Home
မြန်မာသတင်း
စဉ့်ကူးတိုက်ပွဲ၌ ဖမ်းမိသည့် ဒုဗိုလ်မှူးကြီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လူ့ဂုဏ်သိက္ခာနှင့် အညီ ထိန်းသိမ်းထား
DVB
·
July 22, 2024

မန္တလေးတိုင်း၊ စဉ့်ကူးမြို့သိမ်းတိုက်ပွဲကနေ ဇူလိုင် ၁၇ ရက်မှာ စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီး အပါအဝင် ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်တွေကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မိုးကုတ်ဗျူဟာ အမှတ် ၁၂၂၂ တပ်ရင်းကနေ သိရပါတယ်။

မိုးကုတ်ဗျူဟာ အမှတ် ၁၂၂၂ တပ်ရင်း တာဝန်ခံတဦးက “စဉ့်ကူးမြို့သိမ်းတိုက်ပွဲကနေ စစ်ကောင်စီတပ်ဘက်က ဒုဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၄ ဦး၊ ဗိုလ် ၁ ဦး၊ တပ်ကြပ် ၄ ဦး၊ ဒုတပ်ကြပ် ၄ ဦး၊ တပ်ကြပ် ၂ ဦး၊ တပ်သား ၉ ဦးနဲ့ စခန်းမှူး ၂ ဦး (လက်ပံလှရဲစခန်း) အပါအဝင် ပျူစောထီးအများအပြားကို ဖမ်းဆီးရမိခဲ့တယ်” လို့ DVB ကို ပြောပါတယ်။

ဖမ်းဆီးရမိသူတွေထဲမှာ စစ်ကောင်စီ ခမရ ၇၀၃ ရဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်မင်းကို၊ စဉ့်ကူးမြို့နယ် စီမံကောင်စီအဖွဲ့ဝင် ဗိုလ်မှူး အောင်ကျော်ဇင်၊ ခမရ ၇၀၈ က တပ်စုမှူး ဗိုလ်ကြီး ထက်ကျော်၊ ခမရ ၇၀၈ က ဗိုလ်ကြီး ဌေးလင်းကျော်၊ ခလရ ၉၃ က ဗိုလ်ကြီး အေးကို၊ ခမရ ၇၀၈ က တပ်စုမှူး ဗိုလ်ကြီး ထွန်းနိုင်၊ စဉ့်ကူးမြို့နယ်ရဲတပ်ဖွဲ့က ရဲမှူး ကျော်မြင့်ဦး၊ လက်ပန်လှနယ်မြေရဲစခန်းက ဒုရဲမှူး ရွှေသိမ်းမောင် တို့ကို ဖမ်းဆီးရရှိခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူလူထုကို အဓမ္မဖမ်းဆီး၊ အနိုင်ကျင့်၊ လုယက်၊ သတ်ဖြတ်၊ ငွေညှစ်ခဲ့ကြတဲ့ ရေတော်ကျေးရွာ ပျူစောထီးခေါင်းဆောင် မောင်နိုင်၊ ဒိုးပင်ကုန်းနဲ့ ဇီးပင်ကုန်း ကျေးရွာတွေက ပျူစောထီးခေါင်းဆောင် ထွန်းလင်းနဲ့ လက်နက်ကိုင်ပျူစောထီး အများအပြားကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အမှတ် ၁၂၂၂ တပ်ရင်း ပြောရေးဆိုခွင့်ရှိသူတဦးက “ဖမ်းဆီးရရှိထားတဲ့ စစ်သုံ့ပန်းအရာရှိတွေက တနိုင်ငံလုံးမှာရှိကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သည်တွေကို အမြန်ဆုံး လက်နက်ချ အလင်းဝင်ပြီး ပြည်သူနဲ့ပူပေါင်းကြဖို့ ပြောတယ်။ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ စဉ့်ကူးမြို့နယ်တခုလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဘက်က အရာရှိကြီးတွေ အပါအဝင် စစ်သုံ့ပန်း ၁၁၃ ဦးကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေအရ လူ့ဂုဏ်သိက္ခာနဲ့အညီပဲ ထိန်းသိမ်းထားတယ်” လို့ ပြောပါတယ်။

အဆိုပါစစ်သုံ့ပန်းတွေကို ဇူလိုင် ၁၉ ရက်မှာ မိုးကုတ်ဗျူဟာ အမှတ်-၁၂၂၂ တပ်ရင်းကနေ MDY PDF ဆီကို လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013