အာဏာသိမ်းစစ်ခေါင်းဆောင်က ဒီကနေ့ ဇူလိုင် ၃၁ ရက်မှာ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပြီး အရေးပေါ်ကာလကြေညာထားတာကို နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်ပါတယ်။
ယာယီသမ္မတ ဦးမြင့်ဆွေ လက်ရှိကျန်းမာရေးအခြေအနေအရ ဆေးခွင့်ယူနေလို့ ယာယီသမ္မတ နေရာရော ကာကွယ်ရေးဦးစီးချုပ်နေရာပါ ယူထားတဲ့ စစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲနဲ့ နိုင်ငံတဝန်း တည်ငြိမ်မှုလိုအပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နောက်သက်တမ်း ၆ လထပ်တိုးခဲ့တာပါ။
စစ်အာဏာသိမ်းပြီးကတည်းက ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၄၂၅ ကိုသုံးပြီး ဖွဲ့စည်းပုံအခြေဥပဒေနဲ့ အညီ သက်တမ်းတိုးလာတာ အခုတကြိမ်နဲ့ဆို ၆ ကြိမ်ရှိပါပြီ။
ဒီကနေ့ ပြုလုပ်တဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာတော့ ယာယီ သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ် နေရာယူထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အရပ်ဝတ်နဲ့ မတွေ့ရဘဲ စစ်ဝတ်စုံနဲ့သာ တွေ့ရပေမဲ့ ယာယီသမ္မတထိုင်ခုံမှာ ထိုင်ပြီး ဦးဆောင်ပြုလုပ်တာ ဖြစ်ပါတယ်။
အစည်းအဝေးကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး နဲ့ဒုဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ကတော့ အထူးဖိတ်ကြားသူတွေအဖြစ် တက်ခဲ့ပါတယ်။