ သူတို့ မယ်မယ်ရရ မစားရဘူးတဲ့။ ပြီးရင် လွှဲတဲ့ပိုက်ဆံတောင်မှ သူတို့က ထုတ်ဖို့ အခက်အခဲရှိတယ်။ ပြီးရင် ကျ‌နော်တို့ဘက်က လှမ်းလွှဲဖို့လည်း ဖုန်းလိုင်းက သူတို့ဘက်က မိတချက် မမိတချက်” လို့ ပြောပါတယ်။

အခု အဆက်အသွယ်ပြတ်တောက်နေတဲ့ မြိုစစ်ဘေးရှောင်တွေကတော့ သီဟိုဠ်အေးကျေးရွာက အိမ်ထောင်စု ၇၉ စု၊ လူဦးရေ ၅၃၇ ယောက်နဲ့ ကိုင်းကြီးကျေးရွာက အိမ်ထောင်စု ၁၂ စု၊ လူဦးရေ ၅၈ ယောက်ဖြစ်ပြီး စုစုပေါင်း ၅၉၅ ယောက် ဖြစ်ပါတယ်။

အဲဒီစစ်ရှောင်တွေကို UN၊ INGO နဲ့ NGO တွေအပြင် ဘယ်အဖွဲ့အစည်းကမှ လာရောက်ကူညီတာ မရှိသေးတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဇွန် ၂၀ ရက်အထိတော့ မောင်တောမြို့မှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို AA က ဆက်လက်ထိုးစစ်ဆင်နေသလို စစ်ကောင်စီတပ်ကလည်း ကြည်း၊ ရေ၊ လေ သုံးပြီး ခုခံနေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေတုန်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013