စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ရဟန်းသံဃာတော်တွေဟာ ဇူလိုင် ၂၁ ရက်မှာ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်ကာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။
ကံဆောင်ပွဲမှာ ပါဝင်ခဲ့တဲ့ ရဟန်းတပါးက “မြန်မာပြည်ကို အလုံးစုံပျက်သုဉ်းအောင် လုပ်နေတဲ့ စစ်တပ်နဲ့ စစ်တပ်နဲ့ဆက်နွှယ်သူ အားလုံးကို သပိတ်မှောက် ကံဆောင်လိုက်ကြတာပါ။ ခေတ်အဆက်ဆက်ကို ပြန်ကြည့်လေ။ စစ်တပ်ကြောင့် ပြည်သူတွေအားလုံး ဆင်းရဲဒုက္ခတွေ ပင်လယ်ဝေခဲ့ကြရတယ်။ အဲဒီတော့ ဦးဇင်းတို့ရဲ့ ပစ္စည်းလေးပါးဒကာတွေဖြစ်တဲ့ ပြည်သူတွေကို ဒုက္ခတွေပေးခဲ့တဲ့ စစ်တပ်ကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်တာပါ” လို့ မိန့်ပါတယ်။
ရဟန်းသံဃာတော်တွေဟာ ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်ပြီး စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ရာမှာ ပြည်သူတွေကလည်း လိုက်ပါဝန်းရံပေးခဲ့ကြသလို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလည်း လုံခြုံရေးတာဝန်ကို ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကံဆောင်ကြတဲ့ ဦးပဥ္စင်းတွေနဲ့ ဝန်းရံကြတဲ့ ပြည်သူ ၃၀၀ နီးပါးအတွက် လုံခြုံရေးတာဝန် ဆောင်ရွက်ပေးခဲ့တာပါ။ အားလုံးပဲ အဆင်ပြေပြေနဲ့ အောင်မြင်ပြီးဆုံးသွားပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ပျံတော်မူသွားပြီးတဲ့နောက် ဇွန် ၂၃ ရက်က ချောင်းဦးမြို့နယ်က သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်မှု စတင်ခဲ့ပါတယ်။
ဒိနောက် ဒီပဲယင်း၊ တန့်ဆည်၊ ဆားလင်းကြီး၊ စစ်ကိုင်း၊ မြိုင်၊ မုံရွာ၊ ပခုက္ကူ၊ ဝက်လက်၊ ဘုတလင်၊ အရာတော်၊ မြင်းမူ၊ ထားဝယ်၊ ပေါက်၊ ရေဦး၊ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ကနီ၊ သရက်ချောင်း၊ မန္တလေးနဲ့ မြောင်မြို့နယ်တွေက ရဟန်းသံဃာတော်တွေဟာ စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်ခဲ့ကြတာ မြို့နယ်ပေါင်း ၂၂ မြို့နယ်အထိ ရှိလာပြီလည်း ဖြစ်ပါတယ်။