Home
နိုင်ငံတကာ
နိုင်ဂျီးရီးယား အကြီးဆုံးရေနံချက်စက်ရုံက တရက် ရေနံစိမ်းစည် ၅ သိန်းခွဲ ချက်လုပ်မည်
DVB
·
July 23, 2024
Photo -REUTERS

နိုင်ဂျီးရီးယားနိုင်ငံထဲက ဒန်ဂိုထေရေနံသန့်စင်စက်ရုံဟာ အခုနှစ်ထဲမှာ ထုတ်လုပ်နိုင်စွမ်းရဲ့ ၈၅ ရာခိုင်နှုန်းနဲ့ညီမျှတဲ့ တရက်ကို ရေနံစိမ်းစည်ပေါင်း ၅၅၀,၀၀၀ ထုတ်လုပ်နိုင်မှာ ဖြစ်ပေမဲ့ ပြည်တွင်းဝယ်လိုအားကို ထောက်ပံ့ဖို့ မလုံလောက်လို့ ရေနံစိမ်းကို ပိုတိုးပြီး တင်သွင်းရမယ်လို့ စက်ရုံရဲ့ အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။

နှစ်ပေါင်းများစွာ နှောင့်နှေးခဲ့ရပြီးတဲ့နောက် ဒန်ဂိုထေ ရေနံချက်စက်ရုံဟာ ဇန်နဝါရီလမှာ ရေနံတွေ စတင်ထုတ်လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ကုမ္ပဏီကထုတ်တဲ့ ဓာတ်ဆီထဲမှာ ဆာလဖာ ပါဝင်မှုဟာ ကန့်သတ်ချက် ၂၀၀ ppm ထက် ကျော်လွန်နေလို့ နိုင်ဂျီးရီးယား အထက်ပိုင်း ထိန်းညှိရေးဌာနနဲ့ သဘောထား ကွဲလွဲနေဆဲပါ။

အခုနှစ်အစောပိုင်း ထုတ်လုပ်မှုစတင်ချိန်မှာ ဆာလဖာပါတဲ့အဆင့် ပိုမိုမြင့်မားခဲ့ပေမဲ့ ထုတ်လုပ်မှုတိုးလာလို့ သြဂုတ်လအစောပိုင်းမှာ ၁၀ ppm ထိ ထပ်ကျဆင်းသွားမယ်လို့ ရေနံချက်လုပ်ငန်းရဲ့ ပိုင်ရှင် ဘီလီယံနာသူဌေး အာလီကို ဒန်ဂိုထေက စနေနေ့မှာ ပြောပါတယ်။

သူဟာ နိုင်ဂျီးရီးယားနိုင်ငံဆီ ညစ်ညမ်းတဲ့လောင်စာတွေ တင်သွင်းတာနဲ့ပတ်သက်ပြီး အချိန်အတော်ကြာ စောဒကတက်ခဲ့ပါတယ်။

အာဖရိကမှာ အကြီးဆုံးဖြစ်ပြီး တရက်ကို ရေနံစိမ်းစည်ပေါင်း ၆ သိန်းခွဲ ထုတ်နိုင်စွမ်းရှိတဲ့ ရေနံချက်စက်ရုံဟာ အခုနှစ်အစောပိုင်း စတင်လည်ပတ်ချိန်ကစပြီး နိုင်ငံပိုင်ရေနံကုမ္ပဏီ NNPC ဆီကနေ မျှော်လင့်ထားတဲ့ ရေနံတင်သင်္ဘော ၁၅ စီးစာ ရေနံစိမ်းတွေအစား သင်္ဘော ၅ စင်းသာ လက်ခံရရှိခဲ့တာပါ။

NNPC ဟာ အရင်က ရေနံချက်စက်ရုံဆီ နေ့စဉ် ရေနံစိမ်းစည် ၃ သိန်း ထောက်ပံ့ပေးဖို့ သဘောတူခဲ့ပေမဲ့ ထုတ်လုပ်နိုင်စွမ်းနည်းလို့ ရုန်းကန်နေရပြီး ရေနံစိမ်းတွေအစား ဓာတ်ဆီတွေကို လဲလှယ်တင်သွင်းနေရပါတယ်။

လာဂို့စ်မြို့ ဆင်ခြေဖုံးမှာ တည်ဆောက်ထားတဲ့ ဒေါ်လာ ၂၀ ဘီလီယံတန် ရေနံသန့်စင်စက်ရုံဟာ အာဖရိကမှာ အကြီးဆုံးဖြစ်ပြီး သန့်စင်မှုစွမ်းရည် မလုံလောက်လို့ နိုင်ဂျီးရီးယားရဲ့ တင်သွင်းလောင်စာတွေအပေါ် မှီခိုမှုကို အဆုံးသတ်ဖို့ ပုံစံထုတ်ထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013