တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်တွေ နယ်စပ်ဂိတ်ကိုဖြတ်ပြီး အိန္ဒိယနိုင်ငံဘက် လာရောက်ခို လှုံတာကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ဇူလိုင် ၂၄ ရက်မှာ ပြုလုပ်တဲ့ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံဆွေးနွေးပွဲမှာ အိန္ဒိယဘက်က ပြောဆိုခဲ့တယ်လို့ စစ်ဘက်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
နေပြည်တော်မှာ မနေ့က တမူး-မိုးရေး နယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur နဲ့ လဝကဝန်ကြီး ဦးမြင့်ကြိုင်တို့ ဆွေးနွေးခဲ့ရာ အိန္ဒိယဘက်က အခုလို ပြောဆိုခဲ့တာပါ။
"နှစ်နိုင်ငံဝင်ထွက်ခွင့်တွေ ဗီဇာကိစွတွေ၊ တရားမဝင်ဝင်ရောက်တာတွေ၊ ကုန်စည်ပို့ဆောင်ရေး ကိစွတွေဆွေးနွေးတယ်။ အိန္ဒိယဘက်က တိုက်ပွဲတွေ ဖြစ်လာရင် စစ်တပ်ကလူတွေ နယ်စပ်ဂိတ်ကိုဖြတ်ပြီး ခိုလှုံတာမလုပ်ဖို့ပြောတယ်" လို့ လဝက အကြီးတန်းအရာရှိနဲ့ နီးစပ်သူက ပြောပါတယ်။
ဒီလိုပြောဆိုရတာဟာ ၂၀၂၁ နဲ့၂၀၂၂ ခုနှစ်အတွင်းက ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ နယ်စပ်ဂိတ်ကိုဖြတ်ကာ အိန္ဒိယဘက်ကို ထွက်ပြေးခဲ့တာကြောင့်ဖြစ်တယ်လို့ သူကရှင်းပြပါတယ်။
လဝကဝန်ကြီးဌာနဘက်က နှစ်နိုင်ငံပြည်သူတွေ အပြန်အလှန် ဝင်/ထွက်သွားလာနိုင်ရေးအတွက် ပြည်ဝင်ဗီဇာနဲ့ နေခွင့်ဆိုင်ရာ ခွင့်ပြုဆောင်ရွက်ပေးမှုအခြေအနေတွေ၊ နှစ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်လှစ်နိုင်ရေးအခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
တမူး-မိုးရေး နယ်စပ်ဂိတ်ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း တမူးမြို့နဲ့ အိန္ဒိယဘက်က မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့ ကြားမှာ တည်ရှိပါတယ်။