Home
မြန်မာသတင်း
စစ်ခေါင်းဆောင်က ယာယီသမ္မတတာဝန်ယူသည့်အပေါ်  နိုင်ငံရေးအသိုင်းအဝိုင်းကဝေဖန်
DVB
·
July 23, 2024

စစ်ကောင်စီရဲ့ အာဏာသိမ်းကာလ သက်တမ်းထပ်မံတိုးယူဖို့အတွက် ယာယီသမ္မတနေရာမှာ စစ်ခေါင်းဆောင်ကထပ်ယူလိုက်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို  လိုသလို အဓိပ္ပါယ်ဖွင့်ပြီး လက်တလုံးကြားဆောင်ရွက်နေတာလို့ နိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်ပါတယ်။

ကျန်းမာရေးမကောင်းတော့လို့ ဒီလကုန်အထိခွင့်ယူထားတဲ့ ယာယီသမ္မတဦးမြင့်ဆွေက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကိစ္စတွေကို လိုသလိုဆောင်ရွက်ဖို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ယာယီသမ္မတတာဝန် လစ်ဟင်းနေစဉ် ကာလအထိ တာဝန်ယူဖို့လွှဲအပ်လိုက်တယ်လို့  စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။

ယာယီသမ္မတမရှိချိန်မှာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့တာဝန်တွေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၁ အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို လွှဲပြောင်းပေးရမှာဖြစ်ပေမဲ့ ကာကွယ်ရေးဦးစီးချုပ်ကို လွှဲပြောင်းပေးလိုက်တာဟာ အာဏာသိမ်း စစ်ခေါင်းဆောင်က ဘယ်သူ့ကိုမှယုံကြည်မှု ရှိမနေဘူးဆိုတာကို ပြသလိုက်တာလို့လည်း နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

ဒီလအကုန်မှာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးကျင်းပနိုင်မှ အာဏာသိမ်းစစ်တပ်က နောက်ထပ်တကြိမ်အာဏာသက်တမ်းထပ်တိုးနိုင်တာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို လိုသလိုအဓိပ္ပါယ်ဖွင့်နေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရှိန်းထွန်းက သုံးသပ် ပြောပါတယ်။

ဒီဇူလိုင်လအကုန်မှာ အာဏာသိမ်းသက်တမ်း ကုန်တော့မှာဖြစ်တာကြောင့် ကာလုံ အစည်းအဝေးမဖြစ်မနေကျင်းပနိုင်ရေးဟာ အာဏာသိမ်းစစ်တပ်အတွက် အရေးတကြီး ဆောင်ရွက်ရမယ့်ကိစ္စဖြစ်လို့ အဲဒီအစည်းအဝေးကနေတဆင့် ၂၀၂၅ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အာဏာသိမ်းကာလကို ထပ်မံတိုးယူမှာ ဖြစ်တယ်လို့ ကျားဖြူပါတီ ခေါင်းဆောင် ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တာဝန်၊ စစ်ကောင်စီဥက္ကဋ္ဌ တာဝန်နဲ့  ဝန်ကြီးချုပ်တာဝန်တွေကို ပြည်သူ့သဘောဆန္ဒမပါဘဲ  ကိုယ့်ကိုယ့်ကိုယ်ခန့်အပ်ထားသလို အခုတခါ ယာယီ သမ္မတ တာဝန်ပါ ထပ်ယူလိုက်တာဖြစ်ပါတယ်။ 

ယာယီသမ္မတရဲ့လုပ်ပိုင်ခွင့်အာဏာတွေကို အာဏာသိမ်းစစ်ခေါင်းဆောင်က ထပ်မံ သိမ်းပိုက်လိုက်တာကြောင့် အာဏာသိမ်းစစ်ကောင်စီ အသိုက်အဝန်းကြားမှာလည်း အခုလိုလုပ်ရပ်တွေအပေါ်မှာ ကျေနပ်မှုရှိမှာမဟုတ်တာကြောင့် စစ်ခေါင်းဆောင်ရဲ့လုပ်ရပ်တွေကို ပုန်ကန်ဖို့အချိန်ကြပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

နိုင်ငံတော်သမ္မတကို ဖမ်းဆီးပြီးနိုင်ငံတော်အာဏာကို စစ်တပ်က အဓမ္မသိမ်းယူခဲ့ကတည်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပျက်စီးသွားခဲ့ပြီးဖြစ်တာကြောင့် အဲဒီနောက်ပိုင်းကစလို့ အာဏာသိမ်းစစ်တပ်က လုပ်ဆောင်ခဲ့တာတွေအားလုံးဟာ တရားဝင်မှုမရှိဘူးလို့ ဥပဒေ ပညာရှင်တွေနဲ့  နိုင်ငံရေးအသိုင်းအဝိုင်းကပြောဆိုထားပါတယ်။ 

အောင်သူ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013