အိန္ဒိယနိုင်ငံ၊ တြိပူရပြည်နယ်ထဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာအမျိုးသမီးတဦးကို အာမခံ ပေးခဲ့တဲ့ အမျိုးသားက အဓမ္မပြုကျင့်ခဲ့တဲ့အကြောင်း The Hindu သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အသက် ၁၉ နှစ်အရွယ် အဆိုပါ အမျိုးသမီးဟာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ တြိပူရရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး သူ့ကို အာမခံပေးတဲ့ အမျိုးသားက အဂါတလာမြို့က ဟိုတယ်တခုမှာ အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
သူဟာ ရဲစခန်းကို တိုင်ကြားမှု မလုပ်ခင် ဆေးရုံမှာ စစ်ဆေးခဲ့ရာမှာတော့ ကိုယ်ဝန် သီတင်း ၆ ပတ်လောက် ရှိနေပြီဖြစ်ပြီး အိန္ဒိယကို လာခဲ့တာဟာ သူ့ရဲ့ ဆွေမျိုးတဦးနဲ့ လက်ထပ်ဖို့ ဖြစ်တယ်လို့ ရဲတွေကို ထွက်ဆိုထားတာပါ။
ဒါပေမဲ့လည်း တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ရဲတွေက ဖမ်းဆီးခံခဲ့ရပြီး ထောင်ထဲမှာ ၃ လလောက် ကျခံခဲ့ရချိန်မှာ အသက် ၄၆ နှစ်အရွယ် ရှိုနာမီယာအမည်ရတဲ့ အမျိုးသားက သူ့ကို ချဉ်းကပ်ပြီး အာမခံရစေဖို့ ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
စွပ်စွဲခံရတဲ့ အဆိုပါ အမျိုးဟားဟာ ဒေလီမြို့မှာ အခြေချနေထိုင်တဲ့ တရားမဝင် ရွှေ့ ပြောင်းနေထိုင်သူဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သူတွေကို ကူညီဖို့ NGO တခု လုပ်ဆောင် ထားတဲ့အကြောင်း တိုင်ကြားချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အဲဒီအမျိုးသားဟာ ရဲစခန်းကနေ အာမခံနဲ့ လွတ်မြောက်ဖို့အတွက် အဆိုပါ အမျိုးသမီးရဲ့ ဆွေမျိုးတွေဆီကနေ အိန္ဒိယ ရူပီးငွေ ၃ သိန်းယူသွားခဲ့တယ်လို့လည်း ဆိုပါတယ်။
အာမခံရရှိပြီး မကြာခင်မှာပဲ စွပ်စွဲခံရတဲ့ အမျိုးသား ရှိုနာမီယာက သူ့ကို ဟိုတယ်တခုဆီ ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့ပြီး နောက်ပိုင်းမှာလည်း ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ခြိမ်းခြောက်ကာ ဒေလီမြို့ဆီ ခေါ်ဆောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကို တိုင်ကြားထားပါတယ်။
အဲဒီနောက် ဒေလီကို ရောက်ရှိပြီးနောက်မှာလည်း သူဟာ ထပ်မံပြီးတော့ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ ထွက်ဆိုထားပြီး ကျူးလွန်ခံရတဲ့ အမျိုးသမီးက ဒီအဖြစ်အပျက်ကို သူ့ရဲ့ စေ့စပ်ထားတဲ့ ခင်ပွန်းနဲ့ မိသားစုကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါအဖြစ်အပျက်ကို Swaraj India လူမှုရေးတက်ကြွလှုပ်ရှားသူတွေဆီ အ ကြောင်းကြားခဲ့သလို လတ်တလောမှာတော့ ရဲတပ်ဖွဲ့က မုဒိမ်းမှုနဲ့ ရာဇ၀တ်မှုဆိုင်ရာ ခြိမ်းခြောက်မှုတွေနဲ့ အမှုဖွင့်ထားကာ အမှုကို တြိပူရရဲစခန်းဆီ လွှဲပြောင်းပေးဖို့ စီစဉ်နေ တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source: The Hindu