Home
မြန်မာသတင်း
ကျားဖြန့်တွင် ခိုင်းစေခံရသည့် သီရိလင်္ကာနိုင်ငံသားများအား ကယ်တင်ရန် စစ်ခေါင်းဆောင်ကို တောင်းဆို
DVB
·
July 29, 2024
Photo - MOI

မြန်မာနိုင်ငံတွင်း ကျားဖြန့်အွန်လိုင်းလိမ်လည် ရာဇဝတ်ဂိုဏ်းမှာ ခိုင်းစေခံထားရတဲ့ သီရိလင်္ကာနိုင်ငံသားတွေကို ကယ်တင်ပေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန် ကာမဲလ် ဂူနာရက်တ်နေးက တိုက်တွန်းတောင်းဆိုလိုက် တဲ့အကြောင်း Daily Mirror သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ထိုင်းနိုင်ငံမှာ အိုင်တီကဏ္ဍနဲ့ သက်ဆိုင်တဲ့ အလုပ်တွေ လုပ်ကိုင်ရမယ်ဆိုကာ သီရိလင်္ကာနိုင်ငံသား ၅၆ ယောက်ကို ခေါ်ဆောင်သွားခံခဲ့ရပြီး မြန်မာနိုင်ငံဘက်က ကျားဖြန့် ဆိုက်ဘာရာဇဝတ်ဂိုဏ်းမှာ သူတို့ကို ပိတ်လှောင်ခိုင်းစေခံနေရတယ်လို့ ဆိုပါတယ်။

အခုနှစ် ဧပြီလတုန်းကတော့ အဲဒီထဲက ၈ ဦးကို ကယ်တင်နိုင်ခဲ့ပြီး နေရပ်ပြန်လည်ပို့ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဟာ ၄ ကြိမ်မြောက် ဘင်းမ်စတက်အမျိုးသား လုံခြုံရေးဆိုင်ရာအကြီးအကဲများအစည်းအဝေး ပြင်ပမှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်နဲ့  ဇူလိုင် ၂၆ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

Daily Mirror သတင်းမှာ အတွင်းဝန်က ကျားဖြန့်ဂိုဏ်းတွေမှာ ဖမ်းဆီးခံထားရတဲ့ သီရိလင်္ကာနိုင်ငံသားတွေကို ကယ်ဆယ်ရာမှာ အကူအညီပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဖော်ပြပေမဲ့ စစ်အုပ်စုအဘော်သတင်းစာတွေမှာတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဖော်ပြထားတာ မတွေ့ရပါဘူး။

ဒီတွေ့ဆုံမှုမှာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးဆိုင် ရာကိစ္စရပ်တွေ၊ ဘာသာရေးဆိုင်ရာတွေမှာ အတူတကွ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေတွေ၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား သင်တန်းသားတွေ စေလွှတ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ဘင်းမ်စတက်အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲတွေ အစည်းအဝေးကျင်းပခဲ့မှု အခြေအနေတွေ၊ နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

သီးခြားလွတ်လပ်တဲ့ သုတေသနအဖွဲ့တခုဖြစ်တဲ့ ISP Myanmar အဖွဲ့က ထုတ်ပြန်ချက်မှာတော့ ထိုင်း-မြန်မာနယ်စပ်တလျှောက် တာချီလိတ်၊ ရွှေကုက္ကိုလ်၊ မြဝတီ၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ဘုရားသုံးဆူ၊ ထီးခီး၊ ကော့သောင်း စတဲ့ မြို့တွေမှာ ကျားဖြန့်လုပ်ငန်းပေါင်း ၅၀ နီးပါး လုပ်ကိုင်နေပြီး ဒီလုပ်ငန်းတွေ မြန်မာမှာ အမြစ်ပြတ်မယ့်ပုံ မမြင်ရသေးဘူးလို့ ပြောထားပါတယ်။

ရှမ်းမြောက်ဒေသ တရုတ်နယ်စပ်ကနေ တောင်ဘက်ပိုင်း ထိုင်းနယ်စပ်အထိ ကျားဖြန့် နှိမ်နင်းမှုတွေနဲ့ဆက်စပ်ပြီး ထုတ်ပြန်တဲ့ သုတေသနအစီရင်ခံစာထဲမှာ ခုလို ဖော်ပြထားတာ ဖြစ်ပြီးတော့ မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် ပြည်ပနိုင်ငံပေါင်း ၂၅ နိုင်ငံထက်မနည်းက နိုင်ငံခြားသားတွေ ဝင်ရောက်ခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာကို ဝင်ရောက်တဲ့အခါ တိုက်ရိုက်ဖြစ်စေ၊ ထိုင်း၊ မလေးရှား၊ လာအို၊ ယူအေအီး စတဲ့ ကြားခံ Transit နိုင်ငံတွေကတဆင့် ဖြစ်စေ ဝင်ရောက်ကြတာလို့ ဆိုပါတယ်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာမှာတော့ ဒီလုပ်ငန်းတွေမှာ ဆန္ဒအလျောက်မဟုတ်ဘဲ ပါဝင်ကြရသူတွေ ရှိနေပြီး အဲဒီနစ်နာရသူတွေကို လူ့အခွင့်အရေးနဲ့အညီ ကူညီဖို့ တိုက်တွန်းထားပေမဲ့ ဘယ်သူက သားရဲ၊ ဘယ်သူက သားကောင် ဖြစ်တယ်ဆိုတာ ခွဲခြားနိုင်ဖို့ ခက်ခဲတယ်လို့လည်း ISP Myanmar အဖွဲ့က ပြောပါတယ်။

Source: Daily Mirror

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013