Home
မြန်မာသတင်း
မြန်မာ စစ်လက်နက်ဝယ်ယူမှုနှင့်ဆက်နွှယ်သည့် ငွေကြေးလွှဲပြောင်းမှုတားဆီးရန် ထိုင်းအထူးအဖွဲ့ ဖွဲ့စည်း
DVB
·
July 25, 2024
Photo Crd-DSINFO

မြန်မာစစ်တပ်ရဲ့ လက်နက်ဝယ်ယူမှုတွေနဲ့ ပတ်သက်တဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို တား ဆီးဖို့အတွက် အထူးလုပ်ငန်းအဖွဲ့တဖွဲ့ဖွဲ့ပြီးတော့ စုံစမ်းစစ်ဆေးသွားမယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

မြန်မာစစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ လက်နက်နဲ့ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းဝယ်ယူရာမှာ ထိုင်းဘဏ်တွေပါဝင်ပတ်သက်နေတယ်လို့  မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ရဲ့ ပြီးခဲ့တဲ့ လက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တဲ့နောက် ထိုင်းအစိုးရက ထိုင်းဘဏ်တာ ဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တာပါ။

အဆိုပါတွေ့ဆုံရာမှာတော့ လက်နက်ဝယ်ယူမှု၊ စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုတွေနဲ့ မြန်မာစစ်အုပ်စုတို့ကြား ဆက်စပ်နေတဲ့ အရောင်းအဝယ်ကိစ္စတွေကို စုံစမ်းစစ်ဆေးရာမှာ တိုးတက်မှုတွေကို ဆွေးနွေးခဲ့တဲ့အကြောင်း ဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက် ညနေပိုင်း မှာ ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်မှာ ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံးတို့က အဆိုပါငွေ ကြေးလွှဲပြောင်းမှုတွေနဲ့ အရောင်းအဝယ်ကိစ္စတွေကို စုံစမ်းစစ်ဆေးဖို့နဲ့ ထိုင်းဘဏ္ဍာရေး အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ့်  အစီ အမံတွေကို စုံစမ်းစစ်ဆေးရေး လုပ်ငန်းအဖွဲ့တဖွဲ့ ဖွဲ့စည်းမယ်လို့ ဖော်ပြထားတာပါ။

အခုလအစောပိုင်းတုန်းကတော့ မြန်မာစစ်တပ်အတွက် လက်နက်ဝယ်ယူမှု လွယ်ကူ ချောမွေ့အောင် လုပ်ပေးနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို   ထိုင်းနိုင်ငံရဲ့ အဓိက ဘဏ်ကြီး တွေက ငြင်းဆိုလိုက်ပြီး ဒီအတွက် အသုံးပြုနိုင်တဲ့ ငွေလွှဲပြောင်းမှုတွေ အားလုံးကို စုံစမ်းစစ်ဆေးနိုင်စွမ်း မရှိဘူးလို့လည်း  ပြောထားပါတယ်။

ဒါပေမဲ့ သူတို့ဟာ စည်းမျဉ်းစည်းကမ်းတွေကို တင်းတင်းကျပ်ကျပ် လိုက်နာကြောင်း ဘဏ်ကိုယ်စားလှယ်တွေက ထိုင်းလွှတ်တော်ကော်မတီကို ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ရဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာအရပ်သားပြည်သူတွေကို တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ လက်နက်ဝယ်ယူရေးမှာ ထိုင်းဘဏ် ၅ ခုကနေတဆင့် ငွေလွှဲငွေထုတ် ပြုလုပ်မှုတချို့ ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာစစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှာ အသုံးပြုနေတဲ့ ရဟတ်ယာဉ်နဲ့ လေယာဉ်အပိုပစ္စည်းတွေကနေ ရေဒီယိုဆက်သွယ်ရေး ပစ္စည်းတွေနဲ့ ITပစ္စည်းတွေ၊ ဆေးဝါးနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ၊ ချောဆီနဲ့ လောင်စာဆီအဆုံး စတဲ့ ပစ္စည်းမျိုးစုံကို ထိုင်းနိုင်ငံအခြေစိုက် ကုမ္ပဏီတွေကနေ တင်သွင်းခဲ့တာလို့ ဆိုထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ကတော့ မြန်မာစစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်းဝယ်ယူမှုမှာ ပါဝင်နေတဲ့ကုမ္ပဏီတွေရဲ့ ငွေလွှဲငွေထုတ်ပြုလုပ်မှုတချို့ကို ထိုင်းဘဏ်တွေက သတိထားမိခဲ့တယ်ဆိုတဲ့ သက်သေ အထောက်အထား ကုလသမဂ္ဂရဲ့ အစီရင်ခံစာထဲမှာ မပါရှိကြောင်း ပြန်လည် ပြောကြားထားပါတယ်။

Source: Bangkok Post

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013