အခုတော့ မင်းအောင်လှိုင် အရူးကြီးရူးနေတဲ့ သမ္မတရာထူးကို ကိုယ့်ဘာသာ အပ်နှင်းခြင်းနည်းနဲ့ အောင်မြင်စွာ ဆွတ်ခူးလိုက်နိုင်ပြီဖြစ်တယ်။
မင်းအောင်လှိုင်ခန့် ယာယီသမ္မတမြင့်ဆွေ ကျန်းမာရေးမကောင်းလို့ ဆေးခွင့်ယူထားပြီး ယာယီသမ္မတတာဝန် လစ်ဟင်းနေစဉ်ကာလမှာ ယာယီသမ္မတတာဝန်တွေကို ဇူလိုင် ၂၂ ရက်ကစပြီး မင်းအောင်လှိုင်က လွှဲပြောင်းရယူလိုက်ပြီလို့ ဆိုတယ်။
မအောင်မြင်တဲ့ အာဏာသိမ်းစတင်ချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၁ ရက်အထိ တကြိမ်တခါမှ မကြားခဲ့ဘူးတဲ့ ယာယီသမ္မတရုံးကနေ ယာယီသမ္မတတာဝန် လွှဲယူဖို့ အကြောင်းကြားစာ ပေးပို့လာတယ်လို့လည်း ဆိုတယ်။ အဲဒီအကြောင်းကြားစာကို ယာယီသမ္မတရုံးရဲ့ ရုံးအပေါက်စောင့်က အမြင်မတော်လို့ ပေးပို့ခဲ့တာလား၊ ဘယ်သူက ပေးပို့ခဲ့သလဲ ဆိုတာမျိုး မပါပါဘူး။ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ချိန် မင်းအောင်လှိုင် မြင့်ဆွေထံ အပ်နှင်းခဲ့တဲ့ ယာယီသမ္မတဆိုတဲ့ ရာထူးကို အခု ကိုယ့်ဘာသာ ပြန်အပ်နှင်းလိုက်တဲ့သဘောပါပဲ။
ယာယီသမ္မတ အလွှဲအပြောင်းကိစ္စ ထုတ်ပြန်ချက်ထဲမှာ မြင့်ဆွေအနေနဲ့ ကျန်းမာရေးကြောင့် ယာယီသမ္မတတာဝန် လစ်ဟင်းနေစဉ် ကာလအတွင်းမှာ ယာယီသမ္မတတာဝန်ကို မင်းအောင်လှိုင် လွှဲယူထားမယ်လို့ ဖော်ပြထားပေမဲ့ ဇူလိုင် ၁၈ ရက်၊ မြင့်ဆွေ ကျန်းမာရေး စစ်ကောင်စီ ထုတ်ပြန်ချက်ထဲမှာ မြင့်ဆွေရဲ့ ကျန်းမာရေးဟာ ဆိုးရွားနေပြီး ကုသမှုပေးနေပေမဲ့ တိုးတက်ကောင်းမွန်လာခြင်း မရှိဘူးလို့ ဖော်ပြထားတာကြောင့် ယာယီသမ္မတတာဝန်ကို မင်းအောင်လှိုင် အပြီးအပြတ် လွှဲယူလိုက်ခြင်းလို့ ဆိုရပါမယ်။
ဆိုတော့ မင်းအောင်လှိုင်သည် ယာယီသမ္မတ၊ မင်းအောင်လှိုင်သည် ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ် သည်လည်း မင်းအောင်လှိုင်။ ဘယ်သူမှ မပေးအပ်ထားတဲ့ နိုင်ငံတော်၏တာဝန်ကို ရာထူးမျိုးစုံယူကာ မနားမနေ အားကြိုးမာန်တက် ထမ်းရွက်နေသူ မင်းအောင်လှိုင် ဖြစ်လေတော့ မြန်မာမှာ ဘယ်သူ့မှ မပေးဘူးတဲ့ ဧရာမဘွဲ့ထူး ဆုတံဆိပ်ကြီးကို မင်းအောင်လှိုင်ကပဲ မကြာမီ ပေးအပ်လိမ့်မယ်လို့ မျှော်လင့်ရပြန်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူတွေ ဘာပဲပြောပြော မင်းအောင်လှိုင် ယာယီသမ္မတကြီးအဖြစ်ကနေ တပြားမှ လျှော့တော့မှာ မဟုတ်ဘူး။ အခြေခံဥပဒေနဲ့ မညီပါဘူးလို့ ကုန်းအော်နေလို့လည်း မင်းအောင်လှိုင်ရဲ့ ဟားတိုက်ရယ်သံသာ ကြားရမှာ သေချာတယ်။
မင်းအောင်လှိုင် ယာယီသမ္မတ ဖြစ်သွားတာကြောင့် စစ်ကောင်စီ ၆ လ သက်တမ်းကုန်တော့မယ့် လာမယ့် ဇူလိုင် ၃၁ ရက်မှာ ဘာတွေထပ်ဖြစ်လာနိုင်မလဲ ဆိုတာကိုလည်း သိပ်စဉ်းစားနေစရာ မလိုပါဘူး။ အရေးပေါ်ကာလကို နောက်ထပ် ၆ လ သက်တမ်းတိုးလို့လည်း ဘာမှမထူးသလို ကြားဖြတ်အစိုးရဖွဲ့မယ်ဆိုရင်လည်း မင်းအောင်လှိုင် ဦးဆောင်တဲ့ ကြားဖြတ်အစိုးရ ဒါမှမဟုတ် မင်းအောင်လှိုင် လက်ဝေခံ ကြားဖြတ်အစိုးရသာ ဖြစ်မှာ သေချာတယ်။
စိတ်ဝင်စားစရာက အခု မင်းအောင်လှိုင် သူ့ကိုယ်သူ ယာယီသမ္မတ ခန့်လိုက်ခြင်းအပေါ် ဒီနေ့ထိတိုင် လေနဲ့ဝမ်း မကွဲသေးတဲ့ ဘေဂျင်းရဲ့ သဘောထားပါပဲ။ ဘာလို့လဲဆိုတော့ မင်းအောင်လှိုင် အာဏာစွန့်ဖို့ သမ္မတဟောင်း သိန်းစိန်ကို ဘေဂျင်းက တိုက်တွန်းခိုင်းတဲ့ သတင်း မကြာသေးခင်ကမှ ထွက်ပေါ်ခဲ့တာကြောင့်ပါပဲ။
ဘေဂျင်းရဲ့သဘောထားက မင်းအောင်လှိုင် အာဏာစွန့်၊ ကြားဖြတ်အစိုးရဖွဲ့ပြီး ရွေးကောက်ပွဲလုပ် ဆိုတဲ့လိုင်း။ ထပ်ပြောရရင် ဘေဂျင်းက မင်းအောင်လှိုင်ကို အလိုမရှိပေမဲ့ စစ်ကောင်စီကိုတော့ အလိုရှိတယ်ဆိုတဲ့ စစ်တပ်ဗဟိုပြု စဉ်းစားချက် အဟောင်း။
မင်းအောင်လှိုင်ကို အာဏာစွန့်ခိုင်းတဲ့သတင်းသာ မှန်ခဲ့ရင် မင်းအောင်လှိုင်ရဲ့ ယာယီသမ္မတ ဇာတ်ထုပ်က ဘေဂျင်းကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်လိုက်တာပါပဲ။ ဒါပေမဲ့ ဘေဂျင်းရဲ့ မြန်မာ့အရေး သဘောထားကို မင်းအောင်လှိုင် ဆန့်ကျင်တယ်ဆိုတာက အဆန်းတော့ မဟုတ်ဘူး။ အရင့်အရင်တုန်းကလည်း သူ့အာဏာကို ထိပါးလာနိုင်ခြေရှိတဲ့ စစ်ကောင်စီလည်း ရွေးကောက်ပွဲလုပ်၊ NLD ပါတီကိုလည်း ရွေးကောက်ပွဲပေးဝင်၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးကာ စားပွဲဝိုင်းမှာတွေ့၊ စတဲ့ ဘေဂျင်းရဲ့ သဘောထားကို မင်းအောင်လှိုင် ပြောင်ပြောင်တင်းတင်း လက်မခံခဲ့သလို ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ ရှမ်းမြောက်တခွင်လုံး ပြုတ်တော့မယ့်အခြေ ပေါ်လာတော့ မင်းအောင်လှိုင်ခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေကို ဘေဂျင်းလွှတ်ကာ ဒူးထောက်တောင်းပန်ခိုင်းတာမျိုးလည်း လုပ်ခဲ့တာ တွေ့ရတယ်။
အခုကတော့ ဘေဂျင်းရဲ့ စိတ်ပျက်မှုကို ပြန်ဖာထေးနိုင်အောင် ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲ ဖြစ်အောင် လုပ်ပါမယ်ဆိုတဲ့ကတိပြုမယ်လို့ ထင်တယ်။ ရွေးကောက်ပွဲမရှိဘဲ ဒီအတိုင်း သွားနေတာထက် ရွေးကောက်ပွဲရှိခြင်းက တည်ငြိမ်မှုတခုဆီ ဦးတည်နိုင်ကြောင်း မြေပြင်အခြေအနေနဲ့ ပြည်သူကို ထည့်မတွက်ထားတဲ့ ဘေဂျင်းရဲ့ လက်တွေ့မကျတဲ့ အဲဒီရှုမြင်ချက်က ရှိနေတာတော့ သေချာတယ်။
ဒါပေမဲ့ မင်းအောင်လှိုင်လုပ်မယ့် ရွေးကောက်ပွဲဆိုတာ အမေရိကန်၊ တရုတ်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက အတည်ပြုထောက်ခံထားတဲ့ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ဆန့်ကျင်ဘက်လမ်း ဖြစ်နေတာ တရုတ်ကိုယ်တိုင်လည်း ငြင်းချက်မထုတ်ရဲပါဘူး။
နောက်ဆုံး တရုတ်က တရုတ်ထုံးစံအတိုင်း မင်းအောင်လှိုင် ရွေးကောက်ပွဲကို ဇွတ်ထောက်ခံဦးတော့၊ အနည်းဆုံးအဆင့် အာဆီယံကပါ ထောက်ခံဖို့ လိုအပ်ပါမယ်။ အာဆီယံနိုင်ငံတွေထဲ တရုတ်သဘောထားကို မပယ်ရှားနိုင်တဲ့ လာအိုနဲ့ ကမ္ဘောဒီးယားတို့လို နိုင်ငံမျိုး ပါဝင်သလို မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စတဲ့နိုင်ငံတွေဟာ တရုတ်ဖိအားကြောင့် ကိုယ့်မျက်နှာကိုယ် တံတွေးနဲ့ ပြန်ထွေးတဲ့ဘဝမျိုး အရောက်မခံမှာ သိပ်သေချာပါတယ်။ ဆိုတော့ မင်းအောင်လှိုင် ရွေးကောက်ပွဲ ဆိုတာကို တရုတ်ထောက်ခံရင်တောင် အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက လိုက်လက်ခံမှာ မဟုတ်ပါဘူး။
ပြီးတော့ လက်ရှိ အရှိန်နဲ့ပြေးနေတဲ့ စစ်ရေးအခြေအနေနဲ့ အရှုံးကြီးရှုံးနေတဲ့ မင်းအောင်လှိုင် ဂီလာနတပ်ရဲ့ အခြေအနေအရ ဘယ်နေရာတွေမှာ ရွေးကောက်ပွဲ လုပ်မှာပါလဲ။ မင်းအောင်လှိုင် ခြေတော်ရင်း အခစားဝင်ချင်ကြတဲ့ အမတ်လောင်းတွေကရော ဘယ်နေရာတွေမှာ ဘယ်လိုလုံခြုံရေးအစောင့်အရှောက်တွေနဲ့ မဲဆွယ်စည်းရုံးကြမှာပါလဲ။ ပြည်သူမပါတဲ့ ရွေးကောက်ပွဲကို ဘယ်လိုပြုလုပ်ကြမှာပါလဲ။
မင်းအောင်လှိုင် ရွေးကောက်ပွဲဆိုတာ မြန်မာ့နိုင်ငံရေးထွက်ပေါက် မဟုတ်တာ ပြည်သူတိုင်းက သိပါတယ်။ အဲဒီရွေးကောက်ပွဲဟာ ယာယီသမ္မတကနေ တကယ်အတည်သမ္မတအဖြစ် သူ့ကိုယ်သူ ပြန်ခန့်ဖို့ မင်းအောင်လှိုင် စိတ်ကူးယဉ်နေတဲ့လမ်းသာ ဖြစ်ပါတယ်။
လတ်တလော မင်းအောင်လှိုင် အမှန်တကယ် တတ်နိုင်တဲ့လမ်းကတော့ ယာယီသမ္မတစာသား ရေးထိုးထားတဲ့ ခေါင်းပေါင်းကိုစွပ်ကာ နေပြည်တော်မှာ ပတ်ပြေးနေရုံသာပါပဲ။
ထွန်းလင်း