စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်း ကျေးစာကျရွာနဲ့ အုံတုံပင်ရွာကြားမှာ ဇူလိုင် ၂၂ ရက် မနက် ၆ နာရီခွဲလောက်က စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကာ လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ထံက သိရပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဟာ အင်အား ၁၅၀ ခန့်နဲ့ မုံရွာ-ပုသိမ် လမ်းမပေါ်ကို လုံခြုံရေးကင်းယူပြီး တပ်စွဲနေထိုင်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ADPRA တပ်ဖွဲ့ တာဝန်ရှိသူ ကိုလင်းနွေက “လက်ပံတောင်းတောင်က ဝမ်ပေါင်ကုမ္ပဏီကနေ ကြေးနီသယ်တဲ့ကားတွေကို လုံခြုံရေးယူပေးဖို့ လမ်းပိုင်းစိုးမိုးရေးယူထားတဲ့ စစ်ကြောင်းပဲ။ ဒီနေ့ ကင်းထွက်ပတ်တဲ့အချိန်ကို ကျနော်တို့ဘက်က အလစ်ဝင်ပစ်ခတ်ခဲ့တာဗျ။ စစ်တပ်ဘက်က စစ်သား ၅ ဦး သေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်ဗျ။ လက်နက်အမျိုးအစားက MA-11 အမျိုးအစား ချေမှုန်းရေးရိုင်ဖယ် ၃ လက် ဖြစ်ပါတယ်ဗျ” လို့ DVB ကို ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၅ ဦးသေဆုံးပြီး တဦး ဒဏ်ရာပြင်းထန်ရရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း ရဲဘော်တဦး ကျဆုံးခဲ့ပါတယ်။ ကျဆုံးတဲ့ရဲဘော်ဟာ ယင်းမာပင်မြို့နယ် တိုက်နယ် ၂ ပကဖ ဖြစ်တယ်လို့လည်း DVB က စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီတပ်ဘက်က လုံခြုံရေးယူနိုင်ဖို့ တပ်စွဲထားတာကြောင့် ကျေးစာကျရွာ၊ အုံတုံပင်ရွာ၊ ထန်းတောကြီးရွာနဲ့ အနီးအနားကျေးရွာက ပြည်သူတွေ နေရပ်စွန့်ခွာနေကြရတာဟာ ၃ လကျော်အထိ ရှိနေပြီလို့လည်း သိရပါတယ်။
ထန်းတောကြီးရွာ စစ်ဘေးရှောင်တဦးက “ရွာမနေရတော့ဗျာ အကုန်လုံး ဖဲရိုဖရဲဖြစ်ရတယ်။ ဒီနေ့လည်း တိုက်ပွဲဖြစ်သေးတယ်။ အနိဋ္ဌာရုံတွေလည်း မမြင်ချင်တော့ဘူး။ အထက်လူကြီးတွေအနေနဲ့ ပြည်သူမျက်နှာတွေ ကြည့်ပြီး ပူးပေါင်းညှိနှိုင်းကာ စားပွဲပေါ်မှာအ ဖြေရှာသင့်နေပြီ” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်-၃၀ - ADPRA တပ်ခွဲ ၂ (Black Shadow PDF)၊ မင်းမောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ချင်းတွင်းဂဠုန်ရာဇာတပ်ဖွဲ့၊ မဟူရာဒေါင်းမင်းတပ်ဖွဲ့၊ CDRF နဲ့ Black Eagle တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။