မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဆင်ရွာရေတံခွန်မှာ မိန်းကလေးငယ်တဦး ရေထဲပြုတ်ကျပြီး သေဆုံးခဲ့တယ်လို့ ကူညီပေးတဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။
ပေါင်မြို့နယ်၊ ဆင်ရွာရေတံခွန်မှာ ဇူလိုင် ၂၁ ရက် မွန်းလွဲ ၂ နာရီလောက်က အသက် ၁၅ နှစ်အရွယ် မမိုးစနေနဲ့ သူ့သူငယ်ချင်းဟာ ကျောက်တုံးပေါ်မှာ ဓာတ်ပုံရိုက်နေချိန် ခြေချော်ပြီး ရေထဲပြုတ်ကျသွားခဲ့ပါတယ်။
ရေထဲပြုတ်ကျသွားတဲ့ မမိုးစနေနဲ့ သူငယ်ချင်းဖြစ်သူတို့မှာ သူငယ်ချင်းဖြစ်သူက ရေစီးကြောင်းနဲ့ အောက်ကိုမျောပါပြီး အသက်ရှင်ခဲ့ပေမဲ့ မမိုးစနေက ရေစီးသန်နေတဲ့ ကျောက်ကြားမှာ ညပ်ပြီး သေဆုံးခဲ့ပါတယ်။
ကူညီကယ်ဆယ်ပေးခဲ့သူတဦးက “ကျနော်တို့ကို ဆင်ရွာရေတံခွန်မှာ လူညပ်နေလို့ ခေါ်လို့ သွားတာ။ ဖြစ်စဉ်အတိအကျ မသိပေမဲ့ ကျနော်တို့သွားတော့ မိန်းကလေးတဦးက ရေစီးသန်နေတဲ့နေရာမှာ ရေအားနဲ့ညပ်နေတာ။ ကျနော်တို့ရောက်သွားတော့ မိန်းကလေးက လက်လေးပဲပေါ်တော့တယ်။ ကျနော်တို့ကြားတာကတော့ ကျောက်တုံးပေါ်မှာ ဓာတ်ပုံတက်ရိုက်ပြီး ချော်ကျသွားတာ” လို့ ပြောပါတယ်။
ရေထဲပြုတ်ကျသေဆုံးခဲ့တဲ့ မမိုးစနေရဲ့ အလောင်းကို ရေစီးသန်နေတာကြောင့်နဲ့ မိုးချုပ်သွားတဲ့အတွက် ဇူလိုင် ၂၂ ရက်မှသာ ဆယ်ထုတ်နိုင်ခဲ့တယ်လို့ ပရဟိသမားတွေထံကနေ သိရပါတယ်။
ရေထဲပြုတ်ကျသေဆုံးခဲ့တဲ့ မမိုးစနေဟာ မုဒုံမြို့နယ်၊ ညောင်ကိုင်းကျေးရွာ၊ ကော့ခလယ်အရပ်မှာ နေထိုင်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သေဆုံးသွားတဲ့ မမိုးစနေရဲ့ ရုပ်အလောင်းကို လူမှုကူညီရေးအဖွဲ့တွေက မုတ္တမပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
ပေါင်မြို့နယ်မှာရှိတဲ့ ဆင်ရွာရေတံခွန်ဟာ မိုးတွင်းကာလမှာ နှစ်စဉ် လာရောက်လည်ပတ်သူ များပြားသလို နှစ်တိုင်းလည်း လူသေဆုံးမှုတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။