တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ မောရဝတီရေတပ်အရာရှိတွေ လိုက်ပါလာတဲ့ အိမ်စီးကားကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရေတပ်အရာရှိ အပါအဝင် ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
မောရဝတီရေတပ်ကနေ ကလိန်အောင်ဘက်ကို ထွက်လာတဲ့ အရာရှိတွေ လိုက်ပါလာတဲ့ အိမ်စီးကားကို ဇူလိုင် ၁၇ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၄၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ၁၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကားမှာလည်း လမ်းဘေးမြောင်းထဲ ထိုးကျခဲ့ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်မှုကြောင့် အိမ်စီးကားပေါ်မှာ လိုက်ပါလာတဲ့ မော်ရဝတီရေတပ်က အရာရှိတဦး၊ တပ်ကြပ်တဦး၊ စရဖတဦး၊ တပ်သားတဦးနဲ့ အမျိုးသမီးတဦးတို့ထဲက မောရဝတီရေတပ်က အရာရှိတဦးနဲ့ တပ်ကြပ်တဦးတို့ သေဆုံးခဲ့ပြီး စရဖတဦးနဲ့ တပ်သားတဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒေါနတပ်ခွဲ ၆/ဝေဟင်တပ်ဖွဲ့က ရဲဘော်ဖြူဖွေးက “မောရဝတီရေတပ်က ထွက်လာတဲ့ကားကို ကျနော်တို့ ၄၀ မမနဲ့ အရင်ပစ်တာ ကားက မြောင်းထဲကျသွားတယ်။ ပြီးတော့ သူတို့ဘက်ကနေ ကျည် ၅၀ ကျော်လောက် တရစပ်ပစ်ပြီးတော့ ဒဏ်ရာရနေရင်းတန်းလန်း အနီးနားက အိမ်ပေါ်တက်ပြီး ပုန်းတာ။ သူတို့ဘက်က အရာရှိတယောက်ရယ် တပ်ကြပ်တယောက်ရယ် ကျပြီး နောက်နှစ်ယောက်က ကျောကုန်းနဲ့ လက်မှာ ဒဏ်ရာရတယ်။ စစ်ကူကားနှစ်စီး ချက်ချင်းလိုက်တက်လာလို့ ပြန်ဆုတ်လိုက်ရတယ်” လို့ ပြောပါတယ်။
တိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေက အနီးနားတဝိုက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာနားမှာ နှစ်ရက်လောက် ကင်းပုန်းဝပ်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကို ကော်သူးလေအာမီ၊ ရွှေဘီလုံးတပ်ဖွဲ့၊ ဒေါနတပ်ခွဲ ၇(DDT) နဲ့ ဒေါနတပ်ခွဲ ၆(ဝေဟင်တပ်ဖွဲ့) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေဟာ အရပ်သားပြည်သူကားတွေကို အသုံးပြုပြီး ဟန်ဆောင်သွားလာနေတဲ့အတွက် ရေး-ထားဝယ် လမ်းမကြီးပေါ်မှာ ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း လုံးဝခရီးမသွားဖို့ ဒေါနတပ်ခွဲ ၆(ဝေဟင်တပ်ဖွဲ့)က ဇူလိုင် ၂၃ ရက်မှာ သတိပေး ထုတ်ပြန်ခဲ့ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တာကြောင့် ခရီးသွားတဲ့ ပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့သာ သွားလာကြဖို့ တိုက်တွန်းထားပါတယ်။