ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၂၂ မှာ စစ်ကောင်စီယာဥ်တစီး ဒီနေ့ ဇူလိုင် ၂၉ ရက် မနက် ၈ နာရီက မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဗိုလ်ကြီးတဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ စစ်ဘက်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
တပ်ကုန်းမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၃၂၂ မှာ ဒီကနေ့မနက် ၈ နာရီက နပခတိုင်းစစ်ဌာနချုပ်ကိုလာတဲ့ စစ်ကောင်စီယာဥ်တစီး တိုက်ခိုက်ခံရတာဖြစ်ပြီး ဗိုလ်ကြီးတဦးနဲ့ တခြားအဆင့် ၂ ဦး ဒဏ်ရာရခဲ့ပြီး ဗိုလ်ကြီးမှာ အမှတ် ၂ စစ်ဆေးရုံ အရောက်မှာ သေဆုံးသွားတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“အဲဒီနားမှာ ဟိုနေ့ကလည်းဖြစ်ပြီး လုံခြုံရေးပေါ့ဆလို့ဖြစ်တာ။ ဗိုလ်ကြီးတဦး၊ ဒုတပ်ကြပ်တဦး၊ တပ်သားတဦး ဒဏ်ရာရတယ်။ ဗိုလ်ကြီးက ဆေးရုံရောက်တော့ ဆုံးသွားတယ်၊ ကျန် ၃ ယောက်က ဆေးရုံတင်ထားတယ်။”
အဆိုပါတိုက်ခိုက်မှုပတ်သက်ပြီး ဘယ်တော်လှန်ရေးအဖွဲ့အစည်းက လုပ်တယ်ဆိုတာကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်ကလည်း မိုင်တိုင်အမှတ် ၃၂၂/၂ မှာ စစ်ကောင်စီယာဥ်တစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဗိုလ်မှူးတဦး အပါအဝင် ၃ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။