Home
ဆောင်းပါး
မြင့်ဆွေ သင်ခန်းစာ
DVB
·
July 23, 2024
Design-DVB

၂၀၂၁ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီးနောက် ကြောက်စရာကောင်းလှတဲ့ စစ်ရာဇဝတ်ကောင်တွေ စီးရီးလိုက် ထွက်ပေါ်လာခဲ့တယ်။

မြန်မာဟာ သူ့ကျွန်ဘဝ အင်္ဂလိပ်နဲ့ ဂျပန်အောက် ကျရောက်ခဲ့ဖူးတယ်။ ၁၉၆၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ အာဏာရှင်နှစ်ဆက်အောက် ငရဲမီးတောက်ခဲ့ဖူးတယ်။ မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့စဉ်က ဂျပန်တွေဟာ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ ဖက်ဆစ်ဂျပန်အဖြစ် ကမ္ဘာကျော်ခဲ့ဖူးတယ်။

အခု ၂၀၂၁ ခုနှစ်၊ မအောင်မြင်တဲ့ အာဏာသိမ်းပွဲရဲ့ လက်သည် စစ်ဗိုလ်ချုပ်တွေကတော့ အင်္ဂလိပ်၊ ဂျပန်နဲ့ အရင်စစ်အာဏာရှင်နှစ်ဆက်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ပေါင်းလိုက်ရင်တောင် ပျင်းတောင်ပျင်းသေးတယ်ဆိုတဲ့ တကယ့်ထိပ်သီး စစ်ရာဇဝတ်ကောင်တွေပဲ ဖြစ်တယ်။ ပြည်သူတွေကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ရွာတွေထဲဝင်ကာ ပြည်သူသတ်၊ ပစ္စည်းလုယက်၊ ရွာမီးရှို့။ မြန်မာမှာ ဘယ်ကာလကမှ မကြားခဲ့ဘူးတဲ့ ရက်စက်ကြမ်းကြုတ်မှု နည်းလမ်းစုံကို စစ်ကောင်စီ ဗိုလ်ချုပ်ကြီး ငယ်တွေကနေ ဟိုး…အောက်ခြေအဆင့်ထိ ထမင်းစားရေသောက်ပမာ စိတ်လိုက်မာန်ပါ လက်ရဲဇက်ရဲ ကျူးလွန်နေကြတယ်။

တချို့ကတော့ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း မရှိပေမဲ့ စစ်တပ်က အာဏာသိမ်းအောင် မြှောက်ထိုးပင့်ကော်။ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၁၄ ရက်၊ နိုင်ငံရေးပါတီ ၃၄ ပါတီက ခေါင်းဆောင်တွေ ကာချုပ်မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် အာဏာသိမ်းဖို့ရာ မြှောက်ပေးခဲ့သူတွေ၊ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုနောက်ကနေ လက်သီးလက်မောင်းတန်း လိုက်ပါမယ်ဆိုတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ….။

ပြီးတော့ အာဏာသိမ်းတာမဟုတ်၊ အာဏာထိန်းပါတယ်ဆိုတဲ့ မရယ်ရတဲ့ ပြက်လုံးကို အတည်ပြုပေးခဲ့သူ မြင့်ဆွေ။ ဒုသမ္မတအဖြစ်ကနေ မင်းအောင်လှိုင်ခန့် ယာယီသမ္မတအဖြစ် သရုပ်ဆောင်။ မင်းအောင်လှိုင်ဆီ အာဏာအပ်။ ၆ လ တကြိမ် စစ်ကောင်စီ အသက်ဆက်စေရေး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ကာ အရေးပေါ်ကာလ သက်တမ်းတိုးပေးခြင်း။

အဲဒီလို မြင့်ဆွေက အခု ကျန်းမာရေးအခြေအနေ ဆိုးရွားနေပြီဖြစ်ကြောင်းနဲ့ ကုသမှုပေးနေပေမဲ့ တိုးတက်ကောင်းမွန်လာခြင်း မရှိကြောင်း စစ်ကောင်စီက ဇူလိုင် ၁၈ ရက်မှာ ထုတ်ပြန်တယ်။

ထူးထူးခြားခြား ရုပ်သေးသမ္မတ မြင့်ဆွေရဲ့ ကျန်းမာရေးအခြေအနေကို ဘာ့ကြောင့် ထုတ်ပြန်ရတာလဲဆိုတော့ ဇူလိုင်လကုန်မှာ အရေးပေါ်ကာလ ၆ လသက်တမ်း ကုန်ဆုံးတော့မှာမို့ မြင့်ဆွေမပါဘဲ တစုံတရာ ကလီကမာ လုပ်တော့မှာဖြစ်ကြောင်း ကြိုတင်အသိပေးချက်လို့ ကောက်ယူနိုင်တယ်။

မြင့်ဆွေရဲ့ ကျန်းမာရေးသတင်း ထွက်ပေါ်လာပြီးနောက် မြင့်ဆွေရဲ့ ကျန်းမာရေး ဘာ့ကြောင့် ဆိုးရွားသွားသလဲဆိုတဲ့ နောက်ဆက်တွဲသတင်းတွေလည်း ထွက်လာတယ်။ ဝီကီကို ခေါက်ကြည့်လိုက်တော့ မြင့်ဆွေဟာ ၁၉၅၁ ခုနှစ်ဖွားပြီး အခုမှ အသက် ၇၀ ကျော်အရွယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြင့်ဆွေဟာ နေပြည်တော်မှာ နေအိမ်အကျယ်ချုပ်နဲ့နေရပြီး မင်းအောင်လှိုင်က ယာယီသမ္မတအဖြစ် ဖိအားပေးခိုင်းစေခြင်း ခံရတယ်လို့ နေပြည်တော်သတင်းရင်းမြစ်ကဆိုကြောင်း Myanmar Now က ဖော်ပြတယ်။

တရှောင်ရှောင်ဖြစ်နေတာ ကြာပြီတဲ့။ ရုပ်သေးသမ္မတ သမိုင်းတရားခံအဖြစ် ထိုးကျွေးခံရတဲ့အဖြစ်မှာ အမြဲတစေ စိတ္တဇဖြစ်ရာကနေ ကျန်းမာရေးဆိုးရွားခဲ့ခြင်းလို့ စစ်တပ်အရာရှိကြီးဟောင်းတဦးကပြောကြောင်း Myanmar Now က ဆိုတယ်။ အဲဒီစကားအရဆိုရင် မြင့်ဆွေဟာ အသက် ၇၀ ကျော်အရွယ်နဲ့ ကျန်းမာရေး ဆိုးရွားခြင်းဒဏ် ခံလိုက်ရတာဟာ မင်းအောင်လှိုင် နှိပ်စက်တာကြောင့်လို့ ဆိုရပါမယ်။

မြင့်ဆွေဟာ NLD အစိုးရလက်ထက် စစ်တပ်ကိုယ်စားလှယ်တွေရဲ့ တင်မြှောက်မှုအရ ဒုသမ္မတဖြစ်လာခဲ့ပေမဲ့ NLD အစိုးရသက်တမ်းတလျှောက် ခပ်အေးအေးပဲ နေခဲ့တာကြောင့် နောက်တဆက်အစိုးရလက်ထက်ကျရင် အေးအေးဆေးဆေး အနားယူတော့မယ်လို့ ရည်ရွယ်ခဲ့ဟန် တူတယ်။ ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းတဲ့အခါကျတော့ မင်းအောင်လှိုင်ခန့် ယာယီသမ္မတအဖြစ်နဲ့ သရုပ်ဆောင်ဖြစ်ရတော့တယ်။

မြင့်ဆွေဟာ ရုပ်သေးသမ္မတ သမိုင်းတရားခံအဖြစ် ထိုးကျွေးခံနေရတာကို သိလျက် ဘာ့ကြောင့် မငြင်းဆန်ခဲ့ပါသလဲ။ ဓားထက်တဲ့ မင်းအောင်လှိုင်ကို ကြောက်တာကြောင့်လို့ ဆိုရပါမယ်။ ယာယီသမ္မတ မလုပ်ခဲ့ရင်လည်း စစ်တပ်ခန့် ဒုသမ္မတတယောက်ကို ထောင်သွင်းအကျဉ်းချ ညှဉ်းပန်းခြင်းမျိုး မလုပ်နိုင်ပေမဲ့ ဘာ့ကြောင့် အကြောက်ကြီးနေရပါသလဲ။

စစ်ဗိုလ်ချုပ်ဘဝ တသက်တာ အာဏာနဲ့ သိုက်တူးခဲ့သမျှ စည်းစိမ်တွေ အသိမ်းခံရမှာ စိုးတာကြောင့်ပါပဲ။ ဒုတိယအာဏာရှင် သန်းရွှေလက်ထက် အာဏာနဲ့ သိုက်တူးခြင်း ယဉ်ကျေးမှုမှာ မြင့်ဆွေသည်လည်း ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့သူတဦးမို့ သားစဉ်မြေးဆက် သုံးနိုင်ဖြုန်းနိုင်တဲ့ မတရားစည်းစိမ်တွေ ရခဲ့မှာလည်း မနည်းလှ။ အဲဒီစည်းစိမ်တွေကို ကာကွယ်ဖို့ မင်းအောင်လှိုင် ခိုင်းသမျှ လုပ်ရခြင်းလို့ ကောက်ချက်ချရင် မမှားနိုင်ပါဘူး။

အရင့်အရင် သူရရွှေမန်း ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ပေါင်းကာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတခုဆီ ရောက်ဖို့ လွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်ခိုင်ဖြိုးပါတီ အကြီးအကဲ အဖြစ်ကနေ အားထုတ်ခဲ့ပြီး သန်းခေါင်ယံအာဏာသိမ်းပွဲကို မမှုခဲ့ပေမဲ့ စစ်တပ်လည်း အာဏာလည်းသိမ်းရော တုပ်တုပ်မျှ မလှုပ်ဝံ့ရုံတင်မက မင်းအောင်လှိုင် အမြင်မကြည် မဖြစ်အောင် အနေအထိုင် တတ်ရတယ်။ ဒါပေမဲ့ သူရရွှေမန်းက ပါးနပ်သူမို့ သူတည်ထောင်ခဲ့တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို သူ့အသက်အရွယ်နဲ့ ကျန်းမာရေး အကြောင်းပြချက်နဲ့ ၂၀၂၂ ခုနှစ်အတွင်း ဖျက်သိမ်းကာ မင်းအောင်လှိုင် အသုံးချခံဘဝကနေ လွတ်အောင် ရှောင်တိမ်းနိုင်ခဲ့တယ်။

သူရရွှေမန်းကရော ဘာ့ကြောင့် တုပ်တုပ်မလှုပ်ဝံ့တာလဲ။ သူသိုက်တူးခဲ့သမျှ မတရားစည်းစိမ်တွေကို မင်းအောင်လှိုင် သိမ်းသွားမှာ ကြောက်လို့ပါပဲ။ အခုဆိုရင် အရှုံးကြီးရှုံးနေတဲ့ မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို လုံးဝလက်မခံနိုင်တဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ ဗိုလ်ချုပ်ဟောင်းတွေ မနည်းလှပေမဲ့ သူတို့အားလုံး မင်းအောင်လှိုင်ကို မတွန်းလှန်ရဲရခြင်း အကြောင်းက အကျိုးစီးပွားနဲ့ ပူးချည်ခံထားရခြင်းနဲ့ မတရားစည်းစိမ်တွေ သူ့အထုပ်နဲ့သူ ရှိနေခြင်းကြောင့်ပါပဲ။

ရှစ်လေးလုံးအရေးတော်ပုံကြီး စတင်တော့ သူရဦးတင်ဦးတို့လို၊ ဦးကြည်မောင်တို့လို တပ်မှူးဟောင်းတွေက မျိုးချစ်တပ်မှူးဟောင်းတွေအဖြစ် ပြည်သူနဲ့အတူ ဘာ့ကြောင့် ရပ်တည်ရဲခဲ့ကြပါသလဲ။ အဲဒီတပ်မှူးဟောင်းတွေမှာ အာဏာနဲ့ မတရားရှာထားတဲ့ စည်းစိမ်တွေ မရှိခြင်းကလည်း အရေးကြီးအချက်တချက်အနေနဲ့ ပါဝင်မယ်လို့ ယုံကြည်တယ်။

ဘာပဲဖြစ်ဖြစ် ကြောက်တတ်ရင် မြန်မာတည်သရွေ့ အခါခါသေနေရတဲ့ သမိုင်းတရားခံ ဖြစ်သွားမယ်ဆိုတာ အခု မြင့်ဆွေက စတင်သင်ခန်းစာပေးပြီပဲ ဖြစ်တယ်။

ထွန်းလင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013