မြန်မာစစ်ကောင်စီရဲ့ လက်နက်ဝယ်ယူမှုနဲ့ ဆက်စပ်တဲ့ ငွေလွှဲ ငွေထုတ်တာတွေကို စစ်ဆေးမှု တိုးမြင့် ဆောင်ရွက်ဖို့ ထိုင်းအစိုးရနဲ့ ထိုင်းဘဏ်လုပ်ငန်းရှင်တွေ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။
မြန်မာစစ်ကောင်စီအတွက် လက်နက်ဝယ်ယူရေးမှာ အသုံးပြုတဲ့ ငွေလွှဲငွေထုတ်လုပ်ငန်းတွေကို စစ်ဆေးမှု တိုးမြင့် သွားရေးနဲ့ပတ်သက်ပြီး ထိုင်းအစိုးရနဲ့ ဘဏ်လုပ်ငန်းရှင်တွေ တွေ့ဆုံဆွေးနွေးသွားဖို့ စီစဉ်ထားကြောင်း ထိုင်းနိုင်င်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ်ပေါင်ဆာက ဇူလိုင် ၁၈ ရက် လွှတ်တော်မှာ ပြောကြားခဲ့တာပါ။
ထိုင်းဘဏ် ကိုယ်စားလှယ်တွေကတော့ သူတို့အနေနဲ့ ဘဏ်စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်ခဲ့ပေမဲ့ လက်နက်ဝယ်ယူရာမှာ အသုံးပြုခဲ့တယ်လို့ စွပ်စွဲထားတဲ့ ငွေသွင်းငွေထုတ်လုပ်ငန်းစဉ် အားလုံးကိုတော့ စုံစမ်း စစ်ဆေးနိုင်စွမ်း မရှိကြောင်း အောက်လွှတ်တော်ကော်မတီကို ပြီးခဲ့တဲ့သီတင်းပတ်က ပြောကြားခဲ့ပါတယ်။
ထိုင်းငွေထုတ်ချေး သူတွေကနေတဆင့် မြန်မာစစ်ကောင်စီရဲ့ လက်နက်ဝယ်ယူမှုဟာ ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ သန်း ၆၀ ရှိခဲ့ရာကနေ ၂၀၂၃ ခုနှစ်မှာ ဒေါ်လာ သန်း ၁၂၀ အထိ နှစ်ဆမြင့်တက်ခဲ့တယ်လို့ ဖော်ပြခဲ့တဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာအပေါ် ထိုင်းဘဏ်ကိုယ်စားလှယ်တွေက တုံ့ပြန် ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ရဲ့ အစီရင်ခံထဲမှာတော့ မြန်မာအရပ်သားပြည်သူတွေကို တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ လက်နက်ဝယ်ယူရေးမှာ ထိုင်းဘဏ် ၅ ခုကနေတဆင့် ငွေလွှဲငွေထုတ် ပြုလုပ်မှုတချို့ ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာစစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှာ အသုံးပြုနေတဲ့ ရဟတ်ယာဉ်နဲ့ လေယာဉ် အပိုပစ္စည်းတွေကနေ ရေဒီယိုဆက်သွယ်ရေး ပစ္စည်းတွေနဲ့ ITပစ္စည်းတွေ၊ ဆေးဝါးနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ၊ ချောဆီနဲ့ လောင်စာဆီအဆုံး စတဲ့ပစ္စည်းမျိုးစုံကို ထိုင်းနိုင်ငံအခြေစိုက် ကုမ္ပဏီတွေကနေ တင်သွင်းခဲ့တာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မားရစ်ကတော့ မြန်မာစစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်းဝယ်ယူမှုမှာ ပါဝင်နေတဲ့ကုမ္ပဏီတွေရဲ့ ငွေလွှဲငွေထုတ်ပြုလုပ်မှုတချို့ကို ထိုင်းဘဏ်တွေက သတိထားမိခဲ့တယ်ဆိုတဲ့ သက်သေ အထောက်အထား ကုလသမဂ္ဂရဲ့ အစီရင်ခံစာထဲမှာ မပါရှိကြောင်း ပြန်လည် ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ငွေသွင်းငွေထုတ်ကိစ္စရပ်နဲ့ပတ်သက်ပြီး အခု ဇူလိုင် ၂၄ ရက်နေ့မှာ ထိုင်းဘဏ် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးသွားဖို့ စီစဉ်ထားကာ ဘဏ်တွေအနေနဲ့ သူတို့ရဲ့ ငွေလွှဲငွေထုတ်လုပ်ငန်းစဉ်တွေကို စည်းမျဉ်းစည်းကမ်းအတိုင်း တိတိကျကျ စေ့စပ်သေချာစွာ လိုက်နာသွားရေးကို အဓိကထားဆွေးနွေးသွားမယ်လို့ ပြောကြားခဲ့ ပါတယ်။
နောက်ပြီး ဒါဟာ လက်နက်ဝယ်ယူရေးနဲ့ ဆက်စပ်နေတယ်လို့ စွပ်စွဲထားတဲ့ ရန်ပုံငွေလွှဲပြောင်းမှုကိစ္စတွေကိစ္စ မေးခွန်းထုတ်ထားတဲ့ Move Forward အတိုက်အခံပါတီရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အောက်လွှတ်တော် ကော်မတီဥက္ကဋ္ဌ ရန်ဆီမန်ရုမ်းရဲ့ မေးခွန်းကို နိုင်ငံခြားရေးဝန်ကြီး မာရစ်က တုံ့ပြန် ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံအနေနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ ငွေလွှဲငွေထုတ်ပြုလုပ်မှုကို ထောက်ခံ အားမပေးကြောင်းနဲ့ နိုင်ငံတနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာ ပိတ်ဆို့ကန့်သတ်မှု ချမှတ်မှုကိုလည်း အားမပေးကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
Bank of Thailand ကတော့ မြန်မာစစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေဆိုင်ရာ အချက်အလက် database တခုကို ဖော်ဆောင်နိုင်ဖို့အတွက် ဒေသတွင်းနဲ့ နိုင်ငံတကာမှ အေဂျင်စီတွေနဲ့အတူ လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောကြားထားကြောင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: Bangkok Post